Search Results For: ဆောက်သမ်တန်

ဆောက်သမ်တန်အား အညှာအတာမဲ့ကစားခဲ့သည့် ယူနိုက်တက်ကစားများကို ဆိုးလ်ရှား ချီးကျူး

ဆောက်သမ်တန်အသင်းကို အညှာအတာကင်းမဲ့စွာအနိုင်ယူခဲ့တဲ့ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်အပေါ် ယူနိုက်တက်နည်းပြဆိုးလ်ရှားက ကျေနပ်အားရနေပါတယ်။ 

ဒီပွဲမှာ ဆောက်သမ်တန်အသင်းအတွက် အထမဆုံးအဖြစ်ပွဲချိန်ပြည့်ပွဲထွက်ခွင့်ရတဲ့ ကွင်းလယ်လူ ဂျန်ကီဝစ်ဇ်ဟာ ပွဲအစ ၂ မိနစ်မှာတင် အနီကတ်ထိခဲ့ပါတယ်။ 

ဒီအနီကတ်ဟာ ယူနိုက်တက်အသင်းအတွက် စံချိန်တင်အနိုင်ရလဒ်ထွက်ပေါ်လာစေဖို့ အကြောင်းပြချက်တစ်ခုဖြစ်ခဲ့ပြီး ဆိုးလ်ရှားရဲ့အသင်းသား ၇ ဦးက ပြိုင်ဘက်ကို ၉ ဂိုးသွင်းကာ ပရီးမီးယား လိဂ်သမိုင်းရဲ့ဂိုးအပြတ်ဆုံးနိုင်ပွဲဆိုတဲ့ စံချိန်ကိုလိုက်မီခဲ့ပါတယ်။

ပွဲအပြီးမှာ ဆိုးလ်ရှားက “သူတို့ဟာ တကယ့်ကို အညှာအတာကင်းမဲ့လွန်းပါတယ်။ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ ဒီဂီယာနဲ့ တွမ်မီနေးတို့ဟာ သူတို့ဘက်ကအခြမ်းမှာ ဘောလုံးကို ခပ်မြန်မြန်ကစားပြီး ဂိုးတွေသွင်းနိုင်သလောက်ထပ်သွင်းဖို့ ကြိုးစားခဲ့ပါတယ်။ သူတို့ကစားနေတဲ့ပုံက သူတို့ရဲ့  နောက်ဆုံးပွဲလိုပါပဲ။ ကျနော် သဘောအကျဆုံးအရာကတော့ သူတို့ရဲ့ဆာလောင်မှုနဲ့ စိတ်ဓာတ်ကိုပါပဲ။ ဒါ့ကြောင့် သူတို့ပိုကောင်းလာဖို့လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ ကျနော်တို့ဟာ ကြိုတင်ခန့်မှန်းလို့မရတဲ့ အသင်းတစ်သင်းအဖြစ် ရှိနေချင်ပါတယ်။ ဒါကို ကစားသမားတွေက အတိအကျလုပ်ပြနိုင်ခဲ့ပါတယ်” လို့ ” လို့ ဆိုးလ်ရှားကပြောပါတယ်။ 

တစ်ခါတစ်ရံမှာတချို့အသင်းတွေဟာ တစ်ယောက်လျော့သွားတဲ့ အသင်းတွေကို ရင်ဆိုင်ရာမှာ ရုန်းကန်လေ့ရှိတတ်ပေမယ် ဂျန်နကီဝစ်ဇ်ရဲ့အနီကတ်က ပွဲကိုပွင့်သွားစေ ခဲ့တယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။  

“တခါတလေကျနော်တို့ ၁၀ ယောက်ပဲကျန်တဲ့ အသင်းတွေနဲ့ကစားရာမှာ သူတို့ဟာ နောက်မှာပဲနေပြီး ခံစစ်ကို သေချာလုံအောင်ကစားတတ်ပါတယ်။ ကျနော်တို့ဆိုဒ်ချိန်းတာမျိုး၊ ခံစစ်တန်းနောက်ကို ထိုးဖောက်တာမျိုးနဲ့ တခြားကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေလုပ်နိုင်ခဲ့ပါတယ်။ ကျနော်တို့ ကစားရမယ့်ပုံစံအတိုင်း ကစားနိုင်ခဲ့ပါတယ်” လို့ ဆိုးလ်ရှားက ပြောပါတယ်။

ဒီနိုင်ပွဲကြောင့် ယူနိုက်တက်အသင်းဟာ ၂ ပွဲပိုကစားပြီး ထိပ်ဆုံးက မန်စီတီးအသင်းနဲ့ ရမှတ်တူအနေအထားကို  ရောက်ရှိလာခဲ့ပါတယ်

3 months Ago

မန်ယူနိုက်တက်က ဆောက်သမ်တန်ကို ၉ ဂိုးပြတ်အနိုင်ရ (ရုပ်သံဟိုက်လိုက်)

