
ဧရာဝတီတိုင်း၊ သာပေါင်း-ပုသိမ်ကားလမ်းပေါ်မှာ ကုန်တင်ကား ၁ စီးနဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် စုစုပေါင်း ၃ ယောက်ကို စစ်အာဏာရှင်တပ်နဲ့ ရဲတွေက ဖမ်းဆီးထားတယ်လို့ အဖမ်းခံရသူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
သာပေါင်း-ပုသိမ်ကားလမ်းပေါ်၊ သာပေါင်းမြို့နယ်ထဲက ကြက်သွန်းကွင်း စစ်ဆေးရေးဂိတ်အနီး လမ်းဆုံမှာ နိုဝင်ဘာ ၇ ရက် မနက်ပိုင်းက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတယောက်က “တရားမဝင်ကုန်တင်ကားလို့ဆိုပြီး ဖမ်းတာပါ။ အဖမ်းခံရတဲ့ကားက ပုသိမ်ဘက်ကနေ မောင်းနှင်လာတဲ့ကုန်ကားလို့ သိရတယ်။ ဘယ်ကို ဖမ်းခေါ်သွားတယ် ဆိုတာတော့ မသိသေးဘူး” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က ကုန်ကားနဲ့ ကုန်ပစ္စည်းတွေအပြင် ယာဉ်မောင်း ကိုဝေလင်းနဲ့ ယာဉ်နောက်လိုက် ၂ ယောက်ဖြစ်တဲ့ မင်းမင်းထွန်းနဲ့ ကျော်ကျော်တို့ စုစုပေါင်း ၃ ယောက်ကိုပါ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်က PDF ထောက်ပံ့ပစ္စည်းတွေလို့ စွပ်စွဲပြီး ကုန်တင်ကားကို ဖမ်းဆီးခဲ့ပေမဲ့ အဲဒီကားပေါ်မှာ လေးမျက်နှာ၊ သာပေါင်းနဲ့ ပုသိမ်-မုံရွာလမ်းပေါ်က ဈေးဆိုင်တွေကမှာယူထားတဲ့ အိမ်သုံးပစ္စည်းတွေ၊ ဆန်၊ စားသုံးဆီ၊ စက်သုံးဆီနဲ့ အဝတ်အထည်တွေပဲ ပါလာတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်က ကုန်ကားတွေနဲ့ ကုန်စည်တွေကို တရားမဝင်ကုန်စည်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးတာဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီထောက်ပံ့တာတွေ ဟန့်တားဖို့ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။
စစ်အာဏာရှင်တပ်နဲ့ ရဲတွေ ဖမ်းဆီးတဲ့ ကုန်စည်ပစ္စည်းတွေဟာ အရပ်သားတွေ ပိုင်ဆိုင်တဲ့ ကုန်ပစ္စည်းတွေဖြစ်သလို ကုန်ကားမောင်းသူတွေဟာလည်း ပုံမှန် ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်နေသူတွေဖြစ်တယ်လို့ သိရပါတယ်။











