
ဧရာဝတီတိုင်းမှာ မိုးသည်းသည်းထန်ထန်ရွာတာကြောင့် တောင်သူတွေရဲ့ မိုးစပါးခင်းအများအပြား ရေနစ်မြုပ်နေတယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၆ ရက်နဲ့ ၁၇ ရက်တို့မှာ ၂ ရက်ဆက်တိုက် မိုးသည်းသည်းထန်ထန်ရွာသွန်းခဲ့တာကြောင့် အခုမိုးသီးနှံစိုက်ပျိုးရာသီအတွင်း ဧရာဝတီတိုင်းက ဒေသခံတောင်သူတွေစိုက်ပျိုးထားတဲ့ စပါးပင်တွေလဲကျပြီး ပျက်စီးဆုံးရှုံးနိုင်တဲ့ အခြေအနေ ရှိတယ်လို့ ဆိုပါတယ်။
ဘိုကလေးမြို့နယ်က တောင်သူတယောက်က “စပါးခင်းတွေက အနှံတွေကောင်းတယ်။ အနှံကောင်းတော့ အားတက်နေတာ။ အောက်တိုဘာလကုန်ဆို ရိတ်သိမ်းတော့မှာ။ အခု မိုးမိလို့ အကုန်လဲကျကုန်ပြီ။ လဲကျပြီး ရေဝပ်နေရင် အကုန်ပျက်စီးကုန်မှာ” လို့ ပြောပါတယ်။
လာမဲ့ နိုဝင်ဘာလပထမအပတ်လောက်မှာ ရိတ်သိမ်းဖို့ပြင်ဆင်ထားတဲ့ ဧရာဝတီတိုင်းအတွင်းက ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ကျိုက်လတ်၊ ဖျာပုံ၊ မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ ဝါးခယ်မ၊ လပွတ္တာနဲ့ အိမ်မဲမြို့နယ်တို့က ဒေသခံတောင်သူတွေစိုက်ပျိုးထားတဲ့ စပါးပင်တွေဟာ ရေထဲမှာ လဲကျပြီး ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။
စိုက်ပျိုးရေးပညာရှင်တယောက်က “ရိတ်သိမ်းဖို့ အချိန်တန်နေပြီဖြစ်တဲ့ စပါးတွေဆိုရင် အချိန်မဆွဲဘဲ ရိတ်သိမ်းဖို့နဲ့ ရိတ်သိမ်းလို့ရတဲ့အခြေအနေရှိရင် ကြိုတင်ရိတ်သိမ်းတဲ့စနစ်ကိုလုပ်ဖို့ အကြံပြုချင်တယ်။ သဘာဝဘေးအန္တရာယ်က တနေ့တခြား ပြောင်းလဲနေတယ်။ ရိတ်သိမ်းပြီးတဲ့ စပါးတွေကိုလည်း အချိန်မီ အမိုးအကာအောက်ရောက်အောင် လုပ်ဆောင်ဖို့လိုပါတယ်” လို့ ပြောပါတယ်။
မိုးသည်းသည်းထန်ထန်ရွာတာကြောင့် တောင်သူတွေစိုက်ပျိုးထားတဲ့ ဧည့်မထ၊ နှံကား၊ ဧရာဝတီပေါ်ဆန်း၊ မနောသုခ၊ GW-11၊ မင်းဧရာ၊ ဗျောက်သုခ၊ GW-1၊ စာဖိုးသာနဲ့ ကျားပျံစတဲ့ ဈေးကွက်ဝင်စပါးတွေ ရေနစ်မြုပ်နေတယ်လို့ ဆိုပါတယ်။
စပါးခင်းတွေ ရေနစ်မြုပ်တာကြောင့် စပါးအတွင်းက ဆန်သားကို ထိခိုက်ပြီး အရည်အသွေးကျဆင်းနိုင်တယ်လို့ သိရပါတယ်။
ဆန်နဲ့ စပါးအရည်အသွေး စစ်ဆေးတဲ့ကိရိယာနဲ့ စစ်ဆေးရာမှာ အရောင်မကောင်းတာတွေ ဖြစ်ပေါ်လာရင် ဈေးကောင်းမရတာ၊ ဝယ်ယူသူမရှိတာ၊ ဈေးဖြတ်ပြီးရောင်းချရတာနဲ့ ရရှိတဲ့ဈေးအတိုင်း ရောင်းချရတာတွေ ကြုံတွေ့ရတယ်လို့ တောင်သူတွေက ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ ရက်ဆက်ရွာသွန်းနေတဲ့မိုးကြောင့် ရေကျန်နောက်စိုက်လို့ ခေါ်တဲ့ နောက်ဆုံးစိုက်ပျိုးထားပြီး လက်ရှိအနှံထွက်နေတဲ့ စပါးခင်းတွေပါ ရေထဲလဲကျလို့ ပျက်စီးနိုင်တဲ့ အခြေအနေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။