ဆောက်သမ်တန်အသင်းကို ၉ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီးတဲ့နောက်မှာ မန်ချက်စတာယူနိုက် တက်အသင်းဟာ ပရီမီးယားလိဂ်သမိုင်းမှာ အကြီးမားဆုံး ဂိုးပြတ်အနိုင်ရရှိမှုစံချိန်ကို လိုက်မီခဲ့ပြီဖြစ်ပါတယ်။ 

ဒီနေ့မနက်အစောပိုင်း ကစားခဲ့တဲ့ မန်ယူနိုက်တက်အသင်းရဲ့ အိမ်ကွင်းပွဲစဉ်မှာ ဆောက်သမ်တန်အသင်းဟာ ပွဲအစကတည်းက အခြေအနေမကောင်းခဲ့တာပါ။ သူတို့ရဲ့ ကစားသမား အလက်ဇန်းဒရီဂျန်ကီဝစ်ဇ်ဟာ တွမ်မီနေးကိုအဖျက်ကြမ်းခဲ့လို့ ပွဲအစ ၂ မိနစ်မှာတင် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

ဒါ့ကြောင့် ဒီကစားသမားဟာ ၂၀၁၇ စက်တင်ဘာလ စပါးအသင်းရဲ့ ဆာ့ဂျ်အော်ရီယာနောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ပွဲမှာတင် ထုတ်ခံရတဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။ 

ဒါ့အပြင် ၂၀၁၀  အောက်တိုဘာလနောက်ပိုင်း အနီကတ်ထိခဲ့တဲ့ အသက်ငယ်ဆုံးကစားသမားဆိုတဲ့ စံချိန်ဆိုးကိုလည်း ရရှိခဲ့ပါတယ်။ 

သူ့မတိုင်ခင် ဝီရှိုင်းယားက အသက် ၁၈ နှစ် ၂၈၈ ရက်နဲ့အနီကတ်ထိခဲ့ကာ ဂျန်ကီဝစ်ဇ်ကတော့ ၁၉ နှစ် ၃၉ ရက်နဲ့ အနီကတ် ထိခဲ့တာပဲဖြစ်ပါတယ်။ 

ပွဲအစကတည်းက တစ်ယောက်အသာရရှိခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ပထမပိုင်းမှာတင် ၄ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ သွင်းဂိုးတွေကို ဝမ်ဘစ်ဆာကာ၊ ရက်ဖို့ဒ်၊ ကာဗာနီအပြင်  ဆောက်သမ်တန်ကစားသမား ဂျန်ဘတ်နာရတ်တို့ရဲ့ ကိုယ့်ကိုယ်ကိုယ်သွင်းယူမှုကနေ ရရှိခဲ့ပါတယ်။

ဒုတိယပိုင်းဟာ ဧည့်သည်ဆောက်သမ်တန်အသင်းအတွက်ပိုပြီး အခြေအနေဆိုးရွားခဲ့ပြီး မာရှယ်က ၂ ဂိုး ထပ်သွင်းသလို၊ တွမ်မီနေးက တစ်ဂိုး၊ ဖာနန်ဒက်စ်နဲ့ ဒန်နီယယ်ဂျိမ်းစ်တို့က တစ်ဂိုးစီထပ်မံသွင်းယူခဲ့ပြီး ဘတ်နာရတ်ဟာလည်း ပွဲပြီးခါနီး ၈၆ မိနစ်မှာ ထပ်မံပြီး အနီကတ်ပြခံခဲ့ရပါတယ်။ 

အင်္ဂါနေ့နိုင်ပွဲကြောင့် ယူနိုက်တက်အသင်းဟာ ၁၉၉၅ ခုနှစ်မှာ တင်ထားတဲ့ လက်စတာစီတီးအသင်းရဲ့ ၉ ဂိုးပြတ်နိုင်ပွဲစံချိန်ကို လိုက်မီခဲ့ပြီလည်းဖြစ်ပါတယ်။ 

လက်စတာဟာ အက်စ်ဝှစ်တောင်းအသင်းကို ၉ ဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပြီး ၂၀၁၉ အောက်တိုဘာမှာလည်း ဆောက်သမ်တန်အသင်းကို ဒီရလဒ်နဲ့ပဲ ထပ်မံအနိုင်ယူခဲ့ပြန်ပါတယ်။ 

လက်စတာနဲ့ ယူနိုက်တက်အသင်းတို့ ၉ ဂိုးပြတ် သွင်းယူနိုင်ခဲ့တဲ့ အသင်းဟာ ဆောက်သမ်တန်ပဲဖြစ်နေတာ တိုက်ဆိုင်မှုတစ်ခုဖြစ်ပြီး ယူနိုက်တက်အသင်းအတွက် ၉ ဂိုးကို ကစားသမား ၇ ဦးက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒါဟာ ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးပြီးနောက် ဒုတိယမြောက်လည်းဖြစ်ပါတယ်။ အင်္ဂါနေ့ရလဒ်ဟာ ဆိုးလ်ရှားရဲ့အသင်းအတွက် ဒီရာသီပရီးမီးယားလိဂ်မှာ ၆ ဂိုး ဒါမှမဟုတ် ၆ ဂိုးအထက်သွင်းယူနိုင်ခဲ့တဲ့ ဒုတိယပွဲလည်း ဖြစ်ပါတယ်။ ဒါဟာ ၂၀၀၀-၀၁ နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ဒီလိုသွင်းဂိုးမျိုးတွေ ၂ ကြိမ်ဆက်တိုက်မြင်ရတဲ့ ပထမဆုံးရာသီလည်း ဖြစ်ပါတယ်။

