
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ် ကြက်သွန်ကွင်း-သဲဖြူ စစ်ဆေးရေးဂိတ်မှာ ဇူလိုင် ၂၂ ရက်နဲ့ ၂၃ ရက်ညနေတွေက စစ်အာဏာရှင်တပ်က အရပ်သားတွေရဲ့ ကုန်ပစ္စည်းတွေကို အဓမ္မ လုယက်ယူဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က ”သေနတ်ချိန်ပြီ ဓားပြတိုက်သလို လုယက်ယူနေတာ။ မပေးရင် ပစ်သတ်မယ်လို့ ခြိမ်းခြောက်တာ။ စစ်သားတွေချည်းပဲတွေ့တယ်” လို့ ပြောပါတယ်။
လုယက်ယူဆောင်သူတွေဟာ ဂိတ်ထိုင်နေတဲ့ စစ်အာဏာရှင်တပ်သားတွေမဟုတ်ဘဲ ရှေ့တန်းကလို့ ယူဆရတဲ့ တပ်သားတွေ အများဆုံးပါဝင်ပြီး ဆန်တွေအပါအဝင် စားသောက်ကုန်တွေကို အဓိကလုယက်ယူဆောင်နေတာလို့ ဆိုပါတယ်။
သာပေါင်းစစ်အာဏာရှင်တပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ဘာ့ကြောင့်လဲတော့မသိဘူး ပေါ်တင်ကို လုယက်ယူနေတာ။ လူတွေကို ရန်ရှာပစ်ခတ်သတ်ဖြတ်တာမရှိပါဘူး။ ဂိတ်ကတော့ မဖြတ်ရဲသလောက်ပဲ” လို့ ပြောပါတယ်။
အဆိုပါဂိတ်ကို ဖြတ်သွားခဲ့တဲ့ ကား ၆ စီးထက် မနည်းက ကုန်စည်တွေအပြင် ဆိုင်ကယ်အများအပြားနဲ့ အရပ်သားတွေ ဝယ်ယူလာတဲ့ ကုန်စည် ပစ္စည်းတွေလည်း စစ်အာဏာရှင်တပ်က လုယက်ယူဆောင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ငွေတောင်းယူတာတွေလည်းရှိပြီး စစ်အာဏာရှင်တပ်ရဲ့ လုယက်ယူဆောင်မှုတွေ ရှိနေတာကြောင့် ဂိတ်ကို လတ်တလော ဖြတ်သန်းအသုံးမပြုဖို့ ဒေသခံတွေအချင်းချင်း သတိပေး နေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ပထမအပတ်ကလည်း ကြက်သွန်ကွင်း-သဲဖြူ စစ်ဆေးရေးဂိတ်မှာ အရပ်သားတွေ ဆန်နဲ့ ဆန်ကွဲအိတ်တွေ တင်မောင်းလာတဲ့ကားကို စစ်အာဏာရှင်တပ်က PDF ထောက်ပို့ကား ဆိုပြီး ဖမ်းဆီးခဲ့ပါတယ်။
သာပေါင်း၌ ယာဥ်များကို စစ်ဆေးနေစဉ်။ Photo: Myo Min (သာပေါင်း)










