
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဖယာအိုခရိုင်၊ ပုန်းမြို့နယ်မှာ ပြင်းအား ရစ်ချ်တာစကေး ၃ ဒသမ ၉ ရှိတဲ့ ငလျင်တခု နိုဝင်ဘာ ၁ ရက် ဒေသစံတော်ချိန် ဒီနေ့ နေ့လယ် ၁ နာရီ ၂ မိနစ်က လှုပ်ခတ်သွားခဲ့ပြီး ဒေသခံတွေလည်း သိသိသာသာ လှုပ်ခတ်မှုကို ခံစားခဲ့ကြရပါတယ်။
လတ်တလော သတင်းတွေအရတော့ ငလျင်ကြောင့် လူထိခိုက်ဒဏ်ရာရတာနဲ့ အဆောက်အအုံ ပျက်စီးတာမျိုးရှိတဲ့ သတင်းတွေတော့ မရရှိသေးပါဘူး။
ငလျင်စောင့်ကြည့်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ငလျင်ဗဟိုချက်ဟာ ပုန်းမြို့နယ်၊ ခွန်ကျေးရွာအုပ်စု အတွင်းမှာ ဖြစ်ပြီး အနက် ၂ ကီလိုမီတာရှိတယ်လို့ သိရပါတယ်။
ငလျင်ဟာ ဖယာအိုခရိုင်အတွင်းမှာ တိုက်ရိုက်လှုပ်ခတ်ခဲ့တာမို့ ပုန်းမြို့နယ်နဲ့ အနီးနား ပတ်ဝန်းကျင်က ဒေသခံတွေ သတိထားမိခဲ့ကြပြီး အဆောက်အအုံတွေနဲ့ အိမ်ထဲမှာ ရှိနေတဲ့သူတွေဟာ ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရသလို အဆောက်အအုံတွေ လှုပ်ရမ်းသွားတာကို လည်း တွေ့လိုက်ရပါတယ်။
တာဝန်ရှိသူတွေကတော့ ပုန်းမြို့နယ်နဲ့ အနီးနားက မြို့နယ်တွေမှာ ရှိတဲ့ ဒေသခံတွေကို ထိုင်းမိုးလေဝသဌာနနဲ့ သက်ဆိုင်ရာ အစိုးရဌာနတွေရဲ့ သတင်းထုတ်ပြန်ချက်တွေကို ဆက်လက်စောင့်ကြည့်ကြဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် အဆောက်အအုံတွေမှာ အက်ကြောင်းတွေ့တာ ဒါမှမဟုတ် ပျက်စီးတာမျိုး တွေ့ရင် အဲဒီနေရာတွေနဲ့ ဝေးဝေးနေကြဖို့နဲ့ စစ်ဆေးမှုတွေ ပြုလုပ်နိုင်ဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ချက်ချင်း အကြောင်းကြားကြဖို့လည်း အသိပေးထားပါတယ်။
ဖယာအိုခရိုင်ဟာ ချင်းမိုင်၊ ချင်းရိုင်၊ လမ်ပန်း စတဲ့ ခရိုင်တွေနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ ထိုင်းမြောက်ပိုင်းဒေသ ဖြစ်ပါတယ်။
Source: Khaosod