3 months Ago

အာဆင်နယ်နောက်ခံလူ မိန့်လန်နိုင်းစ်ကို ဝက်စ်ဘရွန်းနှင့် ဆောက်သမ်တန်တို့ ခေါ်ယူလို

အာဆင်နယ်အသင်း နောက်ခံလူ မိန့်လန်နိုင်းစ်ကို ဝက်စ်ဘရွန်းနဲ့ ဆောက်သမ်တန်အသင်း တွေက ခေါ်ယူလိုနေပါတယ်။

အသက် ၂၃ နှစ်ရှိ အင်္ဂလန်လက်ရွေးစင်နောက်ခံလူ မိန့်လန်နိုင်းစ်ဟာ အာဆင်နယ်မှာ ပွဲထွက်ခွင့်နည်းပါးနေပြီး ပုံမှန်ပွဲထွက်ခွင့်ရမယ့် အသင်းတသင်းဆီ ပြောင်းရွှေ့လိုနေတာပါ။ 

သူဟာ နောက်ခံလူနေရာထက် ကွင်းလယ်တောင်ပံမှာ ထွက်ကစားဖို့ ဆန္ဒရှိနေပြီး ဝက်စ်ဘရွန်းနဲ့ ဆောက်သမ်တန်အသင်းတွေက ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဘက်ကတော့ မိန့်လန်နိုင်းစ်ကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခွင့်ပြုဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

3 months Ago

ဆောက်သမ်တန်တိုက်စစ်မှူး ဒန်နီရယ်အင့်စ်ကို  ခေါ်ယူရန် မော်ရင်ဟိုအား တိုက်တွန်း

ဒန်နီရယ်အင့်စ်အနေနဲ့ မန်စီးတီးအသင်းကို ပြောင်းပါက ရုန်းကန်ရနိုင်ပြီး စပါးအသင်းကို လာမယ်ဆိုရင် သူ့အတွက် အကောင်းဆုံး ဖြစ်လာနိုင်တယ်လို့ စပါးကစားသမားဟောင်း ဂျင်မီအိုဟားရားက ပြောပါတယ်။ ဆောက်သမ်တန်အသင်းမှာ ပြသနေတဲ့ခြေစွမ်းကြောင့် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး အင့်စ်နဲ့ ပတ်သတ်တဲ့ အပြောင်းအရွှေ့သတင်းတွေဟာ တော်တော်လေး အသံထွက်နေပါတယ်။  လီဗာပူးအသင်းမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီးနောက် အသက် ၂၈ နှစ်အရွယ်အင့်စ်ဟာ သူ့ရဲ့ ဂုဏ်သတင်းကို ထပ်မံတည်ဆောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒဏ်ရာတွေ ကင်းစင်တဲ့ ကစားသမားဟာ စိန့်အသင်းအတွက် ၈၁ ပွဲမှာ ဂိုး ၄၀ သွင်းယူပေးခဲ့ပြီး လက်ရွေးစင်အသင်းအတွက်လည်း ပြန်ခေါ်ခံခဲ့ရပါတယ်။  လတ်လောသတင်းတွေအရ အင့်စ်ကို ခေါ်ချင်တဲ့အသင်းပေါင်းများစွာ ရှိနေပြီး အိုဟားရားကတော့ စပါးအသင်းက သူ့အတွက်အကောင်းဆုံးဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပြု ပါတယ်။  “ ဒန်နီရယ်အင့်စ်ရဲ့ ခြေစွမ်းက ထိပ်ဆုံး ၆ သင်းမှာ ဝင်ဆံ့တယ် ဆိုတာ သေချာပါတယ်။ ဒါ့ကြောင့် စပါးအသင်းအနေနဲ့ သူ့ကို ခေါ်ဖို့ ကြိုးစားသင့်ပြီး သူ့ကိုရှေ့တန်းမှာ ဟာရီကိန်းနဲ့ တွဲဖက်ကစားခိုင်းသင့်ပါတယ်။ သူရောက်လာရင် ကိန်းက ၄-၂-၃-၁ ကစားကွက်မှာ နောက်ဆင်း ကစားလို့ ရပါတယ်” လို့ ပြောပါတယ်။  ဆက်လက်ပြီး သူက “အခုလက်ရှိ စပါးရုန်းကန်နေရတဲ့ အခြေအနေဟာ ကောင်းတာ ထက်ပိုကောင်းတယ်ဆိုတဲ့ ကစားသမားက ဆွန်ဟောင်မင်တစ်ယောက်တည်း ရှိနေလို့ပါ” လို့ ဆိုပါတယ်။   လက်ရှိအချိန်မှာ ကိန်းအနေနဲ့ အရေးပါတဲ့ ဆုဖလားတွေ ဆွတ်ခူးချင်စိတ်ရှိနေတာကြောင့် စပါးအသင်းမှာ ကာလရှည်ဆက်ရှိနေမှာ မဟုတ်ဘူးဆိုတဲ့ ယူဆချက်တွေလည်း ထွက်ပေါ်နေ ပါတယ်။ 
4 months Ago

