
ပဲခူးမြို့၊ ဟင်္သာကုန်းရပ်ကွက်၊ မြို့ပတ်လမ်းမှာ နိုဝင်ဘာ ၁၇ ရက် ညနေ ၃ နာရီက နေပူရှိန်ကြောင့် အသက် ၇၀ အရွယ် အမျိုးသားတယောက် ဆိုင်ကယ်ပေါ်ကနေ မူးလဲကာ ပြုတ်ကျသေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
တပ်မ ၇၇ ဂေါက်ကွင်းဘက်ကနေ ဟင်္သာကုန်းဘုရားဘက်ကို မောင်းလာတဲ့ ဆိုင်ကယ်တစီးရဲ့ နောက်မှာ လိုက်ပါလာတဲ့ အသက် ၇၀ အရွယ် အမျိုးသားဟာ နေအပူရှိန်ကြောင့် မူးပြီး ဆိုင်ကယ်ပေါ်က ပြုတ်ကျသေဆုံးခဲ့တာလို့ ဟင်္သာကုန်းရပ်ကွက်နေသူတယောက်က ပြောပါတယ်။
“ပြည်တော်အေးဘုရားလမ်းမှာနေတဲ့ အဘကြီးပါ။ နေကလည်းပူ၊ ဆီးချိုရောဂါအခံကလည်းရှိတော့ မူးပြီး ဆိုင်ကယ်ပေါ်က ပြုတ်ကျပြီး သေသွားတာ။ ဆိုင်ကယ်ပေါ်က ပြုတ်ကျတော့ ဒဏ်ရာရတာ ရှိတယ်။”
သေဆုံးသူမှာ ဟင်္သာကုန်းရပ်ကွက်၊ ပြည်တော်အေးဘုရားလမ်းမှာ နေထိုင်တဲ့ အသက် ၇၁ နှစ်အရွယ် ဦးအုန်းလှိုင် ဖြစ်ပါတယ်။
အောက်တိုဘာ ၃၀ ရက် ညနေ ၄ နာရီကလည်း ပဲခူးမြို့ မြစ်ကူးတံတားပေါ်မှာ အမျိုးသားတယောက် နေအပူရှိန်ကြောင့် သတိလစ် မူးလဲသွားပြီး ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“နေပူရှိန်ဒဏ်ကို လူငယ်တွေတောင် မခံနိုင်ဘူး၊ သက်ကြီးပိုင်းဆိုတော့ ပိုဆိုးတာပေါ့။ အပူချိန် အရမ်းပြင်းနေတဲ့အချိန်မှာ သက်ကြီးရွယ်အိုတွေနဲ့ ရောဂါအခံရှိတဲ့သူတွေ အပြင်မသွားတာ အကောင်းဆုံးပဲ၊ သွားခဲ့မယ်ဆိုလည်း ထီး၊ ဦးထုပ်တို့ ဆောင်းသွားသင့်တယ်။”
တောင်ငူမြို့ ကွန်ပျူတာတက္ကသိုလ်ရှေ့မှာလည်း အောက်တိုဘာ ၁၃ ရက် နေ့လယ် ၂ နာရီခွဲက နေပူထဲက ပြန်လာတဲ့ အသက် ၆၀ အရွယ် အမျိုးသားတယောက် သတိလစ် လဲကျတာကြောင့် လူမှုကူညီရေးအသင်းတွေက တောင်ငူဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ရပါတယ်။
နေပူရှိန်ကြောင့် အောက်တိုဘာ ၇ ရက်ကနေ နိုဝင်ဘာ ၁၇ ရက်အထိ သထုံ၊ မော်လမြိုင်၊ တောင်ငူ၊ ကျောက်တံတား၊ မရမ်းကုန်း၊ တောင်ဥက္ကလာနဲ့ ပဲခူးမှာ သေဆုံးခဲ့တဲ့ အမျိုးသား အမျိုးသမီး ၈ ယောက်ရှိပြီး ၁၄ ယောက် ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။











