ရန်ကုန်-မန္တလေး အမြန်လမ်း၌ ခရီးသည်ပစ္စည်းများ သိမ်းယူခံနေရ

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ တန်ဆောင်တိုင်ပိတ်ရက်ကာလအတွင်း သွားလာကြတဲ့ ခရီးသည်တင်ကားတွေဆီကနေ ခရီးသည်တွေရဲ့ ပစ္စည်းတွေကို သိမ်းယူခံနေရတယ်လို့ ခရီးသွား တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာ အမြန်ယာဉ်တွေအနေနဲ့ ခရီးသည်ပစ္စည်းကလွဲလို့ တခြားကုန်ပစ္စည်းတွေ တင်ဆောင်ခွင့်မရှိဘူးလို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ထားတာပါ။
အဲဒီထုတ်ပြန်ချက်အရ ခရီးသည်တွေရဲ့ တကိုယ်ရေပစ္စည်းတွေကို တင်ဆောင်ခွင့်ရှိတယ်လို့ ဆိုထားပေမဲ့ တကယ်တမ်းမှာတော့ ခရီးသည်တွေရဲ့ပစ္စည်းတွေကို သိမ်းယူနေတယ်လို့ ခရီးသွား တွေက ပြောပါတယ်။
မန္တလေးကနေ ရန်ကုန်ကိုပြန်လာတဲ့ ခရီးသည်တယောက်ကတော့ အပြန်ဂိတ်တွေမှာ ကားတွေကို စစ်ဆေးတဲ့အခါ ကားဝမ်းဗိုက်ထဲက ပစ္စည်းတွေကိုစစ်ဆေးပြီး ခရီးသည်တွေပါလာတဲ့ လက်ဆောင် ပစ္စည်းတွေကို အကုန်ယူသွားတယ်လို့ ပြောပါတယ်။
ကားအပေါ်မှာ ထားတဲ့ပစ္စည်းလောက်ပဲ လွတ်ခဲ့ပြီး ဘယ်သူမှလည်း မပြောရဲဘဲ ဒီတိုင်းကြည့် နေရတယ်လို့ ဆိုပါတယ်။
အမြန်ယာဉ်တွေအနေနဲ့ ကုန်ပစ္စည်းတင်ဆောင်တာ စစ်ဆေးတွေ့ရှိရင် အမြန်လမ်းမကြီး ဥပဒေအရ အရေးယူမှာဖြစ်ပြီး မြန်လမ်းသုံးစွဲခွင့်ပါ ရုပ်သိမ်းခံရမယ်လို့ ထုတ်ပြန်ထားပေမဲ့ အခုလို အမြန်လမ်းမှာ စည်းကမ်းချိုးဖောက်နေတဲ့ သက်ဆိုင်ရာတာဝန်ကျသူတွေကိုတော့ အရေးယူမဲ့သူ မရှိဘူးလို့ ခရီးသည်တင်ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေက မှတ်ချက်ပေးကြပါတယ်။
ခရီးသည်တင်ယာဉ်မောင်းတယောက်ကလည်း ပစ္စည်းတွေကို ဖောက်ယူထားတာက ဇီးရိုးမိုင်မှာ ပိုဆိုးတယ်လို့ ပြောပါတယ်။
သူတို့ကားမှာပါတဲ့ ယာဉ်မယ်တွေက ဒါတွေဟာ ခရီးသည်တွေဝယ်လာတဲ့ လက်ဆောင်ပစ္စည်း လောက်ပဲဖြစ်ပြီး မလျော်ပေးနိုင်ဘူးလို့ ပြောပေမဲ့လည်း မရခဲ့ဘူးလို့ ဆိုပါတယ်။ စည်းကမ်းကို သူတို့ဖောက်ဖျက်ရင် အရေးယူမဲ့သူ မရှိဘူးလို့လည်း ပြောပါတယ်။
ယာဉ်မောင်းတယောက်က “ထုတ်ပြန်ချက်မှာ ကုန်ပစ္စည်းလို့ ပြောထားပေမဲ့ ခရီးသည်ရဲ့ လက်ဆောင် ပစ္စည်းဆိုတာ ဘယ်လောက်ပါနိုင်မှာမို့လဲ။ အဲဒါလည်းမရဘူး။ သူတို့အတွက် ဒီကြေညာချက်ဟာ နောက်ထပ်လုပ်စားစရာခွင်တခုလို ဖြစ်နေပြီး ခရီးသည်တွေရဲ့ပစ္စည်းတွေ သိမ်းသွားသမျှကို ထိုင်ကြည့်နေရုံကလွဲလို့ ဘာမှ မတတ်နိုင်ဘူး” လို့ ပြောပါတယ်။
အမြန်ယာဉ်တွေ ခရီးသည်ပစ္စည်းကလွဲလို့ တခြားကုန်ပစ္စည်းတင်ဆောင်ခွင့်မရှိဘူးလို့ တားမြစ်ရတာ ဟာ ကုန်အလေးချိန်ကြောင့် တာယာပေါက်တာ၊ ဘရိတ်မမိတာနဲ့ တိမ်းမှောက်တာ စတဲ့ မတော်တဆမှုတွေ ဖြစ်ပွားနိုင်တာကြောင့်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ပြောဆိုထားပါတယ်။
ဒီထုတ်ပြန်ချက်ကြောင့် ခရီးသည်ကားနဲ့ တနိုင်တပိုင် သယ်ယူပို့ဆောင်ရေးလုပ်နေသူတွေ အခက်တွေ့စေပြီး အမြန်လမ်းမှာ လမ်းတံတားကြေးတွေကိုလည်း သတ်မှတ်ထားတဲ့အတိုင်း ကောက်ခံနေတာဖြစ်တဲ့အတွက် အခုလို ကန့်သတ်ချက်ဟာ အများပြည်သူကို အခက်တွေ့အောင် လုပ်တာဖြစ်တယ်ဆိုပြီး ခရီးသည်တွေကြားထဲ ဝေဖန်နေကြပါတယ်။