ဆောက်သမ်တန်ကို လီဗာပူးအသင်း ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

ဒီကနေ့မနက်ပိုင်းက ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးအသင်းက ဆောက်သမ်တန်ကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။  အက်စတွန်ဗီလာကို ၇ ဂိုး ၂ ဂိုးနဲ့ရူံးနိမ့်ခဲ့ပြီးနောက် ဒီရာသီမှာ လီဗာပူးအတွက် ဒုတိယမြောက် ရှုံးပွဲကြုံခဲ့ရတာပါ။  လီဗာပူးအသင်းမှာ ဗဟိုခံစစ်ကစားသမားတွေ ဒဏ်ရာရနေတာကြောင့် ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဟန်ဒါဆန်နဲ့ ဖာဘင်ဟိုတို့ကို ကစားစေခဲ့တာပါ။  ပွဲအစ ၂ မိနစ်မှာပဲ ဆောက်သမ်တန်က ဦးဆောင်ဂိုးရခဲ့ပြီး ဒယ်နီအင့်စ်က သွင်းယူခဲ့တာပါ။ ပွဲချိန်အတွင်းမှာ လီဗာပူးက ဂိုးသွင်းခွင့်ပိုရခဲ့ပေမယ့် တိုက်စစ်ပိုင်းအားနည်းချက်တွေ ရှိခဲ့ပါတယ်။  ဒါ့အပြင် ပွဲချိန် ၅၁ မိနစ်မှာ အာနိုးလ်ရဲ့ ဂိုးကန်သွင်းချက်က ဆောက်သမ်တန်နောက်ခံလူ စတီဖန်ရဲ့ လက်ကို ထိခဲ့ပေမယ့် VAR နဲ့ ဆုံးဖြတ်ပြီး ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့တာကြောင့် လီဗာပူး နစ်နာခဲ့ရပါသေးတယ်။  နောက်ပိုင်းပွဲချိန်တွေမှာ ဆောက်သမ်တန်က ခံစစ်ကိုပိတ်ပြီး အနိုင်ရလဒ်ကို ထိန်းကစားခဲ့တာကြောင့် ၁ ဂိုး ဂိုးမရှိရလဒ်နဲ့ပဲ ပွဲပြီးခဲ့တာပါ။  လီဗာပူးအသင်း အမှတ်မရခဲ့တာကြောင့် ဇန်နဝါရီ ၁၃ ရက်နေ့ ဘန်လေနဲ့ ကစားရမယ့် မန်ယူက အနည်းဆုံး သရေတစ်မှတ်ရရင် အမှတ်ပေးဇယားကို ဦးဆောင်နိုင်မှာဖြစ်ပါတယ်။
4 months Ago

