DVB Logo
Home
မြန်မာသတင်း
ပဲခူးမြို့ ၌ ရေဆက်ကြီးနေပြီး ဆေးရုံကြီးနှင့် ကယ်ဆယ်ရေးစခန်းများပါ ရေဝင်ရောက်
DVB
·
October 9, 2023
ပဲခူးမြို့ ၌ ရေဆက်ကြီးနေပြီး ဆေးရုံကြီးနှင့် ကယ်ဆယ်ရေးစခန်းများပါ ရေဝင်ရောက်
1 / 9
Donate to DVB

ပဲခူးမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတချို့မှာ ရေဝင်ရောက်နေသလို ပဲခူးပြည်သူ့ဆေးရုံကြီးနဲ့ ကယ်ဆယ်ရေးစခန်းတွေမှာပါ ရေဝင်နစ်မြုပ်နေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

အောက်တိုဘာ ၇ ရက်ကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြို့ အနိမ့်ပိုင်း ရပ်ကွက်တွေမှာ ရေဝင်ရောက်ခဲ့လို့ အဲ့ဒီရပ်ကွက်အတွင်း နေထိုင်သူတွေကို လူမှုကူညီရေးအသင်းတွေက ရေဘေးရှောင်စခန်းတွေကို ပို့ဆောင်ကူညီပေးခဲ့ရပါတယ်။

နှစ်ရက်ဆက် မိုးရွာသွန်းမှုကြောင့် အောက်တိုဘာ ၉ ရက်အထိ မိုးရေချိန် ဆက်လက်မြင့်တက်နေပြီး ပဲခူးမြို့ အမြင့်ပိုင်းတွေမှာပါ ရေဝင်ရောက်လို့ ပဲခူးပြည်သူ့ဆေးရုံကြီးနဲ့ ကယ်ဆယ်ရေးစခန်းတွေမှာပါ ရေကြီးနေပါတယ်။

ပဲခူးမြို့ ကလျာဏီရပ်ကွက်မှာ နေထိုင်သူ ကိုမင်းမင်းက “မိုးက အဆက်မပြတ် ရွာတာ။ ဒီနေ့မနက်တော့ ရွာလိုက် တိတ်လိုက်ပဲ။ အခုက ကယ်ဆယ်ရေးစခန်းတွေပါ ရေမြုပ်နေတော့ ပိုဆိုးတာပေါ့။ မိုးပြတ်တောင် ရေက တော်တော်နဲ့ကျမှာ မဟုတ်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပဲခူးမြို့မှာ နှစ် ၆၀ အတွင်း စံချိန်တင် မိုးရွာသွန်းမှုကြောင့် တမြို့လုံးနီးပါး ရေနစ်မြုပ်နေပြီး ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားတဲ့ ဘုန်းကြီးကျောင်းတွေနဲ့ ဆေးရုံကြီးမှာပါ ရေဝင်ရောက်နေပါတယ်။

ပဲခူးမြစ် စိုးရိမ်ရေအမှတ် ၃ ပေကျော်အထိ မြင့်တက်လာပြီး ဆည်ရေတွေလည်း ပြည့်လျှံနေတဲ့အတွက် ဆည်မကျိုးစေဖို့ ဆည်ရေတွေလည်း လွှတ်နေတယ်လို့ သိရပါတယ်။

လူမှုကူညီရေးအသင်းဝင်တဦးက “မိုးနည်းနည်းပါးသွားပေမဲ့ ဆည်ရေတွေလွှတ်နေတော့ ရေက မကျသွားဘူး။ မြစ်ရေကလည်း တက်နေတယ်။ ဆည်လွှတ်တဲ့ရေကြောင့်လည်း ရေကြီးမှုက ရက်ရှည်နေမှာ စိုးရိမ်ရတယ်။ တမြို့လုံးနီးပါး ရေမြုပ်တဲ့အတွက် အကူအညီက ထမင်းထုပ်နဲ့ သောက်ရေလောက်ရရင်ကို အဆင်ပြေပါပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပဲခူးမြို့နဲ့ ၄ မိုင်ခန့်သာ ကွာဝေးတဲ့ မဇင်းဆည်၊ အလိုင်နီဆည်၊ ဇောင်းတူဆည်တွေမှာ မိုးရေတွေ ပြည့်လျှံနေတဲ့အတွက် ဆည်ရေဖောက်ချနေတာဖြစ်ပြီး အဲဒီဆည်တွေထဲက အလိုင်နီဆည် ရေလွှတ်ဖို့အတွက် ရေထိန်းတံခါးဖွင့်မရလို့ ကရိန်းကားနဲ့ ရိုက်ဖျက်နေရတယ်လို့လည်း သိရပါတယ်။

အခုတကြိမ်နဲ့ဆို ပဲခူးမြို့မှာ တနှစ်အတွင်း ရေကြီးမှု ၃ ကြိမ်အထိရှိခဲ့ပြီး တမြို့လုံးနီးပါး ရေဘေးရှောင်နေရတဲ့အတွက် အကူအညီတွေ လိုအပ်နေပြီး မြို့ခံလူမှုကူညီရေးအသင်းတွေက ကူညီဆောင်ရွက်ပေးနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013