
ရခိုင်ပြည်နယ်မှာ မိုးရွာသွန်းမှု နည်းပါးပြီး လယ်ကွင်းတွေ ရေခန်းခြောက်လာတဲ့အတွက် စိုက်ပျိုးထားတဲ့ စပါးစိုက်ဧကတွေ ပျက်စီးမဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံလယ်သမားတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းကစပြီး မိုးရွာသွန်းမှု မရှိသလောက် နည်းသွားသလို အပူချိန်တွေလည်း မြင့်မားလာတဲ့အတွက် ရိတ်သိမ်းချိန် မရောက်သေးတဲ့ စပါးခင်းတွေမှာ ရေလိုအပ်ချက်က အရမ်းများနေပါတယ်။
ရေလုံလောက်မှုမရှိတဲ့အတွက် စပါးပင်တွေ ခြောက်ကပ် ညှိုးနွမ်းလာပြီး လယ်မြေတွေလည်း ပက်ကြားအက်ကာ မာကြောလာတဲ့အတွက် စိုက်ပျိုးထားတဲ့ စပါးပင်တွေ အားလုံး သေဆုံးသွားနိုင်တယ်လို့ လယ်သမားတယောက်က ပြောပါတယ်။
“လယ်လုပ်တဲ့အချိန်မှာ မိုးမရွာဘူး။ ရေတင်ဖို့ စက်လည်းမရှိဘူး။ စပါးတွေ အကုန်ရဲနေပြီ။ စက်ရပေမဲ့ ဆီမရှိရင်လည်း အခက်အခဲပါ။ ဆီဈေးတွေကလည်း ခက်တယ်။ ရေမတင်ဘဲ ဒီအတိုင်းထားရင်လည်း အပင်တွေ သေကုန်မယ်။ နောက်ဆက်တွဲကတော့ စိုက်ထားတဲ့ စပါးတွေသာ မထွက်ရင် လယ်သမားတွေမှာ အစစအရာရာ အခက်အခဲပါပဲ။”
ရေလိုအပ်ချက်အတွက် စပါးစိုက်ဧကတွေကို ရေစက်နဲ့ ရေတင်စိုက်ပျိုးဖို့ ကြိုးစားကြပေမဲ့ စက်သုံးဆီဈေးနှုန်းတွေက အဆမတန် ကြီးမားနေတာ၊ ရေစက်နဲ့ ရေပိုက်တွေ မရှိကြတာတွေကြောင့် လယ်သမားအများစုဟာ ရေပေးဝေနိုင်တာ မရှိကြပါဘူး။
အဲဒီအပြင် စိုက်ပျိုးရေးသွင်းအားစုတွေကလည်း ကုန်ကျစရိတ် မြင့်မားတာနဲ့ အယ်လ်နီညိုဖြစ်စဉ်လည်း ရှိနေတဲ့အတွက် လယ်သမားတွေအနေနဲ့ ကိုယ်တိုင် ဖြေရှင်းနိုင်စွမ်းမရှိဘဲ စပါးခင်းတွေ ပျက်စီးသွားမှာကိုသာ စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။
လယ်သမားတယောက်က “ကျနော်တို့ လယ်သမားတွေကတော့ အယ်လ်နီညိုကြောင့် အပူချိန်လည်း မြင့်တက်ပြီး မိုးခေါင်တဲ့ဒဏ်ကို အလူးအလဲ ခံနေကြရတာပါ။ လယ်သမားတွေက ဒီအခက်အခဲကို ကိုယ့်ဘာကိုယ် မဖြေရှင်းနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်။ ဒီအချိန်မှာ စပါးက ရေရဖို့ အရေးကြီးနေပါတယ်။ ရေတင်ဖို့က ဆီဈေးကလည်း ကြီးတယ်။ တချို့နေရာတွေ ရေသွယ်ဖို့က ရေပိုက်ပေ ထောင်ချီလိုတော့ အခက်အခဲ ဖြစ်နေကြတယ်။ ဒါတွေကို မဖြေရှင်းနိုင်လိုက်ဘူး ဆိုရင်တော့ တနှစ်လုံးလုပ်ထားတဲ့ သွင်းအားစုတွေ ဆုံးရှုံးပြီး လယ်သမားတွေ အခက်အခဲ ဖြစ်မှာဖြစ်သလို အာရက္ခဒေသမှာလည်း ရိက္ခာအခက်အခဲ ကြုံလာရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
စပါးစိုက်ပျိုးဧက စုစုပေါင်း ၁၁ သိန်းလောက်ရှိတဲ့ ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့နှစ်တွေက စိုက်ပျိုးစရိတ် ကြီးမားတာနဲ့ စပါးဈေးကွက် အခက်အခဲတွေကြောင့် လယ်ဧကတွေကို လျှော့ချ စိုက်ပျိုးခဲ့ကြပါတယ်။
အခု ၂၀၂၆ ခုနှစ်မှာတော့ ၆ သိန်းဝန်းကျင်လောက်သာ လျှော့ချစိုက်ပျိုးခဲ့ပြီး မိုးခေါင် ရေခန်းတဲ့ အခက်အခဲကြောင့် စပါးပင်တွေ ပျက်စီးမဲ့အရေးကိုပါ ထပ်ပြီး ကြုံတွေ့နေရတာ ဖြစ်ပါတယ်။