အာဆင်နယ်အသင်း ဆောက်သမ်တန်နှင့် ၁ ဂိုးစီသရေကျပြီး ရှုံးပွဲရပ်တန့်နိုင်

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ  အာဆင်နယ်အသင်းဟာ ဆောက်သမ်တန်နဲ့ တစ်ဖက် ၁ ဂိုးစီသရေကျခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်ရှုံးနိမ့်နေမှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အစ ၁၃ ပွဲမှာ ၁၄ မှတ်သာရရှိခဲ့ပြီး အဆင့် ၁၅ နေရာကို  ရောက်ရှိသွားခဲ့ပြီပဲဖြစ်ပါတယ်။  ဒါဟာ ၁၉၇၄-၇၅ နောက်ပိုင်း အသင်းရဲ့ အဆိုးရွားဆုံးရပ်တည်မှုလည်း ဖြစ်ပါတယ်။ နည်းပြအာတီတာလက်ထက်မှာ ကစားသမားတွေရဲ့စည်းကမ်းပိုင်းဟာ သိသာတဲ့ ကိစ္စတစ်ခုဖြစ်လာပြီး ဆောက်သမ်တန်နဲ့ပွဲမှာလည်း နောက်ခံလူ ဂါဘရီရယ် အနီကတ်ပြခံခဲ့ရပါတယ်။ ဒါ့ဟာအသင်းကို နည်းပြအာတီတာ ရောက်လာပြီးနောက် ပြခံရတဲ့ ၇ ခုမြောက် အနီကတ်ဖြစ်ပြီး တခြားအသင်းတွေထက်ပိုမိုများပြားနေတဲ့ ပမာဏလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဂိုးသမားလီနိုကတော့ အာတီတာကို ကာကွယ်ပေးသွားခဲ့ပြီး အခုလိုအသင်း အခြေအနေဆိုးရွားနေမှုမှာ သူနဲ့သူ့ ကစားဖော်အသင်းသားတွေကိုသာ အပြစ်တင်ရမှာလို့ ပြောပါတယ်။  “အာတီတာဖိအားတွေနဲ့ရင်ဆိုင်နေရတာက ပြဿနာမဟုတ်ပါဘူး။ အခုအခြေ အတွက်အပြစ်တင်မယ်ဆိုရင် နည်းပြက နောက်ဆုံးမှအပြစ်တင်ထိုက်သူဖြစ်ပါတယ်။ ခင်ဗျားအနေနဲ့ ကျနော်တို့ကွင်းထဲမှာ  ပြေးလွှားလှုပ်ရှားနေတဲ့ပုံကို ကြည့်မယ်ဆိုရင် ကစားသမားတွေကိုပဲ အပြစ်တင်သင့်တယ်ဆိုတာကိုသိမှာပါ။ ကျနော်ဒါကို ပွင့်ပွင့်လင်းလင်းပြောတာပါ။  ကျနော်တို့ အနီကတ်တွေထိတယ်။ အမှားတွေကျူးလွန်တယ်။ အဆင့်တွေထိုးကျနေပါတယ်။ ဒီကိစ္စတွေကို ကျနော် အကြိမ်ရေ  ၁၀၀၀ လောက်ဖြေရှင်းခဲ့ ပြီပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကစားသမားတွေဘက်မှာ အာရုံစိုက်မှုကျဆင်းနေတာက  အဓိက ကိစ္စအဖြစ်ရှိနေပါတယ်”လို့ လီနိုက Sky Germany ကို ပြောပါတယ်။  “နည်းပြက အဝတ်လဲခန်းထဲမှာလဲ ပြဿနာရှိမနေပါဘူး။ သူ့ကိုဘယ်သူမှလည်း မဝေဖန်ကြပါဘူး။ ကျနော်တို့ ကိုယ့်ကိုယ်ကိုယ်သာ ဝေဖန်ကြပြီး ကစားသမားတွေဟာလည်း ကိစ္စအတွက်သူတို့မှာ တာဝန်ရှိတယ်ဆိုတာ ကိုသိပါတယ်” လို့လည်း လီနိုက ပြောပါတယ်။  အာဆင်နယ်အသင်းဟာ  ပရီးမီးယားလိဂ် နောက်ဆုံး ၉ ပွဲမှာ ၁ ပွဲသာအနိုင်ရရှိခဲ့တာဖြစ်ပြီး ဒီလိုမျိုးအသင်းခြေစွမ်းကျဆင်းနေရခြင်းနောက်ကွယ်မှာ အကြောင်းတရား များစွာရှိနေတယ်လို့လည်း  လီနိုကပြောပါတယ်။ 
5 months Ago

ဆောက်သမ်တန်နှင့်ပွဲ၌ ပေါ့ဘာ၊ ရက်ရှ်ဖို့ဒ် ပါဝင်ကစားရန် မသေချာဟု ဆိုးလ်ရှားပြော

ဆောက်သမ်တန်နဲ့ပွဲမှာ ပေါ့ဘာနဲ့ ရက်ရှ်ဖို့ဒ်တို့ ပါဝင်ကစားနိုင်ဖို့ မသေချာဘဲဖြစ်နေတယ်လို့ မန်ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ပြောပါတယ်။ မန်ယူအသင်းဟာ နိုဝင်ဘာ ၂၉ ရက်နေ့ ဆောက်သမ်တန်နဲ့ ကစားရမှာဖြစ်ပြီး ခြေချင်းဝတ် ဒဏ်ရာရနေတဲ့ပေါ့ဘာ ဒဏ်ရာက ပြန်လည်သက်သာလာခြင်းမရှိသေးဘူးလို့ သိရပါတယ်။  ပေါ့ဘာဟာ နိုဝင်ဘာ ၂၇ ရက်အထိ လေ့ကျင့်ခန်းပြန်မဆင်းနိုင်ခဲ့တာကြောင့် ဆောက်သမ်တန်နဲ့ပွဲကို ဆက်လက်လွဲချော်ဖို့ရှိနေပါတယ်။  ဒါ့အပြင်  တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ဟာလည်း လေကျင့်ခန်းပြန်ဆင်းခဲ့ပေမယ့် ရာနှုန်းပြည့်ကြံ့ခိုင်မှုမရှိသေးကြောင်း နည်းပြ ဆိုးလ်ရှားက အတည်ပြုပါတယ်။  တွန်မီနေးနဲ့ ပေါ့ဘာတို့က နိုဝင်ဘာ ၂၇ ရက်အထိ လေ့ကျင့်ခန်းမဆင်းနိုင်သေးသလို ရက်ရှ်ဖို့ဒ်၊ လင်ဒီလော့ဖ်နဲ့ ဝမ်ဘစ်ဆာကာတို့ကတော့ လေ့ကျင့်ခန်းဆင်ခဲ့ပေမယ့် ရာနှုန်းပြည့် ကြံ့ခိုင်မှုမရှိသေးဘူးလို့ ဆိုးလ်ရှားက ပြောပါတယ်။  တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ အစ္စတန်ဘူလ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပင်နယ်တီကနေ ၁ ဂိုးသွင်းခဲ့ပြီး ပခုံးဒဏ်ရာရခဲ့တာကြောင့် ကြံ့ခိုင်မှုမပြည့်သေးတာ ဖြစ်ပါတယ်။
5 months Ago

