
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့မှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် နေအိမ် ၃ လုံး မီးလောင် ပျက်စီးခဲ့ပြီး အမျိုးသမီးတယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။
နိုဝင်ဘာ ၉ ရက် မနက် ၄ နာရီ မိနစ် ၄၀ လောက်က ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက်၊ ကမာကြည်လမ်းမှာရှိတဲ့ ဒေါ်သန်းညွန့်ရဲ့ နေအိမ်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အနီးအနားရှိ နေအိမ်တွေကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့ပါတယ်။
ဒေသခံတယောက်က “ဒေါ်သန်းညွန့်ရဲ့အိမ်ကနေ မီးစလောင်တာပါ။ ဒေါ်သန်းညွန့်က ထမင်းချက်နေချိန် ဂက်စ်အိုးပေါက်ကွဲပြီး မီးစလောင်တာလို့ သိရတယ်။ အဲဒီကနေ ဘေးအိမ်တွေကိုပါ မီးကူးသွားတာပါ” လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် နေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့သလို ဒေါ်သန်းညွန့်မှာလည်း ဒဏ်ရာရရှိခဲ့ပြီး လယ်ထွန်စက်တစီးနဲ့ ထယ်ထိုးစက်တစီးတို့ရဲ့ တာယာတွေလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။
မီးလောင်မှုကို မွန်ပြည်နယ်နဲ့ သထုံခရိုင် မီးသတ်ဦးစီးဌာန၊ ပေါင်မြို့နယ် မီးသတ်စခန်း၊ ဇင်းကျိုက်နယ်မြေ မီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေ၊ လူမှုကူညီကယ်ဆယ်ရေး အဖွဲ့တွေနဲ့ ဒေသခံတွေ ပူးပေါင်းငြှိမ်းသတ်ခဲ့ကြပြီး မနက် ၅ နာရီလောက်မှာ မီးငြိမ်းသွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။











