
ပဲခူးတိုင်း၊ ပဲခူးမြို့မှာ ဆိုင်ကယ်ကယ်ရီသမားကို ရိုက်နှက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၂၄ ရက်က ပဲခူးမြို့ ဇိုင်းဂနိုင်း GTB ရှေ့ကနေ ကောလိပ်ဘုရားသုံးဆူအကျော်ရွာအထိ ဆိုင်ကယ်ကယ်ရီ ငှားတာကြောင့် လိုက်ပို့ခဲ့ရာက ကောလိပ်ဘုရာသုံးဆူအကျော်နားအရောက်မှာ ရိုက်နှက်ခံရပြီး ဆိုင်ကယ်လုယက်ခံရတာလို့ သိရပါတယ်။
ဖြစ်စဉ်ကို သိရှိသူတယောက်က “အခုဖြစ်တဲ့လမ်းကြောင်းက ကယ်ရီသမားတွေ မောင်းပို့နေကြ လမ်းပါ။ ငှားတဲ့ လမ်းအတိုင်း လိုက်ပို့တာ။ လူပြတ်တဲ့နေရာအရောက် ကယ်ရီသမားကို ငှားလာတဲ့ အမျိုးသားက ရုတ်တရက်ဇက်ကို ထုရိုက်ပြီး ဆိုင်ကယ်လုသွားတာ။ ကယ်ရီသမား ဇက်အရိုး ကျိုးသွားတယ်” လို့ ပြောပါတယ်။
ရိုက်နှက်လုယက်တဲ့အမျိုးသားဟာ အရပ်ရှည်ရှည် ပိန်ပိန် အသက် ၃၀ ဝန်းကျင်အရွယ်ဖြစ်ပြီး ဆိုင်ကယ်လုယက်ခံရသူ အမျိုးသားကတော့ လမ်းဘေး ရေအိုင်အတွင်းလဲကျနေပြီး ကားသမားတယောက်က တွေ့ရှိပြီး ကားပေါ် တင်ကာ ပဲခူးမြို့ဆေးရုံကို ပို့ပေးခဲ့တယ်လို့ သိရပါတယ်။
မြေပြင်ကူညီဆောင်ရွက်ပေးသူတယောက်က “ဆိုင်ကယ်သမားကို ကားသမားတယောက်က ကယ်တင်ပြီး ဆေးရုံပို့ပေးလို့သာ တခါတည်းမသေတာ။ ဇက်ကျိုးတဲ့ အထိကို ဖြစ်တာ။ အခုတော့ ပဲခူးဆေးရုံကနေ ရန်ကုန်ဆေးရုံကို လွှဲထားတယ်” လို့ ပြောပါတယ်။
ဆိုင်ကယ်လုယက်တဲ့ အမျိုးသားကို စက်တင် ဘာ ၂၆ ရက်အထိ ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ သိရပါတယ်။
ပဲခူးမြို့မှာ လုယက်၊ ဓားပြတိုက် ဖောက်ထွင်းခိုးယူတဲ့ ဖြစ်စဥ်တွေ မကြာခဏ ဖြစ်ပေါ်နေပြီး ကျူးလွန်ခံရတဲ့သူတွေက စစ်ကောင်စီ ရဲတပ်ဖွဲ့ဆီ တိုင်ကြားပေမဲ့ တရားခံတွေကို ဖမ်းဆီးရမိမှု အလွန်နည်းတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။










