
ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၈ ယောက်နဲ့ သူတို့ကို တင်ဆောင်လာတဲ့ ယာဉ်မောင်း ၄ ယောက်တို့ ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းတွေအရ သိရပါတယ်။
ဒီဖမ်းဆီးမှုဖြစ်စဉ်တွေဟာ နိုဝင်ဘာ ၉ ရက်မှ ၁၁ ရက်နေ့တွေအတွင်း အယုဒ္ဓယ၊ ရနောင်းနဲ့ ကန်ကျနပူရီခရိုင်တွေမှာ ဖြစ်ခဲ့တာပါ။
အယုဒ္ဓယခရိုင်မှာဆိုရင် မနေ့ နိုဝင်ဘာ ၁၀ ရက် မနက် ၇ နာရီလောက်က အမှတ် ၃ တိုင်းဒေသ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့နဲ့ နယ်မြေခံ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေဟာ အယုဒ္ဓယခရိုင် မဟာရတ်မြို့နယ် ဘန့်ခဝမ်အုပ်စုရှိ လမ်းမကြီးပေါ်မှာ ယာဉ်အသွားအလာတွေ စောင့်ကြပ်စစ်ဆေးစဉ် ကားမှန်မှာ ဖလင်အနက်ရောင်တပ်ပြီး အလေးချိန်စီးနေတဲ့ မီးခိုးရောင် အီစူဇူး ကားတစီးကို မသင်္ကာတာကြောင့် တားဆီးစစ်ဆေးခဲ့တယ်။
ယာဉ်မောင်းမှာ မြန်မာနိုင်ငံသားတယောက်ဖြစ်ပြီး ကားထဲမှာ ထိုင်းနိုင်ငံထဲ ဝင်ရောက်ခွင့် အထောက်အထား တစုံတရာမရှိတဲ့ မြန်မာနိုင်ငံသား ၁၄ ယောက်ကို ပြည့်သိပ်နေအောင် တင်ဆောင်လာတယ်။ ယာဉ်မောင်းက အဲဒီလူတွေကို အထောက်အထားမရှိမှန်း သိလျက်နဲ့ ထိုင်းအရှေ့ပိုင်း ချွန်းပူးရီးခရိုင်ကို ပို့ဆောင်ပေးဖို့ တာ့ခ်ခရိုင် နယ်စပ်ဘက်ကနေ ခေါ်ဆောင်လာတာလို့ ဖွင့်ဟ ဝန်ခံပါတယ်။
အဖမ်းခံရသူတွေကတော့ သူတို့ဟာ နယ်စပ်တောလမ်းဘက်ကနေ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာပြီး လိုရာခရီးရောက်ဖို့ ပွဲစားကို တယောက် ဘတ် ၃၅,၀၀၀ ပေးရတယ်လို့ ဆိုပါတယ်။
နောက်ဖြစ်ရပ်တခုမှာ ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင်၊ ဆုခ်ဆမ်ရန်းမြို့နယ်ထဲမှာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၉ ရက် ညက နယ်မြေထဲမှာ တရားမဝင်အလုပ်သမားတွေ ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရတာကြောင့် လဝကရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေက ယာဉ်အသွားအလာ စောင့်ကြပ် စစ်ဆေးလျက်ရှိတယ်၊ အဲဒီအချိန် နားခါးအုပ်စု နယ်မြေ ၁ အပိုင်းရှိ လမ်းမပေါ်မှာ မီးခိုးရောင် မာဇဒါ ဟိုင်းလပ်စ်ကားတစီး မောင်းဝင်လာတယ်။
တာဝန်ရှိသူတွေက စစ်ဆေးဖို့ ရပ်မိန့်ပေးရာမှာ အဆိုပါကားက ရပ်မပေးတဲ့အပြင် အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်ထွက်ပြေးသွားခဲ့တယ်။ တာဝန်ရှိသူတွေက အနောက်က လိုက်လံဖမ်းဆီးရာမှာ ကားပေါ်မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၆ ယောက် တင်ဆောင်လာတာ တွေ့ရပါတယ်။ အဲဒီထဲမှာ ကလေး ၂ ယောက် ပါတယ်။ ယာဉ်မောင်းမှာ အသက် ၃၁ နှစ်ရွယ်ရှိ နိုင်းနာ့ဿ်ဝုဒ် ဆိုသူဖြစ်ပြီး ဒီမတိုင်ခင်က အမည်မသိ ပွဲစားတယောက်ဟာ အဆိုပါမြန်မာတွေကို ရနောင်းကနေ စူရတ်ဌာနီခရိုင် ဖွန်းဖင်းမြို့နယ်ကို ပို့ဆောင်ပေးဖို့ မက်ဆင်ဂျာကနေ ဆက်သွယ်လာတယ်။ ဒါကြောင့် တယောက်ကို ဘတ် ၃,၀၀၀ နှုန်းနဲ့ တင်ဆောင်လာတာလို့ ဖွင့်ဟဝန်ခံသွားပါတယ်။
အဆိုပါ နိုဝင်ဘာ ၉ ရက် တနေ့တည်းမှာပဲ ကန်ကျနပူရီခရိုင်၊ ဆန်ခလပူရီမြို့နယ်ထဲမှာ တရားမဝင် မြန်မာ ၇ ယောက် ဖမ်းဆီးခံရပါတယ်။ တာဝန်ရှိသူတွေဟာ နိုဝင်ဘာ ၉ ရက် ည ၉ နာရီလောက်က နယ်မြေလုံခြုံရေး ကင်းလှည့်စစ်ဆေးစဉ် နောင်လူးကျေးရွာအုပ်စု အမှတ် ၃၂၃ လမ်းမကြီးဘေးမှာ ရပ်ထားတဲ့ မသင်္ကာဘွယ် အီစူဇူး ဒီမတ်စ် အနက်ရောင်ကားတစီးကို ဝင်ရောက်စစ်ဆေးခဲ့တယ်။
ယာဉ်မောင်းမှာ ထိုင်းနိုင်ငံသား နိုင်းဝိရဖုန်း ဖြစ်ပြီး ကားပေါ်မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၈ ယောက်ကို ဖမ်းဆီးရမိခဲ့တာလို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
ဒီကနေ့မှာလည်း ကန်ကျနပူရီခရိုင်၊ ထောင်းဖာဖူးမြို့နယ် စစ်ဆေးရေးဂိတ်တခုမှာ အထောက်အထားမဲ့ မြန်မာအမျိုးသမီးတယောက်ကို ယာဉ်မောင်း ထိုင်းအမျိုးသားတယောက်နဲ့အတူ ဖမ်းဆီးရမိကြောင်း ကန်ကျနပူရီသတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံထဲမှာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စီးပွားရေး၊ လုံခြုံရေး၊ အလုပ်အကိုင်ရှားပါးမှု အခက်အခဲတွေဖြစ်ကာ ပြည်သူတွေဟာ နိုင်ငံခြားနဲ့ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ခွာပြီး လုပ်ကိုင်စားသောက်ရာမှာ တရားမဝင် ဝင်ရောက်လို့ ဖမ်းဆီးခံရတာတွေ နေ့စဉ်လို ရှိနေပါတယ်။
Source: Banmuang / Khaosod / Kanchanaburi News / Royal Thai Army အဝေးပြေးလမ်းရဲတပ်ဖွဲ့











