DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းတွင် လမ်းပြောင်းပြန်မောင်းလာသည့် ဆိုင်ကယ် ၂ စင်း ကားတိုက်ခံရပြီး ၁ ဦးသေဆုံး
DVB
·
November 7, 2026
Photo : Yangon-Mandalay Expressway Webportal
Photo : Yangon-Mandalay Expressway Webportal
Donate to DVB

ရန်ကုန်-မန္တလေးအမြန်လမ်းမှာ နိုဝင်ဘာ ၇ ရက် ဒီမနက်အစောပိုင်းက မီးမပါဘဲ ယာဉ်ကြော ပြောင်းပြန်စီးလာတဲ့ ဆိုင်ကယ် ၂ စင်းကို ကားတစင်းက တိုက်မိခဲ့လို့ ၁ ယောက် သေဆုံးပြီး ၃ ယောက် အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ အမြန်လမ်း ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေး အဖွဲ့က ထုတ်ပြန်ပါတယ်။

မနက် ၁ နာရီ ၁၅ မိနစ်လောက်က ရန်ကုန်က နေပြည်တော်ကို အသွားလမ်း မိုင်တိုင် ၇၅/၄ မှာ မီးမပါဘဲ ယာဉ်​ကြော​ပြောင်းပြန်စီးလာတဲ့ ဆိုင်ကယ်​မောင်းသူအပါ အမျိုးသား ၂ ယောက် လိုက်ပါလာတဲ့ 61W/93870 HONDA WAVE 110 အနက်ရောင်နဲ့ ​မောင်းသူအပါ အမျိုးသား ၃ ယောက် လိုက်ပါလာတဲ့ 66W/30174 HONDA WAVE 110 အနက်ရောင်တို့ဟာ လမ်း​ကြောင်းမှန်အတိုင်း​မောင်းလာ​တဲ့ ကားတစင်းရဲ့ တိုက်တာကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဆိုင်ကယ်ပေါ်ပါလာသူတွေထဲက ၁ ယောက် သေဆုံးပြီး ၃ ယောက်ကတော့ စိုးရိမ်ရတဲ့ ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

အမြန်လမ်း​ပေါ်မှာမောင်းနှင်ခွင့်မရှိတဲ့ ​မော်​တော်ဆိုင်ကယ်ကို စီးတဲ့အပြင် လမ်း​ပြောင်းပြန်​ မောင်းပြီး ယာဉ်တိုက်မှုဖြစ်​စေတဲ့ ဆိုင်ကယ်​မောင်းသူတွေကို ဥပ​ဒေအရ အမှုဖွင့်အ​ရေးယူထား ပြီး၊ ထွက်ပြေးတိမ်းရှောင်နေတဲ့ ယာဉ်မောင်းကိုလည်း အမှုဖွင့်စုံစမ်းဖော်ထုတ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

အမြန်လမ်းမကြီးများ ဥပဒေ အခန်း ၇၊ ပုဒ်မ ၁၃ မှာ ‘တည်ဆဲဥပဒေတရပ်ရပ်မှာ ဘယ်လိုပဲ ပါရှိပါစေ၊ အမြန်လမ်းမကြီးပေါ်မှာ မောင်းခွင့်မပြုတဲ့ မော်တော်ယာဉ်၊ လှည်းနဲ့ ဖြတ်သန်း သွားလာခွင့်မပြုတဲ့ တခြားယာဉ်တွေ မောင်းနှင်တာ၊ ရပ်နားတာ၊ လူ၊ တိရစ္ဆာန်တွေ ဖြတ်သန်း သွားလာတာကြောင့် လူနဲ့ ပစ္စည်းထိခိုက်တာ ဒါမှမဟုတ် သေဆုံးတာဖြစ်ခဲ့ရင် ဥပဒေနဲ့အညီ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမောင်းနှင်တဲ့ ယာဉ်မောင်းမှာ တာဝန်မရှိစေရလို့ ပြဋ္ဌာန်း ထားပါတယ်။

ဒါပေမဲ့ အမြန်လမ်းပေါ်မှာ ယာဉ်တိုက်မှုဖြစ်ရင် အမြန်လမ်းရဲတပ်ဖွဲ့ရဲ့ စစ်​ဆေးမှုကို ခံယူ အတည်ပြုဖို့ လိုအပ်ပြီး လူ၊ စက်ဘီး၊ ​ထော်လာဂျီ၊ လှည်း စတာတို့ကို တိုက်မိရင် တိုက်ခံရသူ တွေဟာ အမြန်လမ်းမကြီးများဥပ​ဒေကို ​ဖောက်ဖျက်သူ မှန်၊ မမှန်နဲ့ ယာဉ်မောင်းဟာ ဥပဒေနဲ့ အညီ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာ​မောင်းနှင်သူ ဟုတ်၊ မဟုတ်တို့ကို အမြန်လမ်း ရဲတပ်ဖွဲ့က စစ်ဆေး အတည်ပြုမယ်လို့ ဆိုပါတယ်။

ဒါမှ စည်းကမ်းလိုက်နာပါလျက် မ​တော်တဆ ယာဉ်တိုက်မှုကျူးလွန်မိသူ ယာဉ်မောင်းဟာ အမြန်လမ်းမကြီးတွေဥပ​ဒေရဲ့ အကာအကွယ်ကို ခံစားရမှာဖြစ်ပြီး တိမ်းရှောင် ထွက်ပြေး သွားရင်တော့ အကာအကွယ်ရမှာမဟုတ်ဘဲ တခြားလမ်းတွေမှာဖြစ်တဲ့ ယာဉ်တိုက်မှုလိုမျိုး ပြစ်မှု ပြစ်ဒဏ်တွေ ခံစားရမယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့က ဆိုပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013