ဂျိမ်းရိုဒရီဂွက်ဇ် ဒဏ်ရာကြောင့် ဆောက်သမ်တန်နှင့်ပွဲ လွဲချော်

ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ ကွင်းလယ်လူ ဂျိမ်းစ်ရိုဒရီဂွက်ဇ် လွဲချော်မယ်လို့ အဲဗာတန်နည်းပြ အန်စလော့တီက အတည်ပြုလိုက်ပါတယ်။  ရီးရဲလ်ကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် အဲဗာတန်မှာ ခြေစွမ်းပြနေတဲ့ ဂျိမ်းရိုဒရီဂွက်ဇ်ဟာ လီဗာပူးနဲ့ မာဆေးဆိုဒ်ဒါဘီမှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့တာပါ။ လီဗာပူးနောက်ခံလူ ဗန်ဒိုက်ရဲ့ ဖျက်ထုတ်မှုကြောင့် ဒဏ်ရာရခဲ့တာဖြစ်ပြီး ဆောက်သမ်တန်နဲ့ ပွဲကို ပါဝင်ကစားနိုင်မယ် မထင်ကြောင်း အန်စလော့တီက ပြောပါတယ်။  အဲဒီပွဲစဉ်မှာ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ရဲ့ ဖျက်ထုတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ ဗန်ဒိုက် အတွက်လည်း စိတ်မကောင်းဖြစ်မိတယ်လို့ အန်စလော့တီက ပြောပါတယ်။  ဗန်ဒိုက်ရဲ့ ဒဏ်ရာ အမြန်ဆုံးပြန်ကောင်းလာဖို့ မျှော်လင့်ပြီး ပရီးမီးယားလိဂ်ပွဲစဉ်ကတွေက လျင်မြန်မှုရှိတဲ့အတွက်  နောက်ကျပြီးမှ ဘောလုံးဝင်လုတဲ့အခါ အခက်အခဲရှိနိုင်တယ်လို့ နည်းပြ အန်စလော့တီက မှတ်ချက်ပေးခဲ့ပါတယ်။ 
7 months Ago

ဝဲလ်ကော့ အသင်းဟောင်း ဆောက်သမ်တန်ထံ ပြန်လည်ပြောင်းရွှေ့

ဆောက်သမ်တန်သင်းဟာ အဲဗာတန်အသင်းရဲ့ တောင်ပံကစားသမား သီယိုဝဲလ်ကော့ကို အငှားစာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။  ဒါကြောင့် ဝဲလ်ကော့ဟာ ၁၄ နှစ်အကြာမှာ အသင်းဟောင်း ဆောက်သမ်တန်ကို ပြန်လည်ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။  သူဟာ ၂၀၀၀ ပြည့်နှစ်မှာ ဆောက်သမ်တန်အသင်းရဲ့ အကယ်ဒမီကို ရောက်ရှိခဲ့သူဖြစ်ပြီး အသင်းအတွက် အငယ်ဆုံး ပွဲထွက်ကစားသမားအဖြစ်လည်း ၂၀၀၅ ခုနှစ် အသက် ၁၆ နှစ်နဲ့ ၁၄၃ ရက်မှာ ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာ သူဟာ အာဆင်နယ်အသင်းကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။  အခုချိန်မှာတော့ ဝဲလ်ကော့ဟာ အသင်းဟောင်း ဆောက်သမ်တန်ကို တရာသီအငှားနဲ့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဝဲလ်ကော့က “ကျနော့်ကို ကမ်းလှမ်းခဲ့တဲ့ တခြားအသင်းတွေ ရှိခဲ့ပေမဲ့ ဆောက်သမ်တန်က ကျနော့်ကို စိတ်ဝင်စားနေတယ်ဆိုတာနဲ့ ကျနော့်အသင်းဟောင်းကို ရွေးချယ်ခဲ့ပါတယ်။ ဒီအသင်းဟာ ကျနော့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကျနော့်လုံးသားထဲမှာ ရှိနေပါတယ်”လို့ ပြောပါတယ်။  ဝဲလ်ကော့ဟာ ဆောက်သမ်တန်ကနေ ထွက်ခွာလာခဲ့ပြီးနောက် အာဆင်နယ်အသင်းမှာ ၁၂ နှစ်ကြာ ကစားခဲ့ပြီး ၃၉၇ ပွဲမှာ အသင်းအတွက် ၁၀၈ ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် သူဟာ ၂၀၁၈ မှာ အဲဗာတန်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ၈၅ ပွဲမှာ ၁၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် အခုနှစ်နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးအချိန်မှာ အသင်းဟောင်းကို ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။  “ဆောက်သမ်တန်အသင်းနဲ့ ဝဲလ်ကော့တို့ကြားမှာ သမိုင်းကြောင်းတွေ ရှိပါတယ်။ ဒါဟာ ကစားသမားအတွက်ရော အသင်းပရိသတ်တွေအတွက်ပါ ဘယ်လောက် အရေးပါလဲဆိုတာကို ကျနော် သိပါတယ်။ ဒါပေမဲ့ ကျနော့်အတွက် အရေးကြီးဆုံးက အသင်းလူစာရင်းအတွက် အထောက်အကူဖြစ်စေပြီး အသင်းရဲ့တိုက်စစ်ပိုင်းကို တိုးတက်လာစေမယ့် ကစားသမားတစ်ဦးကို ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။" ဆောက်သမ်တန်နည်းပြ ရဲ့ပ်ဟက်ဆန်ဟက်က “ဝဲလ်ကော့ဟာ အရည်အသွေးအားလုံးကို ပိုင်ဆိုင်သူဖြစ်ပြီး ကျနော်တို့အသင်း ကစားဟန်နဲ့ ကိုက်ညီတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့အတွေ့အကြုံနဲ့ လွှမ်းမိုးမှုတွေဟာ အသင်းရဲ့ လူငယ်ကစားသမားတွေအတွက် အရေးပါတဲ့အရာ ဖြစ်လာပါလိမ့်မယ်”  ပြောပါတယ်။ ဝဲလ်ကော့ဟာ လာမယ့် အောက်တိုဘာ ၁၇ ရက် ဆောက်သမ်တန်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းသစ်အတွက် ပထမဆုံး ပွဲထွက်ခွင့်ရရှိဖွယ် ရှိနေပါတယ်။
7 months Ago

