ရန်ကုန်-ပုသိမ်ကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသား ၁ ဦး သေဆုံး၊ ၈ ဦး ဒဏ်ရာရ

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ အရွဲကျေးရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်းမှာ နိုဝင်ဘာ ၂၆ ရက် မနက်အစောပိုင်းက ကုန်တင်ယာဉ်နဲ့ အိမ်စီးယာဉ် တိုက်မိပြီး အမျိုးသားတယောက် သေဆုံးကာ ၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
နိုဝင်ဘာ ၂၆ ရက် မနက် ၃ နာရီ ၁၅ မိနစ်ဝန်းကျင်က ညောင်တုန်းမြို့ဘက်ကနေ ရန်ကုန်မြို့ဘက်ကို မောင်းနှင်လာတဲ့ အဖြူရောင် ဒိုင်ဟတ်ဆု ဟိုက်ဂျက်ယာဉ်ဟာ လမ်းဘေးမှာ ရပ်ထားတဲ့ အနီရောင် ဟီးနိုး ၂၂ ဘီးယာဉ်ကို နောက်ကနေ ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။
ယာဉ်တိုက်မှုကြောင့် ဒိုင်ဟတ်ဆုယာဉ်ပေါ် လိုက်ပါလာတဲ့ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၆ ယောက်၊ စုစုပေါင်း ၉ ယောက်အနက် အမျိုးသားတယောက် သေဆုံးခဲ့ပြီး ကျန် ၈ ယောက်မှာလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ယာဉ်တိုက်မှုကြောင့် ကားပေါ်ပါလာသူ ၉ ယောက်အနက် အမျိုးသားတယောက် သေဆုံးခဲ့ပါတယ်။ ကျန် ၈ ယောက်ကတော့ ဒဏ်ရာရရှိခဲ့ပေမဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိပါဘူး” လို့ ပြောပါတယ်။
သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေကို လူငယ်ရိပ်မွန် လူမှုကူညီရေးအသင်းက ညောင်တုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ နေရာဟာ ညောင်တုန်းမြို့နယ်၊ အရွဲကျေးရွာအုပ်စု၊ အရွဲကျေးရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် ၁၉/၇ နဲ့ ၂၀/၀ ကြားမှာ ဖြစ်တယ်လို့ သိရပါတယ်။











