
ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ပထုမ်ဝမ်နယ်မြေ ရာမ-၄ လမ်းမကြီးအနီးရှိ ဘွန်ကိုင် ဖွံ့ဖြိုးရေးရပ်ကွက်ထဲမှာ နိုဝင်ဘာ ၂ ရက် ဒီမနက်စောစောက မီးလောင်မှုဖြစ်ပွားပြီး အိမ်ခြေ ၈၀ နီးပါး မီးလောင်ကာ ပြည်သူ ၃၀၀ ကျော် ညတွင်းချင်း အိုးမဲ့အိမ်မဲ့ဘဝ ရောက်သွားရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒီမနက် ၁ နာရီလောက်မှာ မီးစတင်လောင်ကျွမ်းတယ်လို့ သိရပြီး မီးသတ်ကားတွေနဲ့ သွားရောက် ငြှိမ်းသတ်ပေမဲ့ လမ်းကြား အလွန်ကျဉ်းမြောင်းပြီး ကားဝင်ရခက်တာကြောင့်ရော လျှပ်စစ်မီး မိန်းဆွစ်ချ်ကို ချက်ချင်းပိတ်ဖို့ ခက်ခဲတာကြောင့် အချိန်တနာရီကျော်ကြာမှ မီးညွန့်ကျိုးအောင် ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ဝင်တယောက်က သတင်းထောက်တွေကို ပြောပါတယ်။
မီးဟာ မနက် ၂ နာရီ ၃၇ မိနစ်မှာ ငြိမ်းသွားပြီး မနက် ၅ နာရီလောက်မှာ ဘန်ကောက်မြို့တော်ဝန် နိုင်းချာ့ချတ်ဆစ်ထိဖန်း ကိုယ်တိုင် အခြေအနေ လာရောက်စစ်ဆေးပြီး အရေးပေါ်ကယ်ဆယ်ရေး စခန်းမှာ ရောက်နေတဲ့ မီးဘေးသင့် ပြည်သူတွေကို အားပေးစကား ပြောကြားခဲ့တယ်။
မနက် ၈ နာရီထိ ကောက်ခံရရှိတဲ့ စာရင်းတွေအရ အိမ်ခြေ ၇၉ အိမ် မီးလောင်ပြီး အိမ်ထောင်စုပေါင်း ၁၂၄ က ပြည်သူ ၃၂၁ ယောက် မီးဘေးသင့်ခဲ့ကာ ဒဏ်ရာရသူ အနည်းအကျဉ်းသာရှိပြီး သေဆုံးသူမရှိဘူးလို့ သိရပါတယ်။
မီးဘေးသင့်ပြည်သူတွေကို ဘွန်ကိုင်ရပ်ကွက် ဖွံ့ဖြိုးရေးရုံးနဲ့ အားကစားရုံမှာ ယာယီနေရာ ချထားပေးတယ်လို့ ပထုမ်ဝမ်နယ်မြေ စီမံခန့်ခွဲရုံး ညွှန်မှူး ဒေါက်တာ နော်ရထိပ် ချူးဖူးက ထုတ်ပြန် ပြောပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေဘက်က စစ်ဆေးနေဆဲဖြစ်ပြီး နန်းအိစရိယာ ဆိုသူ အမျိုးသမီးကတော့ -
“မီးစလောင်တဲ့အိမ်ဟာ နှစ်ထပ်ပျဉ်ထောင်အိမ်ဖြစ်တယ်၊ သူတို့နဲ့ အိမ်ချင်းကပ်လျက်ဖြစ်ပြီး လင်မယား ၂ ယောက် နေထိုင်တယ်။ အဲဒီလင်မယားဟာ ၂ ယောက်လုံး မူးယစ်ဆေးသုံးပြီး မကြာခဏလည်း ရန်ဖြစ်ကြတယ်၊ အဲဒီညက ယောက်ျားဖြစ်သူက ဆေးကြောင်ပြီး ကိုယ့်အိမ်ကိုယ် မီးပြန်ရှို့ရာက သူတို့အိမ်အပါအဝင် တရပ်ကွက်လုံးနီးပါး မီးလောင်ပြာကျသွားရတာ"လို့ ပြောပါတယ်။
သူတို့အိမ်မှာဆို သက်ကြီးရွယ်အိုရော ကိုယ်ဝန်ဆောင်မိခင်ရော ကလေးငယ်ပါရှိတယ် ခုလို အိမ်မီးလောင်သွားလို့ အလွန်ဒုက္ခရောက်ရပြီး အဲဒီလင်မယားကို ဖမ်းဆီး သေဒဏ်အပြစ်ပေးဖို့ တောင်းဆိုတယ်လို့ မြေပြင်မှာ သတင်းယူနေတဲ့ ချန်နယ်လ် ၇ သတင်းထောက်ကို ပြောပါတယ်။
လတ်တလော အဆိုပါလင်မယားမှာ ထွက်ပြေးလွတ်မြောက်နေပြီး လုမ္ပဏီနယ်မြေ ရဲတပ်ဖွဲ့က လိုက်လံ စုံစမ်းဖမ်းဆီးနေတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source: ThaiPBS / CH7 HD News











