
အပူချိန်ပြင်းထန်တဲ့ စူပါအယ်လ်နီညိုရာသီဥတုနဲ့ ကြုံနေရချိန် ရန်ကုန်တိုင်းအတွင်းက စပါးစိုက်ကွင်းတွေမှာ ကြွက်ကျရောက်ဖျက်ဆီးမှု စတင်ကြုံနေရပြီး ကိုယ်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေကြရတယ်လို့ ကြွက်ပြဿနာ ကြုံနေရသူ လယ်သမားတချို့က ပြောပါတယ်။
ရန်ကုန်တိုင်း ဒလမြို့နယ်က လယ်သမားတယောက်က “ကိုက်တာကတော့ တကွင်းလုံး ဖြစ်နေတာပဲ။ ဒီနှစ်က ပိုဆိုးလာတာပေါ့။ အခု ဒသမ ၈၀ လောက် (တဧကနီးပါး) ပျက်စီးခဲ့ပြီ။ အခုက စပါးအဖုံး တက်နေချိန် (ဖူးနေချိန်) ပေါ့။ စပါးရိတ်ချိန်ဆို ပိုဆိုးလာမလားဘဲ” လို့ ပြောပါတယ်။
ရန်ကုန်တိုင်းထဲမှာ အဓိက စပါးစိုက်ပျိုးတဲ့ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းနဲ့ ဒလ ဒေသတွေမှာ အခုလို ကြွက်ပြဿနာကို လယ်သမားတွေ ကြုံနေရတာဖြစ်ပြီး စစ်အာဏာရှင်အစိုးရရဲ့ အကူအညီ မရဘူးလို့ လယ်သမားတချို့က ပြောပါတယ်။
နောက်ထပ် ဒလမြို့နယ်က လယ်သမားတယောက်က “ဖြစ်နေတာက ကျနော်တို့ရွာမှာတင် မဟုတ်ဘူးလေ၊ တနယ်လုံးပဲ။ တခြားဒေသတွေ လယ်အကိုက်ခံနေရတာပဲ။ ဘယ်သူ အကူအညီပေးမှာလဲဗျာ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းရတာပါပဲ။ ဒီနှစ် ကြွက်က ပိုဆိုးလာတယ်” လို့ ပြောပါတယ်။
ရန်ကုန်တိုင်းထဲက လယ်ယာမြေအများဟာ ဒီနှစ် မိုးစပါးစိုက်ရာသီ အစမှာကတည်းက ပြင်းထန်တဲ့ ရာသီဥတုနဲ့ ကြုံပြီး စပါးပင်တွေ သေတာ၊ ရေကြီးနစ်မြုပ်တာတွေ ကြုံရတာကြောင့် နှစ်ကြိမ် ပြန်စိုက်ပျိုးခဲ့ရတာတွေ ရှိခဲ့ပါတယ်။
ကုလသမဂ္ဂ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာအဖွဲ့ (FAO) ရဲ့ စာရင်းတွေအရ ရန်ကုန်တိုင်းထဲမှာ နှစ်စဉ် မိုးစပါး စိုက်ဧက ၁ သန်းကျော်အထိ ရှိတယ်လို့ ဖော်ပြပါတယ်။











