DVB Logo
Home
နိုင်ငံတကာ
တိဘက်တွင် ပြင်းအား ၇ ရှိ ငလျင်လှုပ်ပြီး လူ ၁၆ ဦး သေဆုံး၊ ၆၀ ကျော် ဒဏ်ရာရ 
DVB
·
October 23, 2026
Photo:Reuters
Photo:Reuters
Donate to DVB

တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ ရှီဇောင်းတိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နာ့ချူမြို့မှာ အောက်တိုဘာ ၂၂ ရက် ည ၁၀ နာရီ ၃၃ မိနစ်က ပြင်းအားပမာဏ ၇ ရှိတဲ့ မြေငလျင် လှုပ်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၆ ယောက် သေဆုံးခဲ့ပါတယ်။

ငလျင်ကြောင့် သောကြာနေ့ မနက်ပိုင်းအထိ စာရင်းတွေအရ ထိခိုက်ဒဏ်ရာရသူ အရေအတွက် ၆၅ ယောက်အထိ တိုးလာခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း တရုတ်နိုင်ငံမှာ လှုပ်ခတ်ခဲ့သမျှ အပြင်းထန်ဆုံးငလျင်လည်း ဖြစ်ပါတယ်။

ငလျင်ဗဟိုချက်ကတော့ လူသူကျဲပါးပြီး အမြင့်ပေမြင့်မားတဲ့ နာ့ချူမြို့ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ငလျင်လှုပ်အပြီးမှာ တရုတ်ငလျင်အုပ်ချုပ်ရေးဦးစီးဌာနနဲ့ ဒေသတွင်းအရေးပေါ်ကွပ်ကဲရေး ဗဟိုဌာနတို့က အဆင့်-၂ ငလျင်ဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်မှုကို ချက်ချင်း စတင် ဆောင်ရွက် ခဲ့ပါတယ်။

ဘာချင်းခရိုင်နဲ့ မာရူးမြို့နယ်တို့မှာတော့ ငလျင်ဒဏ်ကြောင့် အိမ်တွေပြိုကျပျက်စီးတာ၊ အဆောက်အအုံနံရံ အက်ကွဲခဲ့ပြီး လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးလိုင်းတွေပါ ပြတ်တောက်သွားခဲ့ ပါတယ်။

ဒါ့အပြင် ချမ်ဒိုနဲ့ ညိင်ချီ အပါအဝင် ရှီဇောင်းဒေသရဲ့ တခြားနေရာတွေမှာပါ ငလျင်ဒဏ်ကို သိသိသာသာ ခံစားခဲ့ရပါတယ်။

ဒေသခံ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မီးသတ်တပ်ဖွဲ့တွေဟာ ငလျင်ဇုန်ဆီ ချက်ချင်း ထွက်ခွာ သွားခဲ့ကြ ပြီး ဘာချင်းခရိုင် မီးသတ်နဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင် ၈ ယောက်နဲ့ ယာဉ် ၂ စီးပါ ရှေ့ပြေး အဖွဲ့ဟာ ရောက်ရောက်ချင်းပဲ ပိတ်မိနေသူတယောက်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ရှီဇောင်း မီးသတ်နဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့ကလည်း ကယ်ဆယ်ရေးသမား ၃၄၇ ယောက်၊ မီးသတ်ကား ၈၂ စီး၊ ရှာဖွေရေးခွေး ၁၅ ကောင်အပြင် စက်ကိရိယာနဲ့ ထောက်ပံ့ရေးပစ္စည်း ထောင်ပေါင်းများစွာကို စေလွှတ်ခဲ့ပါတယ်။

ဒါ့အပြင် ရှီဇောင်း ရဲတပ်ဖွဲ့ကလည်း အရာရှိ ၃၀၀ ကျော်ကို စေလွှတ်ပြီး ဒေသခံတွေကို ဘေးကင်းရာ နေရာတွေဆီ ရွှေ့ပြောင်းပေးတာ၊ ပျက်စီးမှုတွေကို စစ်ဆေးတာနဲ့ လုံခြုံရေးတာဝန် တွေကို ကူညီဆောင်ရွက်ပေးနေပါတယ်။

ဆင်ဟွာ သတင်းဌာနရဲ့ ဖော်ပြချက်အရ ပြည်သူပေါင်း ၁၂,၀၀၀ ကျော်ကို ဘေးကင်းရာဆီ ဘေးကင်းကင်းနဲ့ ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံတော်ကောင်စီ ငလျင်ကယ်ဆယ်ရေးဌာနချုပ်ရုံးနဲ့ အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနတို့ ကလည်း အဆင့်-၄ အရေးပေါ်တုံ့ပြန်မှုကို စတင်လိုက်ပြီး လမ်းညွှန်မှုတွေပေးဖို့ အလုပ်အဖွဲ့တဖွဲ့ကို စေလွှတ်ထားပါတယ်။

တရုတ်ငလျင်တိုင်းတာရေးဗဟိုဌာန (CENC) ရဲ့ ထုတ်ပြန်ချက်အရ ဘာချင်းခရိုင်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ချင်းဟိုင်ပြည်နယ်၊ ဇာဒွိုင်ခရိုင်မှာလည်း ကြာသပတေးနေ့ည ၁၁ နာရီ ၁၂ မိနစ်က ပြင်းအား ၄ ဒသမ ၃  ရှိတဲ့ နောက်ဆက်တွဲငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့ပါသေးတယ်။

နယ်စပ်မြို့နယ်တွေမှာပါ ပြင်းထန်တဲ့ လှုပ်ခတ်မှုကို ခံစားခဲ့ရပြီး အိမ်တချို့ နံရံအက်သွားပေမဲ့ အဆောက်အအုံ ပြိုကျတာနဲ့ ထိခိုက်ဒဏ်ရာရသူ မရှိသေးဘူးလို့ သိရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013