
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်က ပရဟိတအသင်း နှစ်သင်းဟာ အသင်းကားတွေကို အလွဲသုံးစားလုပ်ပြီး မန္တလေးဘက်ကို ကုန်ပစ္စည်းတွေ သယ်နေတာကြောင့် တခြားအသင်းတွေ ထိခိုက်မှာကို စိုးရိမ်နေရတယ်လို့ ပရဟိတနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပရဟိတအဖွဲ့တွေနဲ့ နီးစပ်သူအမျိုးသားတယောက်က “၅၁ ကုန်တွေ သယ်နေတာ။ မြင့်မြတ်ဖြူစင် ကားစတစ်ကာကို အောင်ဓမ္မာရုံကားမှာကပ်ပြီး ကုန်သယ်နေတာ။ အောင်ဓမ္မာရုံက ခေါင်းဆောင် သိတယ်။ မြင့်မြတ်ဖြူစင်က ခေါင်းဆောင်မသိတာ။ အောင်ဓမ္မာရုံက ခေါင်းဆောင်က လုပ်တာ။ ပရဟိတကားနဲ့ အဲဒီလို သယ်နေတာတော့ မကောင်းဘူး။ တခြားအသင်းတွေလည်း ပုံရိပ်ထိတယ်” လို့ ပြောပါတယ်။
ပရဟိတ ကားကို အလွဲသုံးစားလုပ်ပြီး ကုန်သယ်နေတာကြောင့် အုပ်ချုပ်ရေးမှူးကို သွားရောက် တိုင်တန်းထားပေမဲ့ အရေးယူတာတွေ မရှိဘူးလို့ သူက ပြောပါတယ်။
ပရဟိတလုပ်နေသူ တယောက်ကလည်း “သူတို့ အဲဒီလို ပရဟိတကားသုံးပြီး ပစ္စည်းကယ်ရီ လုပ်နေတာ ၁ လကျော်ပြီ။ ဒါပေမဲ့ သိတာ ၁ ပတ်ကျော်ပဲ ရှိသေးတယ်” လို့ ပြောပါတယ်။
အဲဒီလို ကားကို အလွဲသုံးစားလုပ်နေတာ အသင်းဝင်နဲ့ အပေါင်းအပါတချို့ပဲဖြစ်ပြီး တခြား ရိုးရိုးသားသားလုပ်နေတဲ့ ပရဟိတအသင်းတွေရဲ့ ပုံရိပ်ကို ထိခိုက်လာရင် အရေးပေါ်လူနာပို့တဲ့ လမ်းကြောင်းတွေမှာ အစစ်အဆေးတင်းကျပ်ပြီး လူနာတွေဒုက္ခရောက်နိုင်တယ်လို့ သူက ပြောပါတယ်။
၅၁ ကုန် ဆိုတာက စစ်အာဏာရှင်ရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၀ ကို အစွဲပြုခေါ်ဆိုကြတာဖြစ်ပြီး ပို့ကုန်တင်ပို့ရာမှာ လိုင်စင်လျှောက်ထားဖို့ လိုအပ်တဲ့ ကုန်စည်တွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အဲဒီ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၀ ကို ပြင်ဆင်လျှော့ချထားတာတွေရှိပြီး နောက်ဆုံးထွက်ထားတဲ့ အမိန့်ကြော်ငြာစာနဲ့ လုပ်ငန်းဆောင်ရွက်ရတယ်လို့ ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။











