မိုးနဲမြို့နယ်တွင် စပါးခင်း ဧကပေါင်း ၃, ၀၀၀ ကျော် ရေလွှမ်းမိုး

ရှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့နယ်ထဲမှာ ပြီးခဲ့တဲ့အပတ်က မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီး ရေလျှံတာကြောင့် စပါးခင်း ဧကပေါင်း ၃, ၀၀၀ ကျော် ရေလွှမ်းမိုးခံခဲ့ရတယ်လို့ ဒေသခံတောင်သူ လယ်သမားအဖွဲ့တွေထံက သိရပါတယ်။
နိုဝင်ဘာ ၈ ရက်ကစ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေတွေပါ ဝင်လာတာကြောင့် ၁၀ ရက်၊ ၁၁ ရက်နဲ့ ၁၂ ရက်တွေမှာ စပါးခင်းတွေ အတော်များများ ရေလွှမ်းပြီး ရေကြီးတဲ့ ၃ ရက်တာကာလအတွင်း စပါးခင်း ၂၇၁၄ ဒသမ ၃၆ ဧက ရေမြှုပ်သွားတယ်လို့ မိုးနဲမြို့နယ် တောင်သူလယ်သမားများအဖွဲ့ အတွင်းရေးမှူး စိုင်းပန်ဖာ့က DVB ကို ပြောပါတယ်။
“လယ်ကွင်းထဲ ရေဝင်တာ ၃ ရက်ပါ ။ ၁၁ ရက်နေ့က အဆိုးရွားဆိုးပဲ။ စပါးစိုက်တောင်သူ ၅၄၄ ယောက်ပိုင်တဲ့ လယ်ကွင်းပေါင်း ၂၇၁၄ ဒသမ ၃၆ ဧက ရေထဲမြှုပ်သွားတယ်။ လုံးဝပျက်စီး သွားတာက ၁၈၆၉ ဒသမ ၄၉ ဧက၊ တချို့တဝက်ပျက်တာက ၈၄၄ ဒသမ ၈၇ ဧက၊ ဒါတောင် အလှမ်းဝေးတဲ့ ရွာတွေဘက်က စာရင်းတွေ ရောက်မလာသေးဘူး။ ကျနော်ထင်တာတော့ အားလုံးပေါင်း ဧက ၃,၀၀၀ ကျော်မယ်ထင်တယ်။ အဲဒီထဲက ဘာမှမကျန်အောင် ဆုံးရှုံး ပျက်စီးတာ က ဧက ၂,၀၀၀ လောက်တော့ ရှိလိမ့်မယ်။”
ပျက်စီးသွားတဲ့ စပါးတွေ အစားထိုးပြန်စိုက်ပျိုးဖို့၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် စစ်အာဏာရှင် လက်အောက်ခံ လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကိုရော ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံကိုပါ စာပို့တောင်းခံထားသလို လူမှုအခြေပြုအဖွဲ့အစည်းတွေကလည်း အကူအညီတွေ ကူညီတောင်းခံ ပေးဖို့ စာရင်းဇယားတွေ တောင်းခံထားတယ်လို့ စိုင်းပန်ဖာ့က ပြောပါတယ်။
အလားတူ လဲချားမြို့နယ်ထဲမှာလည်း နိုဝင်ဘာ ၈ ရက်မှ ၁၂ ရက်တွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး နမ့်ဟွေ၊ နမ့်ဟန်၊ နမ့်တိန်းချောင်းရေတွေ လျှံကျကာ စပါးစိုက်ခင်းထဲ ရေတွေ ဝင်ကုန်တာရှိပါတယ်။
ဝမ်လေကျေးရွာအုပ်စု နားယောင်းရွာမှာ တောင်သူ ၈ ယောက်ပိုင် စပါးခင်း ၄၂ ဧက၊ ဝမ်ခဲမ်အုပ်စု တောင်သူ ၃ ဦးပိုင် ၇ ဧက၊ ဝမ်ထီအုပ်စု မတ်မုန့်ဆဲမ်း၊ စလိုင်းခွန်ရွာက တောင်သူ ၁၉ ဦးပိုင် စပါးခင်း ၁၀၁ ဧက ၊ နောင်ပန်ရွာက တောင်သူ ၂၃ ဦးရဲ့ စပါးခင်း ၅၁ ဒသမ ၃၆ ဧက၊ ဟိုနောင်အွန်ရွာက တောင်သူ ၆ ဦးပိုင် ၁၃ ဒသမ ၅ ဧက စုစုပေါင်း ၂၀၄ ဒသမ ၈၆ ဧက ရေလွှမ်းမိုးခဲ့ပြီး အဲဒီရွာတွေဟာ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်ရဲ့ ထိန်းချုပ်နယ်မြေတွေထဲက ဖြစ်တယ်လို့ အဖွဲ့အစည်းရဲ့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။
လဲချားက လယ်ပိုင်ရှင်တယောက်က သူ့လယ်ကွင်းက စပါးတွေ ရင့်မှည့်ပြီး ရိတ်သိမ်းနေတာ မပြီးခင် ရေလွှမ်းကုန်တယ်၊ ရေပြန်ကျသွားတော့ စပါးစေ့တွေအကုန်အညှောက်ပေါက်ပြီး ပျက်စီး ကုန်တယ်လို့ လူမှုကွန်ရက်မှာ လိုက်ဖ်လွှင့်ရင်း ပြောပါတယ်။
အဆိုပါနေ့ရက်တွေမှာ နမ့်စန်၊ ကျိုင်းတောင်း၊ ခိုလမ်၊ လင်းခေး၊ ဟိုပုံး၊ ရွှေညောင်၊ ညောင်ရွှေ၊ တောင်ကြီး၊ ဆီဆိုင်၊ ဖယ်ခုံ စတဲ့ မြိုနယ်တွေမှာလည်း ရေကြီးရေလျှံပြီး စပါးခင်းတွေ၊ ကောက်ပဲ သီးနှံစိုက်ခင်းတွေ အတော်များပျက်စီးခဲ့ပါတယ်။
Source: မိုးနဲမြို့နယ် တောင်သူလယ်သမားအဖွဲ့ ၊ SSPP.Info











