
ဧရာဝတီတိုင်းမှာ၊ မိုးသည်းထန်စွာရွာသွန်းတဲ့ဒဏ်ကြောင့် ရိတ်သိမ်းဆဲနဲ့ ရိတ်သိမ်းခါနီး မိုးစပါးခင်းတွေ လဲကျပြီး ရေနစ်မြုပ်ပျက်စီးမဲ့ အခြေအနေရှိနေတယ်လို့ ဒေသခံတောင်သူတွေဆီက သိရ ပါတယ်။
နိုဝင်ဘာ ၅ ရက် မနက်ပိုင်းကနေ ၆ ရက် မနက်ပိုင်းအထိ ရွာသွန်းခဲ့တဲ့ မိုးကြောင့် အခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီမှာ ဒေသခံတောင်သူတွေ စိုက်ပျိုးထားတဲ့ ရိတ်သိမ်းဆဲနဲ့ ရိတ်သိမ်းခါနီး မိုးစပါးခင်း တွေ လဲကျပြီး ရေနစ်မြုပ်နေတာဖြစ်ပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်က တောင်သူတယောက်က “ရိတ်ထားတဲ့စပါးတွေက စုပုံထားရတော့ အပင်တွေပေါက်ကုန်တော့မယ်။ ခြွေပြီးသားစပါးတွေကလည်း နေလှန်းလို့မရတော့ အပင်ပေါက်မှာ။ ရိတ်ခါနီးစပါးတွေကလည်း လဲကျပြီး ရေမြုပ်နေတာ” လို့ ပြောပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ မအူပင်၊ ကျိုက်လတ်၊ ညောင်တုန်း၊ ဖျာပုံ၊ ဓနုဖြူ၊ အိမ်မဲ၊ ကန်ကြီးထောင့်နဲ့ ဇလွန်မြို့နယ်တွေက ဒေသခံတောင်သူတွေ စိုက်ပျိုးထားတဲ့ မိုးစပါးခင်းတွေ ရေနစ်မြုပ်နေပြီး တချို့စပါးခင်းတွေမှာ ရေအနက် ၂ ပေကနေ ၃ ပေအထိ ရှိနေ တယ်လို့ ဆိုပါတယ်။
ကျိုက်လတ်မြို့နယ်က ဒေသခံတောင်သူတယောက်က “အခု ရေမြုပ်နေတဲ့ စပါးခင်းတွေက ဝင်းမှည့် နေတဲ့ စပါးတွေဆိုတော့ အပင်ပေါက်လွယ်တယ်။ ရေထုတ်ဖို့ကလည်း လယ်ချင်းဆက် နေတဲ့ လယ်တွေမှာပါ ရေဝင်နေတော့ ခက်တယ်။ ဆီဖိုးမတတ်နိုင်တော့ စက်နဲ့လည်း ရေစုပ်မထုတ်နိုင်ဘူး” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့ဒဏ်ကြောင့် စပါးအချောအုပ်စုမှာ ပါဝင်တဲ့ ပေါ်ဆန်းရင်၊ ကျားပျံ၊ ဧရာဝတီပေါ်ဆန်း စတဲ့ စပါးမျိုးတွေနဲ့ အကြမ်းအုပ်စုမှာ ပါဝင်တဲ့ ရက် ၉၀၊ ဧရာပဒေသာ၊ မနောသုခ၊ ဧည့်မထ၊ နှံကားနဲ့ ဧရာမင်း စတဲ့ မိုးစပါးခင်းတွေ ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။
ရေမြုပ်နေတဲ့ စပါးခင်းတွေကို ရေပြန်လည်ထုတ်ပြီး ရိတ်သိမ်းနိုင်ခဲ့ရင်တောင် စပါးတဧကကို ပုံမှန်တင်း ၁၀၀ ထွက်ရှိရာကနေ ၇၅ တင်းသာ ထွက်ရှိနိုင်တော့မှာဖြစ်ပြီး စပါးအရည်အသွေးလည်း ကျဆင်းကာ ဈေးကောင်းမရတဲ့အခြေအနေအထိ ဖြစ်ပေါ်နိုင်တယ်လို့ တောင်သူတွေက ဆိုပါတယ်။











