မဲဆောက်တွင် M4A1 သေနတ် ၁၅ လက်နှင့် မြန်မာ ၂ ဦးကို ထိုင်းအကောက်ခွန်ဌာန ဖမ်းဆီး

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့က အမှတ် ၁ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ထွက်ခွာယာဉ်စစ်ဆေးရေးဂိတ်မှာ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်၊ ညနေ ၄ နာရီလောက်က မြန်မာနိုင်ငံသား ၂ ယောက်နဲ့ သေနတ် ၁၅ လက် ဖမ်းဆီးမိခဲ့ပါတယ်။
မဲဆောက်အကောက်ခွန်ရုံး (အကောက်ခွန်ဒေသရုံးအမှတ် ၃) က တာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံသား အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် လိုက်ပါလာပြီး မြန်မာနံပါတ်ပြား တပ်ဆင်ထားတဲ့ ဗင်ကားတစီးကို စစ်ဆေးရှာဖွေခဲ့ပါတယ်။
စစ်ဆေးရှာဖွေတွေ့ရှိချက်အရ ယာဉ်အတွင်း ဝှက်ထားတဲ့ သံသယဖြစ်ဖွယ် ပါဆယ်သေတ္တာတွေကို ဖွင့်လှစ်စစ်ဆေးရာ 5.56 mm M4A1 CARBINE စစ်သုံးသေနတ် ၁၅ လက်ကို တွေ့ရှိခဲ့ပြီး သိမ်းဆည်းရမိပစ္စည်းတွေရဲ့ တန်ဖိုးဟာ ထိုင်းဘတ်ငွေ ၅ သန်းလောက်ရှိတယ်လို့ သိရပါတယ်။
ထိုင်းတာဝန်ရှိသူတွေက သေနတ်တွေကို သိမ်းဆည်းခဲ့ပြီး သံသယရှိသူ ၂ ယောက်နဲ့ သက်သေခံပစ္စည်းတွေကို မဲဆောက်မြို့မရဲစခန်းဆီကို လွှဲပြောင်းအပ်နှံခဲ့တယ်လို့လည်း သိရပါတယ်။











