ဟတ်ယိုင်တွင် တရားမဝင် မြန်မာ ၂၃ ဦး နှင့် ပွဲစား ၄ ဦး အဖမ်းခံရ
ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့ မီးရထားဘူတာရုံရှေ့မှာ နိုင်ငံကူးလက်မှတ်အတု ကိုင်ထားသူတွေအပါအဝင် ခရီးထွက်မဲ့ မြန်မာ ၂၃ ယောက်နဲ့ ပွဲစား ၄ ယောက် ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
နယ်မြေထဲမှာ တရားမဝင်နိုင်ငံခြားသားတွေ ခိုးသွင်းနေကြောင်း သတင်းပေးပို့ချက်ရတာကြောင့် ဆုန်ခလာခရိုင် လဝကရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ နိုဝင်ဘာ ၁၆ ရက်က ဟတ်ယိုင်မီးရထားဘူတာရုံရှေ့မှာ စောင့်ကြပ်စစ်ဆေးခဲ့ပါတယ်။
အခြေအနေတွေ အကဲခတ်စောင့်ကြည့်နေတာမှာ မသင်္ကာစရာ လူချို့ဟာ တုတ်တုတ် သုံးဘီးကားတွေနဲ့ တသုတ်ပြီးတသုတ် ရောက်လာပါတယ်။ သူတို့ကို ကိုသန်းနဲ့ ကိုလင်း အမည်ရှိ မြန်မာ ၂ ယောက်က ကားပေါ်ဆက်ပြီးတင်ပေးဖို့ စီစဉ်နေတာ တွေ့ရတယ်။
တာဝန်ရှိသူတွေက အဆိုပါ ခရီးသွားတွေကို ခေါ်ယူစစ်ဆေးတာမှာ စုစုပေါင်း ၂၃ ယောက်ရှိပြီး မြန်မာနိုင်ငံသားတွေ ဖြစ်တယ်။ အဲဒီထဲက ၁၀ ယောက်မှာ နိုင်ငံကူးလက်မှတ်အတုတွေ ကိုင်ဆောင်ထားပြီး ကျန် ၁၃ ယောက်မှာ ဘာသက်သေအထောက်အထားမှ မရှိပါဘူးလို့ ဆိုပါတယ်။
ဆက်လက်စစ်ဆေးချက်အရ ကိုသန်းနဲ့ ကိုလင်းက သူတို့တွေကို တယောက်ကို အခကြေးငွေ ဘတ် ၂,၀၀၀ နှုန်းနဲ့ ရာ့ချ်ဘူရီခရိုင်ကနေ ဆုန်ခလာခရိုင်ထိ တာဝန်ယူပို့ဆောင်ပေးတာဖြစ်တယ်၊ ဆက်လက်ခရီးဆက်ဖို့ ကားစီစဉ်ပေးနေစဉ် ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက သူတို့ဆက်သွားမဲ့ လမ်းကြောင်းကို စုံစမ်းရာမှာ ထိုင်းနယ်စပ်ကနေ မလေးရှားနိုင်ငံကို တောလမ်းကနေတဆင့် ချိတ်ဆက်ပို့ဆောင်ပေးနေတဲ့ ကိုမောင်နဲ့ ကိုမြတ် ဆိုသူ မြန်မာပွဲစား ၂ ယောက်ကို ထပ်မံဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဖမ်းခံထားရတဲ့ မြန်မာ ၂၃ ယောက်ကလည်း သူတို့ဟာ မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ စုဆောင်းထားတဲ့ ငွေတွေနဲ့ ပွဲစားကို တယောက်လျှင် ဘတ် ၄၀,၀၀၀ ကျော်ပေးခဲ့ရတယ်လို့ ထွက်ဆိုပါတယ်။ သူကိုင်ဆောင်ထားတဲ့ နိုင်ငံကူးလက်မှတ်ကိုလည်း အတုမှန်း မသိကြောင်း၊ ခရီးမထွက်ခင် စာအုပ်ထဲမှာ မိမိဓာတ်ပုံတွေပါတဲ့ ပတ်စပို့စာအုပ်ကို ပွဲစားက ထုတ်ပေးခဲ့တာလို့ ဆိုပါတယ်။
ထိုင်း လဝက ဥပဒေအရ နိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်က ထောင်ဒဏ် ၁ နှစ်မှ ၁၀ နှစ်ထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၂၀,၀၀၀ မှ ၂၀၀,၀၀၀ ထိ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ် လုံး ကျခံရမှာ ဖြစ်ပါတယ်။
အထောက်အထားမရှိသူတွေလည်း လဝက ဥပဒေနဲ့ ပြစ်ဒဏ်ပေး ခံရပြီးရင် ပြည်နှင်ဒဏ်ထပ်ခံရမှာ ဖြစ်ပါတယ်။ သူတို့ကို ဝန်ဆောင်မှုပေးတဲ့ ပွဲစားတွေကတော့ အဲဒီထက်ပိုကြီးလေးတဲ့ ပြစ်ဒဏ်တွေ ကျခံရမှာ ဖြစ်ပါတယ်။
Source: MGROnline











