
ထိုင်းမြောက်ပိုင်း၊ ဖရဲ့ခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာသူတွေနဲ့ သူတို့ကို သယ်ဆောင်လာသူ မြန်မာနိုင်ငံသား ၂ ယောက်ပါ စုစုပေါင်း အယောက် ၂၀ ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ CIB ၊ အဝေးပြေးလမ်းရဲတပ်ဖွဲ့နဲ့ နယ်မြေခံရဲတပ်ဖွဲ့က တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ အောက်တိုဘာ ၂၄ ရက်က ဖရဲ့ခရိုင်၊ ဆောင်မြို့နယ် ဟွေ့မိုက်အုပ်စုတွင်း ယာဉ်သွားလာတွေ စောင့်ကြပ်စစ်ဆေးစဉ် မီးခိုးရောင် တိုယိုတာ မှန်လုံကားတစီးဟာ ဟိုဘက်ဒီဘက် ယိမ်းယိုင်မောင်းနှင်နေတာကြောင့် ခေါ်ယူစစ်ဆေးခဲ့ ပါတယ်။
ကားရှေ့ခန်းမှာ မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ ယာဉ်မောင်းသူရန်လွင်စိုးနဲ့ သူ့ဇနီး မဖြူဖြူဝင်း တို့ လိုက်ပါလာပြီး နောက်ခန်းမှာလည်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၈ ယောက်ကို ပြွတ်သိပ်နေအောင် တင်ဆောင်လာခဲ့တယ်၊ အားလုံးမှာ အသက် ၁၉ နှစ်မှ ၄၀ ကျော်ခန့်ထိ အရွယ်ကောင်းလူငယ်တွေ ဖြစ်ကြတယ်၊ အမျိုးသား ၁၄ ယောက်နဲ့ အမျိုးသမီး ၃ ယောက်တို့ ပါဝင်ကြတယ်။
ယာဉ်မောင်းနဲ့ ဇနီးဖြစ်သူတို့ ထွက်ဆိုချက်အရ သူတို့ဟာ အဲဒီလူတွေကို ချင်းရိုင်းမြို့ ဆဲဗင်းအလဲဗင်းဆိုင်နားကနေ သွားကြိုလာပြီး ဗိစနုလုတ်ခရိုင်ကို ပို့ပေးဖို့ ဘတ် ၃,၀၀၀ နဲ့ တင်ဆောင်လာခဲ့တာလို့ ဆိုပါတယ်။
ဆက်လက်စစ်ဆေးချက်အရ သူတို့ဟာ အခုလို လူတင်ဆောင်ပေးခဲ့တာာ ၃ ကြိမ်ရှိသွားပြီ ဖြစ်တယ်၊ ပထမတကြိမ်က ချင်းရိုင်းမှ ဖရဲ့ခရိုင်ကိုလည်းကောင်း၊ ဒုတိယတကြိမ်မှာ ချင်းရိုင်းမှ ဗိစနုလုတ်ကို လည်းကောင်း၊ ခုတကြိမ်မှာလည်း ချင်းရိုင်းကနေ ဗိစနုလုတ်ကို ပို့ပေးဖို့ တင်ဆောင်လာစဉ် အဖမ်းခံရတာလို့ ပြောပါတယ်။
လိုက်လာသူတွေကတော့ သူတို့ဟာ နယ်စပ်ကနေ ထိုင်းနိုင်ငံအတွင်းပိုင်းထိ သွားရောက်အလုပ် လုပ်ဖို့ ပွဲစားကို တယောက်ကို ဘတ် ၃၀,၀၀၀ မှ ၄၀,၀၀၀ ထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက သူတို့ ၂၀ ယောက်လုံးကို လဝက ဥပဒေနဲ့ အရေးယူဖို့ ဖမ်းဆီးထားတယ်၊ ဒါ့အပြင် တိုယိုတာမှန်လုံကားကိုပါ သိမ်းဆည်းခဲ့တယ်။ ဆက်စပ်နေတဲ့ ပွဲစားကွန်ရက်တွေပါ ဆက်လက်စုံစမ်းဖမ်းဆီးအရေးယူသွားမယ်လို့ ပြောပါတယ်။
ထိုင်းလဝက ဥပဒေအရ အထောက်အထားမရှိသူတွေကို နိုင်ငံတွင်းသို့ တင်ဆောင်လာပါက၊ အဖမ်းဆီးမခံရရေး ကူညီပေးပါက ထောင်ဒဏ် ၅ နှစ် ဒါမှမဟုတ် ငွေဒဏ် ဘတ် ၅၀, ၀၀၀ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံး ကျခံရမှာဖြစ်တယ်။
အထောက်အထားမဲ့နဲ့ နိုင်ငံထဲ ဝင်ရောက်လာသူတွေလည်း တယောက်ကို ထောင်ဒဏ် ၂ နှစ် ငွေဒဏ် ဘတ် ၂၀,၀၀၀ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံး ကျခံရမှာ ဖြစ်တဲ့အပြင် ပြည်နှင်ဒဏ်ပေးခံရမယ်လို့ ဆိုပါတယ်။
Source: TNews / Highway Police











