
မြန်မာနိုင်ငံဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကျည်တွေ ထိုင်းနိုင်ငံဘက်ကို ကျလာရင် ပြန်လည်တုံ့ပြန် ပစ်ခတ်မယ်လို့ ထိုင်းစစ်တပ်ဘက်က သတိပေးထုတ်ပြန်လိုက်ပါတယ်။
ကရင်ပြည်နယ်ဘက်မှာ မြန်မာစစ်အာဏာရှင်တပ်နဲ့ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ကြား ပစ်ခတ်မှုတွေ အဆက်မပြတ်ဖြစ်နေတာမှာ လက်နက်ကျည်ကြောင့် ရွာသားတွေ ထိခိုက် သေဆုံးရသလို ထိုင်းဘက်ခြမ်းကိုလည်း လက်နက်ကျည် ကျရောက်တာကြောင့် အိမ်ခြေ ထိခိုက် ပျက်စီးမှုတွေရှိခဲ့တာပါ။
အောက်တိုဘာ ၂၅ ရက် မနက် ၁ နာရီကလည်း ထိုင်းဘက်ခြမ်း မယ်ဟောင်ဆောင်ခရိုင်၊ မဲ့စရီးယန်း မြို့နယ်နဲ့ မျက်နှာချင်းဆိုင် ကရင်ပြည်နယ်၊ သံလွင်မြစ်ကမ်းပါးက မယ့်နူထကျေးရွာဘက်မှာ စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်လို့ အဲဒီရွာက ကရင် သားအဖ ၂ ယောက် လက်နက်ကျည်သင့်ပြီး ဒဏ်ရာရခဲ့တယ်လို့ မယ်ဟောင်ဆောင်ခရိုင်၊ ဆွပ်မွေးမြို့နယ် စီမံခန့်ခွဲရေးရုံး ဥက္ကဋ္ဌ နိုင်းဖုန်းဖိဖတ် မီးပျဉ်ကျမတ်က သတင်းထောက်တွေကို ပြောပါတယ်။
ရွာသားတွေက ထိခိုက်ဒဏ်ရာရတဲ့ သားအဖကို ထိုင်းဘက်ခြမ်းသို့ ဆေးလာကုခွင့် တောင်းခံခဲ့လို့ ထိုင်းဘက်ကလည်း လူသားချင်းစာနာထောက်ထားမှုအရ လာကုသဖို့ ခွင့်ပြုခဲ့တယ်၊ ရွာသားတွေက သူတို့သားအဖကို လှေနဲ့တင်ဆောင်ပြီး သံလွင်မြစ်ကို ကူးဖြတ်စဉ် ၃ နှစ်သားရွယ် ကလေးငယ်ဟာ လှေပေါ်မှာပဲ အသက်ဆုံးပါးသွားခဲ့ရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် ထိုင်းဘက်ကို ထွက်ပြေးခိုလှုံလာသူတွေရှိရင် ထိုင်း အမျိုးသားလုံခြုံရေးကောင်စီက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ဆောင်ရွက်ပေးဖို့ရှိတယ်။ ဒါပေမဲ့ အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းထိ ထွက်ပြေးလာတဲ့ ရွာသားတွေ မရှိသေးဘူ၊ မြန်မာဘက်ခြမ်းက တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမယ်လို့ ခန့်မှန်းရတယ်၊ ထိုင်းဘက်ကလည်း အခြေအနေတွေ စောင့်ကြည့်နေတယ်လို့ တာဝန်ရှိသူက ပြောကြောင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
AEC အာဆီယံထိုင်းသတင်းမှာတော့ တာ့ခ်ခရိုင် ၅ မြို့နယ်ရှိ တပ်ဖွဲ့ဝင်တွေအနေနဲ့ မိမိနိုင်ငံ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ နယ်စပ်တလျှောက်မှာ တပ်ဖြန့်ထားပြီး တဖက်နိုင်ငံက လက်နက်ကျည်တွေ ရည်ရွယ်ချက်ရှိရှိကျလာရင် ပြန်လည်တုံ့ပြန်ပစ်ခတ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
တာ့ခ်ခရိုင် မဲဆောက်၊ မယ့်လမတ်၊ ဖုပ်ဖရ၊ ထာ့ဆောင်ယန်းနဲ့ အုမ့်ဖန်စတဲ့မြို့နယ် ၅ ခုကို တာဝန်ယူထားတဲ့ ရာ့ချ်မနူး အထူးတပ်ဖွဲ့ဟာ နယ်စပ်လုံခြုံရေးအတွက် စစ်ရေး၊ နိုင်ငံရေး (သံတမန်ရေး)၊ သဘာဝဘေးအန္တရာယ်စီမံရေးနဲ့ ဒေသန္တရ ပူးပေါင်းဆောင်ရွက်ရေးစတဲ့ စီမံချက် ၄ ရပ် ချမှတ်ဆောင်ရွက်နေပါတယ်။
