
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်း မဲဇလီတံတားအနီးမှာ ယာဉ် ၄ စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
နိုဝင်ဘာ ၃ ရက် ည ၁၀ နာရီ ၁၅ မိနစ်လောက်က ဧရာဝတီတိုင်းဘက်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ ကုန်တင်ကားတစီးဟာ မဲဇလီတံတားအနီးမှာ ရုတ်တရက် ရပ်တန့်လိုက်တာကြောင့် နောက်ကလိုက်လာတဲ့ ခရီးသည်တင် တက္ကစီတစီး၊ သစ္စာရှင် လူမှုကူညီရေးအသင်းယာဉ်နဲ့ ၆ ဘီး ကုန်တင်ကားတို့ အဆင့်ဆင့် တိုက်မိခဲ့တာလို့ သိရပါတယ်။
ယာဉ်တိုက်မှုကြောင့် အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး အဲဒီထဲက အမျိုးသမီး ၂ ယောက်ဟာ ဒဏ်ရာအခြေအနေ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “မဲဇလီတံတားအနီးမှာ ယာဉ် ၄ စီး ဆင့်တိုက်မှု ဖြစ်ခဲ့တာပါ။ ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်ပေးခဲ့ပြီး အမျိုးသမီး ၂ ယောက်ကတော့ အခြေအနေ စိုးရိမ်ရတာကြောင့် ရန်ကုန်ကို ဆက်လက်ပို့ဆောင်ခဲ့ရပါတယ်” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုဖြစ်ပွားရာကို ဆားမလောက်နယ်မြေ မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်ကူညီခဲ့ပြီး ဒဏ်ရာရသူတွေကို လူငယ်ရိပ်မွန် လူမှုကူညီရေးအသင်းရဲ့ လူနာတင်ယာဉ်နဲ့ ညောင်တုန်းမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် အခြေအနေစိုးရိမ်ရတဲ့ အမျိုးသမီး ၂ ယောက်ကို ညောင်တုန်းမြို့နယ် ပြည်သူ့ဆေးရုံကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။











