
ကရင်ပြည်နယ် မြဝတီမြို့နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ်က ကွမ်းသီးတော (အန္တရာယ်) ကွေ့မှာ အောက်တိုဘာ ၂၃ ရက် မနက် ၈ နာရီလောက်က ၁၂ ဘီးကုန်တင်ယာဉ်နဲ့ ဟိုက်ဂျက် ဈေးကား တိုက်မိပြီး ယာဉ်မောင်းနဲ့ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီက သိရပါတယ်။
အဲဒီယာဉ်တိုက်မှုကြောင့် ယာဉ် ၂ စီးလုံး လမ်းဘေးထိုးကျပြီး ဟိုက်ဂျက်ဈေးကားမောင်းနှင်တဲ့ ယာဉ်မောင်း ဦးခေါင်းပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာတဲ့ အမျိုးသမီးဟာ ဘယ်ဘက်လက်မောင်းရိုးဒဏ်ရာနဲ့ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
မြို့ခံတယောက်က “အဲဒီနေရာက အတက်အဆင်းကြမ်းတယ်။ လမ်းကို လုမောင်းတော့ ယာဉ်တိုက်မှုက မကြာခဏဖြစ်တယ်။ ကားသမားတွေကို ပြောချင်တာက ကားလုပြီး မမောင်းကြဖို့ ပြောချင်တယ်” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကို မြဝတီ Z-Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က အရေးပေါ် ပြုစုပေးပြီး မြဝတီ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။











