မော်လမြိုင်တွင် နေအိမ် ၂ လုံး မီးလောင်ဆုံးရှုံး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ မြသီတာရပ် (ဝက်သတ်ကုန်းရပ်) မှာ နိုဝင်ဘာ ၂၁ ရက် ညနေ ၅ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။
မြသီတာရပ် (ဝက်သတ်ကုန်းရပ်)မှာ နေထိုင်တဲ့ မခင်ထွေးရဲ့ နေအိမ် မီးဖိုခန်းအတွင်း လျှပ်စစ်ဟင်းအသားပြုတ်အိုး တည်ထားရာကနေ အပူလွန်ကဲပြီး အနီးမှာရှိတဲ့ သစ်သားခုံတွေကို မီးစတင်ကူးစက်လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။
ဒေသခံယောက်က “မီးလောင်မှုကြောင့် လူထိခိုက်တာ မရှိပါဘူး။ နေအိမ်တွေပဲ ဆုံးရှုံးသွားတာပါ။ မီးစတင်လောင်တဲ့အိမ်နဲ့ ဘေးချင်းကပ်လျက်ရှိတဲ့ နေအိမ်တလုံးပါ” လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် မခင်ထွေးရဲ့ ၁၀ ပေ၊ ၂၀ ပေ အကျယ်ရှိ အုတ်ညှပ်၊ သွပ်မိုး နှစ်ထပ်နေအိမ်နဲ့ မမာရီပါးရဲ့ ၁၅ ပေ၊ ၂၀ ပေ အကျယ်ရှိ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း တထပ်နေအိမ်တို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ ပါတယ်။
မီးလောင်မှုကို မွန်ပြည်နယ်မီးသတ်ဦးစီးမှူးရုံး၊ မော်လမြိုင်မြို့နယ်မီးသတ်စခန်း၊ ဈေးကြိုနယ်မြေ မီးသတ်စခန်း၊ မြိုင်သာယာနယ် မြေမီးသတ်စခန်းနဲ့ ရွှေမြိုင်သီရိနယ်မြေမီးသတ်စခန်းတို့ကမီး သတ်ယာဉ်တွေနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီအပြင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရပ်ကွက်နေပြည်သူတွေကလည်း ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး ညနေ ၅ နာရီခွဲဝန်းကျင်မှာ မီးငြိမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ မီးလောင်မှုနဲ့ပတ်သက်ပြီး လျှပ်စစ်မီးကို ပေါ့ဆစွာ အသုံးပြုရာကနေ မီးလောင်ကျွမ်းစေခဲ့တယ်လို့ဆိုကာ မခင်ထွေးကို မော်လမြိုင်မြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၂၈၅၊ အမှုအမှတ် (ပ) ၂၅၉/၂၀၂၆ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။











