
ခရီးသည်တင် အမြန်ယာဉ် Express ကားတွေအနေနဲ့ ခရီးသည်ပစ္စည်းတွေကလွဲလို့ တခြား ကုန်စည်တွေ တင်ဆောင်ရင် ဖမ်းဆီးမယ်လို့ စစ်အာဏာရှင်အစိုးရက အမိန့် ထုတ်ပြန်လိုက်တာကြောင့် ကုန်စည်ပို့ဆောင်သူတွေ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ပို့ကုန်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၅ ရက်က “ခရီးသည်တင် Express ကားတွေအနေနဲ့ ခရီးသည်ပစ္စည်းတွေကလွဲလို့ ကုန်စည်တွေ မတင်ကြဖို့နဲ့ ကုန်တင်လာတာကို စစ်ဆေးတွေ့ရှိရင် အမြန်လမ်းမကြီးများ ဥပဒေအရ အရေးယူခံရမဲ့အပြင် အမြန်လမ်း သုံးစွဲခွင့်ပါ ရုပ်သိမ်းခံရမယ်” လို့ စစ်အာဏာရှင် လက်အောက်ခံ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ကုန်ကား မငှားရမ်းနိုင်တဲ့ တပိုင်တနိုင် ပို့ကုန်လုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့ ခရီးသည်တင် Express ကားတွေကိုသာ အားထားပြီး ကုန်စည်ပို့ဆောင်နေကြရတာဖြစ်လို့ အခုလို သတ်မှတ်လိုက်တာကြောင့် လုပ်ငန်းတွေ ရပ်နားရနိုင်တယ်လို့ အသေးစား ပို့ကုန်လုပ်ငန်းရှင် တယောက်က DVB ကို ပြောပါတယ်။
အသေးစား ပို့ကုန်လုပ်ငန်းရှင်တယောက်က “ကုန်ကား ငှားရမ်းပြီး ပို့ရအောင် လုပ်ငန်းကြီး မဟုတ်တဲ့ အသေးစား တပိုင်တနိုင် ပို့နေတဲ့ လုပ်ငန်းငယ်တွေ ထိခိုက်တာပေါ့။ Express ကားနဲ့ တခါတင်ရင် ၈ ထုပ် ၁၀ ထုပ်လောက်ပဲ တင်ရတာပါ။ ဒီလိုတင်ရတာကလည်း Express ကားကျတော့ မနက်ပို့ရင် ညနေ ရောက်ပါတယ်။ ကုန်ကားကျတော့ စစ်ဆေးရေးဂိတ်မှာတင် သောင်တင်နေတော့ ပို့ကုန်တွေ ပျက်စီးတာ များပါတယ်” လို့ ပြောပါတယ်။
လမ်းခရီးရှိ စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေမှာ ကုန်ကားတွေကို တဂိတ်မှာ နာရီဝက်မှ ၁ နာရီနီးပါး စစ်ဆေးတာကြောင့် ကုန်ပစ္စည်းတွေ ပျက်စီးတဲ့အပြင် လမ်းခရီးမှာ အနည်းဆုံး ၂ ရက်မှ ၃ ရက်အထိ ကြာမြင့်လေ့ရှိတာကြောင့် ပို့ကုန်လုပ်ကိုင်သူ အများစုက Express ကားတွေကိုသာ ရွေးချယ် ပို့ဆောင်ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် ယာဉ်လိုင်းတချို့မှာလည်း မြင့်တက်လာတဲ့ စက်သုံးဆီစျေးနှုန်းကို ကာမိစေဖို့ ပို့ကုန်တွေကို အဓိကထား ပို့ဆောင်နေကြရတာဖြစ်လို့ အမြန်လမ်း ထိန်းသိမ်းရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ဟာ ယာဉ်လိုင်းတွေကိုပါ ထိခိုက်စေတယ်လို့ ယာဉ်မောင်းတယောက်က ဆိုပါတယ်။
“ခရီးသည် မရလို့ ပို့ကုန်နဲ့ ရပ်တည်နေရတဲ့ ယာဉ်လိုင်းတွေ ရှိပါတယ်။ အဝေးပြေးဝင်းထဲမှာ Express ကားတွေကို မှီခိုပြီး ကုန်စည်ပို့နေတဲ့သူတွေလည်း ရှိပါတယ်။ သတ်မှတ်ထားတဲ့ တန်ချိန် ကျော်လွန်ရင် ဖမ်းမယ်ဆိုရင် တော်သေးတယ်။ အခုက ကုန်တင်ရင် ဖမ်းမယ်၊ ကားမောင်းခွင့် မပေးဘူး ဆိုတာကတော့ သမ္မာအာဇီဝနဲ့ လုပ်ကိုင်စားသောက်နေသူတွေရဲ့ ထမင်းအိုးကို ရိုက်ခွဲသလို ဖြစ်နေပါတယ်။”
အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနဲ့ ကြီးကြပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ခရီးသည်တင် Express ကားတွေအနေနဲ့ ကုန်စည်တွေ တင်ဆောင်ပါက ကုန်အလေးချိန်ကြောင့် တာယာပေါက်ခြင်း၊ ဘရိတ်မမိခြင်းနဲ့ တိမ်းမှောက်ခြင်းတို့ ဖြစ်ပွားနိုင်တာကြောင့် ခရီးသည် ပစ္စည်းက လွဲပြီး တခြားကုန်စည်တွေ မတင်ဆောင်ကြဖို့ တားမြစ်ရတာလို့ ဖော်ပြထားပါတယ်။











