အီရတ်ဓာတ်အားပေးစက်ရုံ မီးလောင်မှု လူ ၄ ဦး သေဆုံးပြီး ၃၀ ဒဏ်ရာရ

အီရတ်နိုင်ငံတောင်ပိုင်း၊ ဘာစ်ရာမြို့မြောက်ဘက်ရှိ ဟာသာလျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ မီးလောင်ခဲ့တာကြောင့် နိုဝင်ဘာ ၂၁ ရက်က အနည်းဆုံး လူ ၄ ယောက် သေဆုံးပြီး အယောက် ၃၀ ဒဏ်ရာ ရရှိခဲ့သလို သေဆုံးဒဏ်ရာရသူ ထပ်တိုးလာနိုင်ဖွယ်ရှိတယ်လို့ လုံခြုံရေးတာဝန်ရှိသူတွေက ပြောပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်တွေ အခင်းဖြစ်ပွားရာကို ဝင်ရောက်ငြှိမ်းသတ်ခဲ့ပြီးနောက် အရပ်ဘက်ကာကွယ်ရေးအဖွဲ့တွေက မီးကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ အီရတ်နိုင်ငံပိုင် သတင်းအေဂျင်စီ INA က ဖော်ပြပါတယ်။
မီးဟာ အနီးအနားက လူနေအိမ်တွေဆီကိုပါ ကူးစက်လောင်ကျွမ်းခဲ့ပြီး ဓာတ်အားပေးစက်ရုံရဲ့ လုပ်ငန်း လည်ပတ်မှုတွေကို ရပ်တန့်သွားစေခဲ့တယ်လို့ လုံခြုံရေးတာဝန်ရှိသူတွေက ဆိုပါတယ်။
ဟာသာ ဓာတ်အားပေးစက်ရုံဟာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်း ၈၀၀ မဂ္ဂါဝပ် ရှိပေမဲ့ မီးမလောင်ခင် အချိန်က မဂ္ဂါဝပ် ၄၀၀ ဝန်းကျင်လောက်နဲ့ပဲ လည်ပတ်နေခဲ့တာ ဖြစ်ပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှု ပမာဏကိုတော့ တရားဝင် သတင်းအချက်အလက်တွေ ချက်ချင်း ထွက်ပေါ်လာခြင်း မရှိသေးဘူးလို့ INA က ဆိုပါတယ်။
အီရတ်နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားပေးရေး အခြေခံအဆောက်အအုံတွေဟာ ရင်းနှီးမြှုပ်နှံမှု အားနည်းတာ၊ ပြုပြင်ထိန်းသိမ်းမှု မလုံလောက်တာတွေကြောင့် အထူးသဖြင့် အလွန်ပူပြင်းတဲ့ နွေရာသီကာလတွေလို ဓာတ်အားလိုအပ်ချက် အမြင့်ဆုံးဖြစ်ချိန်တွေမှာ လုံလောက်အောင် ဖြည့်ဆည်းမပေးနိုင်ဘဲ ဆယ်စုနှစ်ချီ ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။
အရင်ကလည်း ဓာတ်အားခွဲရုံတွေနဲ့ ဓာတ်အားပေးစက်ရုံတွေမှာ မီးလောင်မှုတွေနဲ့ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ ဖြစ်ပွားခဲ့ဖူးပြီး အဲဒီဖြစ်ရပ်တွေကြောင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုတွေ ပြတ်တောက်ကာ နေရာအနှံ့အပြားမှာ မီးပျက်တောက်ခဲ့ဖူးပါတယ်။
Source: Reuters











