DVB Logo
Home
မြန်မာသတင်း
ချင်းမိုင် ဘူတာရုံတွင် တရားမဝင် မြန်မာအများစုအပါအဝင် ၃၅ ဦး ဖမ်းဆီးခံရ
DVB
·
October 21, 2026
Photo: Maeping Police
Photo: Maeping Police
Donate to DVB

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်မီးရထားဘူတာရုံမှာ ရထားစီးပြီး ခရီးသွားဖို့ စောင့်ဆိုင်းနေတဲ့ တရားမဝင် မြန်မာအများစု အပါအဝင် စုစုပေါင်း ၃၅ ယောက် ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

မိမိတာဝန်ယူထားတဲ့ နယ်မြေထဲမှာ ရာဇဝတ်မှု ပပျောက်ရေး၊ ဥပဒေချိုးဖောက်မှု ကာကွယ်ရေးတွေအတွက် မဲ့ပင်းနယ်မြေရဲစခန်းမှ ရဲမှူးကြီး ယန်းဖုန်းဖတ်ထနချိုင်း ဦးဆောင်တဲ့ တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက် မနက် ၆ နာရီက ချင်းမိုင်မြို့ ဝပ်ကစ်ရပ်ကွက်ရှိ မီးရထားဘူတာရုံမှာ ပိတ်ဆို့စစ်ဆေးပြီး ဥပဒေနဲ့မညီညွတ်သူ စုစုပေါင်း ၃၅ ယောက်ကို ဖမ်းဆီး အ‌ရေးယူခဲ့ပါတယ်။

အဆိုပါ ဖမ်းဆီးခံရသူတွေထဲမှာ နေထိုင်ခွင့်အထောက်အထားမဲ့သူ၊ နေထိုင်ခွင့် သက်တမ်းကုန်ဆုံးသူ၊ ဥပဒေကသတ်မှတ်ထားတဲ့အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိသူ မြန်မာနိုင်ငံသား ၂၇ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတွင်း တရားမဝင် ဝင်ရောက်သူ တရုတ်နိုင်ငံသား ၂ ယောက်နဲ့ သူတို့ကို အဖမ်းမခံရအောင် ကူညီအကာအကွယ်ပေးသူ ထိုင်းနိုင်ငံသား တယောက် ပါဝင်တယ်။ 

ဆက်လက်စစ်ဆေးချက်အရ နိုင်ငံခြားသားတွေ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်နိုင်အောင် ကူညီပေးသူ၊ သူတို့တွေ အဖမ်းဆီးမခံရအောင် အကာအကွယ်ပေးသူ နောက်ထပ် ထိုင်းနိုင်ငံသား ၃ ယောက်ပါ ဖမ်းဆီးခဲ့တယ်လို့ တာဝန်ရှိသူမှ သတင်းထောက်တွေကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ တာချီလိတ်၊ မယ်ဆိုင်ကနေ ချင်းမိုင်သို့ ဝင်လာပြီး အဲဒီ ကနေ ဘန်ကောက်ကို ရထားနဲ့ ဆက်လက်ခရီးသွားရန် ပြင်ဆင်စဉ် ခုလို ဖမ်းဆီးခံရတာလို့ လူမှုကွန်ရက်သတင်းတွေမှာ ဖော်ပြပါတယ်။

တာဝန်ရှိသူတွေက သူတို့ကို တရားဥ‌ပဒေအရ ဆက်လက်အရေးယူဖို့ မဲ့ပင်း စုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ ဆက်လက်လွှဲပြောင်းပေးလိုက်တယ်လို့  ဆိုပါတယ်။ 

Source: Chiangmai News / cm108 news / Maeping Police 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013