
ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ပြေးဆွဲနေတဲ့ ခရီးသည်တင် Express ကားတွေအနေနဲ့ ခရီးသည်ပစ္စည်းက လွဲပြီး တခြားကုန်ပစ္စည်းတွေ တင်ဆောင်ခြင်းမပြုလုပ်ဖို့ စစ်အာဏာရှင် လက်အောက်ခံ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့က သတိပေး ထုတ်ပြန်လိုက်ပါတယ်။
အမြန်လမ်းပေါ်မှာ ကုန်အလေးချိန်ကြောင့် တာယာပေါက်တာ၊ ဘရိတ်မမိတာနဲ့ ယာဉ်တိမ်းမှောက်တာ စတဲ့ မတော်တဆမှုတွေ ဖြစ်ပွားမှုများလို့ အခုလို အသိပေး တားမြစ်ရတာလို့ ဆိုပါတယ်။
အမြန်လမ်းပေါ်မှာ က.ည.န သတ်မှတ်ထားတဲ့ ခရီးသည်ဦးရေအတိုင်းသာ တင်ဆောင်ဖို့နဲ့ တာယာ၊ ဘရိတ်နဲ့ အောက်ပိုင်းစနစ်တွေကို အမြဲစစ်ဆေးဖို့လည်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။
အမြန်လမ်းမကြီးဥပဒေအရ စည်းကမ်းဖောက်ဖျက်ပြီး ကုန်ပစ္စည်းတင်ဆောင်တာတွေကို စစ်ဆေး တွေ့ရှိရင် အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပြီး အမြန်လမ်းသုံးစွဲခွင့်ပါ ရုပ်သိမ်းသွားမယ်လို့ သတိပေးထားပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီကနေ ဩဂုတ်လကုန်အထိ အမြန်လမ်းပေါ်မှာ ယာဉ်မတော်တဆမှု ၅၂ မှု ဖြစ်ခဲ့ပြီး သေဆုံးသူ ၃၂ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၆၃ ယောက် ရှိခဲ့ပါတယ်။











