
နေပြည်တော်နယ်မြေ၊ ပျဉ်းမနားမြို့မှာ နိုဝင်ဘာ ၁၅ ရက် မနက်အစောပိုင်းက ဟိုက်ဂျက်ကားတစင်း လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်မိတာကြောင့် အမျိုးသား ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
မနက် ၁၂ နာရီကျော်က ပျဉ်းမနားမြို့၊ ပန်းခင်းလမ်းမကြီးပေါ်မှာ မောင်းနှင်လာတဲ့ ဟိုက်ဂျက်ကားတစင်း အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်မိခဲ့တာလို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ဟိုက်ဂျက်ကားက လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်တာပါ။ ယာဥ်ပေါ်ပါလာတဲ့ လူနာ ၅ ယောက်မှာ ၃ ယောက်ကတော့ ပွန်းပဲ့ဒဏ်ရာလောက်ပဲ ရတယ်။ ကျန်တဲ့ ၂ ယောက်ကိုတော့ ဆေးရုံပို့ပေးခဲ့ရတယ်။” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူတွေကို မိုးစေတနာပရဟိတအသင်းက အရေးပေါ်လူနာတင်ယာဉ်နဲ့ ခုတင် ၂၀၀ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက် နေ့လယ် ၁၂ နာရီကျော်ကလည်း နေပြည်တော်နယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပေါင်းလောင်းမြစ်ကူးတံတားအဆင်းလမ်းမှာ သုံးဘီးဆိုင်ကယ်တစင်း အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာကြောင့် အမျိုးသား ၂ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။၏











