DVB Logo
Home
နိုင်ငံတကာ
ဖူးခက်တွင် မီးလောင်ပြီး အနည်းဆုံး ၁၁ ဦး သေဆုံး၊ ၃၀ ကျော် ဒဏ်ရာရ
DVB
·
November 16, 2026
Photo: MGROnline
Photo: MGROnline
Donate to DVB

 

ထိုင်းတောင်ပိုင်း၊ ဖူးခက်ခရိုင်၊ ကထုမြို့နယ်ထဲမှာ နိုဝင်ဘာ ၁၆ ရက် မနက်စောစောက မီးလောင်မှုဖြစ်ပြီး အနည်းဆုံး လူ ၁၁ ယောက် သေဆုံးကာ ၃၀ ကျော် ဒဏ်ရာရတယ်လို့ ထိုင်း PBS  သတင်းမှာ ဖော်ပြပါတယ်။

ဒီမနက် ၃ နာရီလောက်က ကထုမြို့နယ်၊ ပါတောင်းရပ်ကွက်၊ ဖန်းမိုင်းဆိုင်ကော်လမ်းထဲမှာ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းပေးပို့ချက်ရတာကြောင့် မီးသတ်ကား ၆ စီးနဲ့အတူ သွားရောက် ငြှိမ်းသတ်ခဲ့တယ်လို့  ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က သတင်းထောက်တွေကို ပြောပါတယ်။

မီးလောင်တဲ့နေရာမှာ အထပ် ၆ ထပ်ရှိ တိုက်ခန်းတွဲကြီးဖြစ်ပြီး အောက်ထပ် ဆိုင်ကယ်နဲ့ မော်တော်ကား အငှားဆိုင်အနီးကနေ စတင်လောင်ကျွမ်းတယ်။ ဆိုင်ထဲမှာ ဆိုင်ကယ်နဲ့ ကား အစီးရေ ၁၀၀ ကျော် ရပ်ထားတာမှာ အားလုံးနီးပါး မီးလောင်သွားပါတယ်။ ဆိုင်ရှေ့က ထရန်စဖော်မာ မီးအားမြှင့်စက်ကနေ စတင်လောင်တာဖြစ်ပြီး မီးအားအလွန်ပြင်းတယ်၊ အဲဒီဆိုင်ရှေ့မှာ ဓာတ်ဆီဖြည့်တဲ့နေရာရှိပြီး တာယာဟောင်းတွေလည်း ရှိနေတာကြောင့် လောင်စာအားကောင်းတာ ဖြစ်တယ်၊ မီးကို အချိန် ၁ နာရီလောက်ကြာမှ ငြှိမ်းသတ်နိုင်ခဲ့တယ်၊ အဲဒီနောက် တိုက်ခန်းတွေထဲ ပိတ်မိနေသူတွေကို ကယ်ဆယ်ခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

မီးလောင်တဲ့နေရာကို ပါတောင်း ဒုမြို့တော်ဝန်နဲ့ တာဝန်ရှိသူတွေ လာရောက်စစ်ဆေးပြီး ကနဦး တွေ့ရှိချက်မှာ တိုက်ခန်း ၃ ခန်းတွဲ မီးလောင်ပြီး လူ ၁၁ ယောက် သေဆုံးကာ ၃၀ ကျော် ဒဏ်ရာရတယ်၊ အခြေအနေကို လိုက်ပြီး အတိုးအလျှော့ ရှိနိုင်တယ်၊ သေဆုံးသူအများစုဟာ မီးလောင်ဒဏ်ရာကြောင့်မဟုတ်ဘဲ မီးခိုးငွေ့တွေကြားမှာ အသက်ရှူကျပ်ပြီး သေဆုံးသွားရတာ ဖြစ်တယ်၊ ဒဏ်ရာရသူတွေကို နီးစပ်ရာ ဆေးရုံ ဆေးခန်းတွေဆီ ပို့ဆောင်ထားပြီး မစိုးရိမ်ရတဲ့ ဒဏ်ရာရသူတချို့တော့ အခြေခံကုသမှုရယူပြီး ဆေးရုံဆင်းသွားကြပြီလို့ ဒုမြို့တော်ဝန်က ပြောပါတယ်။

သေဆုံးဒဏ်ရာရသူဦးရေနဲ့ ပတ်သက်ပြီး သတင်းရရှိချက်ပေါ် မူတည်ကာ အရေအတွက် ကွဲလွဲမှုတွေလည်း ရှိနေပါတယ်။

မန်နေဂျာအွန်လိုင်းသတင်းမှာတော့ သေဆုံးသူတွေမှာ ၃ လွှာက  တယောက်၊ ၅ လွှာက ၁၀ ယောက် တွေ့ရှိတယ်။ အမျိုးသမီး ၈ ယောက်၊ အမျိုးသား ၃ ယောက်ဖြစ်ပြီး ဒီမနက် ၉ နာရီထိ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး ပျောက်ဆုံးသူတွေ ဆက်လက်ရှာဖွေနေတယ်လို့ ဆိုပါတယ်။

ပါတောင်းနယ်မြေ ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်၊  မီးသတ်၊ အုပ်ချုပ်ရေး၊ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့နဲ့ ပရဟိတအဖွဲ့တွေဟာ အခင်းဖြစ်ချိန်ကစ မီးငြှိမ်းသတ်ရေးနဲ့ အဆောက်အအုံထဲက မီးဘေးသင့် ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ကြတယ်။

အထဲမှာ နောက်ထပ် ပိတ်မိနေသူတွေ ရှိ၊ မရှိ ရှာဖွေဖို့နဲ့ ပျက်စီးဆုံးရှုံးမှုတွေကို စစ်ဆေးဖို့  အဆောက်အအုံအတွင်းပိုင်းကို အသေးစိတ် ဆက်လက်စစ်ဆေးနေရှိတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

Source: ThaiPBS /MGROnline

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013