DVB Logo
Home
မြန်မာသတင်း
သက္ကလမြို့၌ မိုးသည်းထန်ပြီး လယ်ဧက ၁၀,၀၀၀ ကျော် ရေနစ်မြုပ်၊ စပါးခင်းများပျက်စီး
DVB
·
October 9, 2023
သက္ကလမြို့၌ မိုးသည်းထန်ပြီး လယ်ဧက ၁၀,၀၀၀ ကျော် ရေနစ်မြုပ်၊ စပါးခင်းများပျက်စီး
Donate to DVB

ပဲခူးတိုင်း၊ ကဝမြို့နယ်၊ သက္ကလမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် လယ်ဧက ၁၀,၀၀၀ ကျော် ရေနစ်မြုပ်ပြီး စပါးခင်းတွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သက္ကလမြို့မှာ အောက်တိုဘာ ၃ ရက်နေ့တည်းက မိုးဆက်တိုက်ရွာနေပြီး ‌ရေထွက်ပေါက်ချောင်းမှာ ကျွဲတဲရိုးရွာဆည် ခံနေတာကြောင့် ရေထွက်ပေါက်နည်းပြီး ကျေးရွာ ၁၂ ရွာရှိ လယ်ဧက ၁၀,၀၀၀ ကျော် ရေမြုပ်ပြီး ထက်ဝက်ခန့် ပျက်စီးခဲ့ပါတယ်။

စပါးစိုက်တောင်သူတဦးက “ကျနော်တို့ဆီမှာက လွန်ခဲ့တဲ့တပတ်တည်းက ရေမြုပ်နေတာ။ အခု ရေထပ်တက်တော့ ပိုဆိုးသွားတယ်။ ရေစီးနေတဲ့ချောင်းပေါ်မှာ ကျွဲတဲရိုးရွာဆည်က ခံနေတော့ ရေအထွက်နည်းပြီး စပါးပင်တွေ ပိုပျက်စီးသွားတယ်။ အခု ရေမကျသေးတော့ ဆုံးရှုံးမှု ဘယ်လောက်ရှိလဲ ပြောရခက်ပေမဲ့ သက္ကလရဲ့ မိုးစပါးစိုက်ဧက တဝက်ကျော်က လုံးဝသွားပါပြီ။ ပြန်ရရင်လည်း အဖျင်းတွေပဲ ရတော့မှာ။ ဒီရက်ပိုင်း စပါးရိတ်တဲ့သူရှိတယ်။ တဧကကို တင်း ၂၀ ထွက်တော့တာ၊ အစ်ကိုတို့ဆီမှာ အရင်က အနိမ့်ဆုံး တင်း ၇၀ ထိထွက်တာ” လို့ ပြောပါတယ်။

သက္ကလမြို့မှာရှိတဲ့ လယ်သမားအကုန်လုံး မိုးစပါးစိုက်ပျိုးကြပြီး အခုနှစ် မိုးစပါးစိုက်ဧက ၂၅,၀၀၀ ကျော်ရှိပြီး ၁၀,၀၀၀ ကျော် ရေမြုပ်ခဲ့ကာ ရေပြန်ကျပါကလည်း အကောင်းတိုင်း ပြန်မရနိုင်တော့ဘဲ ထက်ဝက်ကျော် ပျက်စီးသွားမှာဖြစ်သလို ကျန်ထက်ဝက်ကလည်း အဝါဖောက်သွားမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

သက္ကလမြို့မှာ ရေမြုပ်တာကြောင့် တောင်သူတွေ ဒုက္ခရောက်နေသလို အခုနှစ်အတွင်း ဆိုင်ကယ်လိုင်စင်ဘီးတွေသာ စီးခွင့်ပေးပြီး လိုင်စင်မရှိပါက နေရာဒေသမရွေး ဖမ်းတာကြောင့် စပါးသယ်ရာမှာ ဆိုင်ကယ်နဲ့ အဓိကထား သယ်နေရတဲ့ လယ်သမားတွေအတွက် အခက်အခဲများစွာ ရှိနေတယ်လို့ တောင်သူတဦးက ပြောပါတယ်။

“လမ်းခရီးက မကောင်းဘူးလေ၊ စပါးကို ဆိုင်ကယ်နဲ့ပဲ သယ်နေရတာ။ သက္ကလမြို့မှာက လယ်ထဲ ခြံထဲ သွားတာဆိုတော့ လိုင်စင်မပါတဲ့ဘီးပဲ အများဆုံးသုံးကြတာ။ အခုကြတော့ လယ်ထဲမှာစီးလည်း ဖမ်းတာဆိုတော့ အခက်အခဲ အများကြီးရှိတယ်။ စပါးတွေကလည်း ရေမြုပ်ပြီးပျက်၊ ဈေးကောင်းကလည်းမရ၊ သယ်ယူပို့ဆောင်ရေးကလည်း အဆင်မပြေ၊ ဒီနှစ် တော်တော်ကို ခက်ခဲပါတယ်။”

သက္ကလမြို့မှာရှိတဲ့ ကသစ်ပင်ရွာ၊ ကျွဲတဲရိုးရွာ၊ မက္ကဘင်ရွာ၊ ဒေးဂလုံရွာ၊ သာကောရွာ၊ သာကောဒေးဂလုံရွာ၊ သရက်ပင်ကုန်းနဲ့ မြေမာပင်ရွာတွေမှာ မိုးစပါးကို အဓိက စိုက်ပျိုးပါတယ်။

ပဲခူးတိုင်းနေရာအနှံ့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေနစ်မြုပ်တာကြောင့် လူနေအိမ်ခြေတွေ ရေနစ်မြုပ်သလို လယ်တွေလည်း ရေမြုပ်ပြီး စပါးခင်းတွေလည်း ပျက်စီးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013