ရန်ကုန်-မန္တလေးလမ်းဟောင်း၌ ယာဉ် ၃ စီးတိုက်မိပြီး ၁ ယောက်သေ၊ ၄ ယောက်ဒဏ်ရာရ

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ တမာကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ နိုဝင်ဘာ ၂၇ ရက် မွန်းလွဲ ၃ နာရီ ၃၅ မိနစ်ဝန်းကျင်က ကုန်တင်ယာဉ် ၂ စီးနဲ့ ဆိုင်ကယ်တစီး တိုက်မိခဲ့တာကြောင့် အမျိုးသမီးတယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
မိတ္ထီလာမြို့ကနေ ပျော်ဘွယ်မြို့ဘက်ကို မုန့်မျိုးစုံတင်ဆောင်ပြီး ဦးဥက္ကာအောင်မြင့် မောင်းနှင်လာတဲ့ DAIHATSU HIJET ယာဉ်ဟာ တမာကုန်းကျေးရွာအုပ်စု၊ မိုင်တိုင်အမှတ် ၂၉၆/၆ အနီးမှာ အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် ရန်ကုန်မြို့ဘက်ကနေ မန္တလေးမြို့ဘက်ကို ကုန်မျိုးစုံတင်ဆောင်ပြီး ဦးအောင်ကိုလင်း မောင်းနှင်လာတဲ့ FUSO ၁၂ ဘီးယာဉ်ကို ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။
အဲဒီနောက် HIJET ယာဉ်ဟာ လမ်းညာဘက်ကို တိမ်းရှောင်တုန်း လမ်းဘေးမှာ ဦးကျော်လှိုင် မောင်းနှင်နေတဲ့ DAYUN အမျိုးအစား ဆိုင်ကယ်ကို ထပ်မံတိုက်မိခဲ့တယ်လို့ ဆိုပါတယ်။
ယာဉ်တိုက်မှုကြောင့် HIJET ယာဉ်ခေါင်းခန်းအတွင်း ညပ်မိနေတဲ့ ဒေါ်စန္ဒာစိုးဝင်း သေဆုံးခဲ့ပြီး ယာဉ်မောင်း ဦးဥက္ကာအောင်မြင့်၊ လိုက်ပါစီးနင်းသူ ဒေါ်သီတာအောင်၊ မောင်ဇွဲပြည့်စုံနဲ့ ဆိုင်ကယ်မောင်းနှင်သူ ဦးကျော်လှိုင်တို့ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူတွေကို ယင်းတော်ကြယ်ပွင့်လေးများ လူမှုကူညီရေးအသင်းယာဉ်နဲ့ ယင်းတော်တိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးသူတယောက်က “ဒီလမ်းပိုင်းမှာ ကုန်တင်ကားတွေ သွားလာနေကြတာများပါတယ်။ အခုနောက်ပိုင်း ယာဉ်တိုက်မှုတွေဖြစ်ပြီး လူသေဆုံးတာနဲ့ ဒဏ်ရာရတာတွေ ခပ်စိပ်စိပ်ရှိလာတယ်။ ယာဉ်မောင်းတွေအနေနဲ့လည်း အရှိန်ကိုထိန်းပြီး သတိထားမောင်းနှင်စေချင်ပါတယ်” လို့ ပြောပါတယ်။
ယာဉ်ကို မဆင်မခြင်မောင်းနှင်ခဲ့တယ်ဆိုတဲ့ HIJET ယာဉ်မောင်း ဦးဥက္ကာအောင်မြင့်၊ အသက် ၄၆ နှစ်နဲ့ FUSO ယာဉ်မောင်း ဦးအောင်ကိုလင်း၊ အသက် ၃၇ နှစ်တို့ကို ပျော်ဘွယ်မြို့မရဲစခန်းက အမှုအမှတ် ပ/၃၇/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က၊ ၃၃၇ နဲ့ ၃၃၈ တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။