စစ်ရေးနဲ့ နယ်စပ်ကာကွယ်ရေးစီမံချက်မှာ မြန်မာဘက်ခြမ်းက လက်နက်ကျည်တွေ ထိုင်းဘက် ကျလာရင် ထိုင်းရဲ့အချုပ်အခြာအာဏာပိုင်မြေထဲ ကျရောက်လာတဲ့အကြောင်း သတိပေးတဲ့ အနေနဲ့ ပစ်ခတ်လာတဲ့ဘက်ကို ပြန်ပြီး မီးခိုးဗုံးနဲ့ ချက်ချင်းပစ်ခတ်မယ်။ လက်နက်ကျည်တွေဟာ တမင်ရည်ရွယ်တဲ့သဘောနဲ့ ထိုင်းပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ပျက်စီးဆုံးရှုံးစေ တယ်ဆိုရင် ထိုင်းတပ်မတော်အနေနဲ့ ပစ်ခတ်မှုရပ်တံ့ဖို့ ဖိအားပေးတဲ့အနေနဲ့ သင့်တော်တဲ့ အတိုင်းအတာနဲ့ ပြန်ပြီးတုံ့ပြန်ပစ်ခတ်သွားမယ်။ ကုန်းလမ်းရေလမ်းမှာ စစ်ဆေးရေးဂိတ်တွေ တိုးမြှင့်ရုံမက ဝေဟင်ကနေ ဒရုန်း/လေယာဉ်တွေနဲ့ပါ ကင်းလှည့်စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြို့နယ်အဆင့် နယ်စပ်ရေးရာကော်မတီ TBC ၊ ဒေသတွင်းအဆင့် ကော်မတီ RBC လမ်းကြောင်းကနေ မြန်မာ့တပ်မတော်ထံ တိုက်ရိုက်ချိတ်ဆက်သတိပေးသွားမယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ထိုင်းစစ်တပ်ဟာ သံတမန်လမ်းကြောင်းကနေလည်း တရားဝင် ကန့်ကွက်လွှာ ပေးပို့သွားမယ်။ ပျက်စီးဆုံးရှုံးမှုတွေအတွက် မြန်မာအစိုးရက တာဝန်ယူဖို့ နယ်စပ်တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းဖို့ တောင်းဆိုမယ်။ ကြိုတင်ကာကွယ်ရေး အစီအမံ ရေးဆွဲနိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ မြန်မာစစ်ကောင်စီတို့ကြား ပဋိပက္ခအခြေအနေတွေ အစဉ်မပြတ် စောင့်ကြည့်သုံးသပ်သွားမယ်။
ဒေသခံပြည်သူတွေ အကာအကွယ်ပေးဖို့နဲ့ ထိခိုက်မှု ကုစားရေးတွေမှာ တိုက်ပွဲပြင်းထန်က ယာယီခိုလှုံရေးစခန်းဆီ ချက်ချင်းရွှေ့ပြောင်းနိုင်ဖို့ ကြိုတင်အစမ်းလေ့ကျင့်ခြင်း၊ ဗုံးခိုကျင်း တည်ဆောက်ခြင်း၊ ပျက်စီးဆုံးရှုံးရတဲ့ အသက်အိုးအိမ် စိုက်ပျိးသီးနှံတွေ လျော်ကြေးပေးအပ်ဖို့ ရန်ပုံငွေ လုပ်ထုံးလုပ်နည်းတွေ ဖွဲ့စည်းဆောင်ရွက်ခြင်းစတာတွေ ပါဝင်ပါတယ်။
တိုက်ပွဲကြောင့် တဖက်နိုင်ငံက ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေကို လူသားချင်းစာနာမှုအရ သတ်မှတ်တဲ့နေရာမှာ လက်ခံထားပြီး သူတို့ဆီက တရားမဝင်ပစ္စည်းနဲ့ လက်နက်တွေ ပါ၊ မပါ တင်းကျပ်စွာ စစ်ဆေးမယ်၊ တိုက်ပွဲပြီးဆုံးပြီး အခြေအနေတည်ငြိမ်ပါက စစ်ဘေးရှောင်တွေ သူတို့ဆန္ဒအလျောက် နေရပ်ပြန်ပို့ဖို့ ပေါင်းစပ်ညှိနှို င်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
မြန်မာဘက်ခြမ်း တိုက်ပွဲက လက်နက်ကျည်တွေ ထိုင်းဘက်ကို ကျရောက်တာနဲ့ ပတ်သက်လို့ ထိုင်းဒေသခံတွေကလည်း ဒီကနေ့ အောက်တိုဘာ ၂၇ ရက်မှာ ဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။
တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မဟာဝမ်းကျေးရွာအုပ်စု၊ မဲ့ကုန်းကင်းရွာက ဒေသခံတွေဟာ ဒီနေ့မနက် ၈ နာရီခွဲလောက်က မဲ့ကုန်းကင်း စာသင်ကျောင်း အားကစားကွင်းထဲမှာ စုဝေးပြီး မြန်မာဘက်ခြမ်းက ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်းက ပြည်သူတွေရဲ့ ဘေးကင်း လုံခြုံရေးနဲ့ နေ့စဉ်လူနေမှုဘဝအပေါ် ဆက်တိုက်ထိခိုက်မှုတွေ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ တာဝန်ယူဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
၂၀၂၆ ဧပြီလမှ အောက်တိုဘာလထိ ကာလတွေအတွင်း မြန်မာဘက်က လက်နက်ကျည်ကြောင့် ထိုင်းဘက်ခြမ်းက နေအိမ် ၉ လုံး ထိခိုက်ပျက်စီးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၄ ယောက် ရှိတယ်လို့ ဆန္ဒပြသူတွေက သတင်းထောက်တွေကို ပြောပါတယ်။
Source: Khaosod / AEC อาเซียน News / North Now











