မြဝတီမှ မဲဆောက်သို့ တရားမဝင် ဝင်ရောက်သည့် ရွှေ့ပြောင်းမြန်မာ ၁၅ ဦးကို ထိုင်းစစ်တပ် ဖမ်းဆီး

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၁ ရပ်ကွက်ဘက်ကနေ သောင်ရင်းမြစ်ကို ဖြတ်ကာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၅ ယောက်ကို ထိုင်းစစ်တပ်က နိုဝင်ဘာလ ၂၈ ရက်မှာ ဖမ်းဆီးပြီး မဲဆောက် ရဲစခန်းကို ပို့ဆောင်လိုက်ပါတယ်။
မဲဆောက်မြို့မ ရဲစခန်းမှ တာဝန်ရှိသူတယောက်က “ဒီညနေပိုင်းမှာ အမျိုးသမီး ၄ ဦးအပါအဝင် ၁၅ ဦး မြဝတီဘက်က ကူးလာတယ်။ ထိုင်းကမ်းစပ်ကို ရောက်တော့ ဖမ်းလိုက်တယ်။ လဝက အချုပ်မှာ ထားပါတယ်”လို့ DVBကို ပြောပါတယ်။
ထိုင်းစစ်တပ်က နယ်ခြားဂိတ် ၁၇ ခုကို နိုဝင်ဘာ ၂၆ ရက်က စတင်ပိတ်လိုက်အပြီး အခုလို မြန်မာဘက်က ဝင်လာသူတွေကို ပိုက်စိပ်တိုက် ဖမ်းဆီးနေတာဖြစ်ပါတယ်။