မန်ယူနှင့် ဆောက်သမ်တန် ၂ ဂိုးစီ သရေကျ

မနေ့ညက ကစားသွားတဲ့ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်မှာ မန်ယူအသင်းက ဆောက်သမ်တန်နဲ့ ၂ ဂိုးစီ သရေကျသွားပါတယ်။ မန်ယူအသင်းက အနိုင်ရမယ်ဆိုရင် အဆင့် ၃ နေရာအထိ တက်လှမ်းနိုင်မယ့် အခွင့်အရေး ရှိခဲ့ပေမယ့် သရေ ၁ မှတ်သာရခဲ့တာကြောင့် အဆင့် ၅ နေရာမှာ ဆက်လက် ရပ်တည်ခဲ့ပါတယ်။  ပွဲချိန် ၁၂ မိနစ်မှာ အမ်းစထရောင်းက ဦးဆောင်ဂိုး စသွင်းခဲ့ပေမယ့် ရက်ရှ်ဖို့ဒ်နဲ့ မာစီယယ်တို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ကို လူစားလဲပြီးနောက် မန်ယူအသင်းရဲ့ ကစားပုံ ကျဆင်းသွားခဲ့ပြီး ဆောက်သမ်တန်ရဲ့ ဖိအားပေးမှု ခံခဲ့ရပါတယ်။ မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၆ မိနစ်အရောက်မှာတော့ ဆောက်သမ်တန်အသင်း ချေပဂိုးရခဲ့ပြီး အိုဘာဖယ်မီက သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် ၃ ပွဲအလိုမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ချဲလ်ဆီး၊ လက်စတာ၊ မန်ယူအသင်းအပြင် အဆင့် ၆ နေရာက ဝုဗ်အသင်းကပါ အခွင့်အရေးရှိနေဆဲ ဖြစ်ပါတယ်။
10 months Ago

ဖာဂူဆန်ဆီက မက်ဆေ့ချ်တစောင်ကြောင့် ဘဝပြောင်းလဲခဲ့ဟု ဆောက်သမ်တန်နည်းပြပြော

ဖာဂူဆန်ဆီကရရှိတဲ့ မက်ဆေ့ချ်တစောင်က နည်းပြဘဝကို ပြောင်းလဲပေးနိုင်ခဲ့တယ်လို့ ဆောက်သမ်တန်နည်းပြ ဟက်ဆန်က ပြောလိုက်ပါတယ်။  ဆောက်သမ်တန်အသင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်က လက်စတာအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၉ ဂိုး ဂိုးမရှိနဲ့  အရှက်ရ ဖွယ်ရှုံးနိမ့်ခဲ့တာပါ။  အဲဒီပွဲစဉ်အပြီးမှာ မန်ယူနည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်က နည်းပြ ဟက်တန်ဟက်တယ်ဆီကို အားပေးတဲ့အနေနဲ့ ခွန်အားဖြစ်စေမယ့် မက်ဆေ့ချ် တစောင်ပို့ခဲ့ တာဖြစ်ပါတယ်။ အဲဒီ မက်ဆေ့ချ်လက်ခံရရှိခဲ့တဲ့အချိန်ကို အမြဲတမ်းသတိရနေပြီး အတွေ့အကြုံရှိတဲ့ နည်းပြတစ်ဦးအဖြစ် ပြောင်းလဲပေးခဲ့တယ်လို့ နည်းပြ ဟက်တန်ကပြောပါတယ်။ အဲဒီ မတိုင်ခင်က နည်းပြဟောင်းဖာဂူဆန်နဲ့ သိကျွမ်းခြင်းမရှိခဲ့ဘဲ ၉ ဂိုးပြတ်နဲ့ လက်စတာကို ရှုံးခဲ့လို့သာ    ဖာဂူဆန်နဲ့ အဆက်အသွယ်ရှိခဲ့တာဖြစ်တယ်လို့လည်း ဆောက်သမ်တန်နည်းပြက ပြောပါတယ်။ 
1 year Ago

အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်တွင်  စပါးစ်က ဆောက်သမ်တန်ကို အနိုင်ရ

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပြန်ကန်ပွဲစဉ်မှာ စပါးစ်က ဆောက်သမ်တန်ကို ၃ ဂိုး ၂ဂိုးနဲ့ အနိုင်ရသွားပါတယ်။  ဒီပွဲမှာ မိနစ် ၈၀ ကျော်အထိ တဘက် ၂ ဂိုးစီ သရေကျနေပေမယ့် ပွဲပြီးချိန်နီးမှ စပါးစ်အတွက် အနိုင်ဂိုးကို ကိုရီးယားတိုက်စစ်မှူး ဆွန်ဟောင်မင်းက ပင်နယ်တီကနေ သွင်းယူပါတယ်။  စပါးစ်က အိမ်ကွင်းမှာ ကစားရတာ ဖြစ်ပေမယ့် ဆောက်သမ်တန်က ဘောလုံးပိုင်ဆိုင်မှု ပိုသာခဲ့သလို ဂိုးပေါက် ကန်သွင်းခွင့်လည်း ပိုရခဲ့ပါတယ်။ ဒီပွဲနိုင်တဲ့ စပါးစ်က အက်ဖ်အေဖလား ပဉ္စမအဆင့်မှာ နော်ဝစ်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 
1 year Ago

လက်စတာက ဆောက်သမ်တန်ကို ၉ ဂိုးပြတ် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ကြားပွဲစဉ်မှာ လက်စတာက အဝေးကွင်းမှာ ဆောက်သမ်တန်ကို ၉ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။  ဒီသွင်းဂိုးစံချိန်ဟာ ၁၉၉၅ နောက်ပိုင်း ပရီးမီးယားလိဂ်မှာ သွင်းဂိုးအများဆုံး ပွဲလည်း ဖြစ်ခဲ့ပါတယ်။  ဆောက်သမ်တန်က ပွဲအစ ၁၂ မိနစ်လောက်မှာ တယောက် အထုတ်ခံခဲ့ရပါတယ်။ အဲဒီနောက်မှာ လက်စတာက အနိုင်ဂိုးတွေကို တိုက်စစ်မှူး ဗာဒီ၊ မက်ဒီဆန်၊ ပီရက်ဇ်၊ ချေဝဲလ်၊ တိုင်လီမန်းစ်တို့ အသီးသီးသွင်းယူပါတယ်။  လက်စတာဟာ အခုနောက်ပိုင်း ပွဲစဉ်တွေမှာ ခြေစွမ်းတက်နေတာပါ။ ဒီပွဲနိုင်လို့ လက်စတာက အမှတ် ၂၀ နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာကို တက်လှမ်းသွားပြီး ဇယားထိပ်က လီဗာပူးရဲ့ ၅ မှတ်အကွာမှာ ရပ်တည်နေပါတယ်။
2 years Ago

မန်စီးတီးနှင့် အမှတ်ကွာဟချက်ကြီးမားသွားခဲ့သည့် မန်ချက်စတာယူနိုက်တက်

အာဆင်နယ်အသင်းနဲ့ အမ်းမရိတ်ကွင်းမှာ ဂိုးမရှိ သရေကျခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးယားလိဂ်နောက်ဆုံး ၄ ပွဲမှာ ၃ ကြိမ်မြောက် အမှတ်ဆုံးရှုံးခဲ့ရပြီလည်း ဖြစ်ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူးကာဗာနီဟာ ဒီပွဲမှာ အပိုင်အခွင့်အရေး ၂ ကြိမ် ရရှိခဲ့ပေမယ့် ဂိုးအဖြစ် အဆုံးမသတ်နိုင်ခဲ့တာကြောင့် ယူနိုက်တက်အသင်းအတွက် နစ်နာခဲ့ရပြီး အာဆင်နယ်အသင်းကလည်း ဒီပွဲမှာ အမှတ်ရဖို့ ထိုက်တန်တဲ့ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ 

အာဆင်နယ်အသင်းအတွက် လာကာဇတ်ရဲ့ ဖရီးကစ်ကန်ချက် ဘားထိခဲ့သလို စမစ်ရိုးနဲ့  ပေပေတို့ရဲ့ ကန်သွင်းမှုတွေကိုလည်း ဒီဂီယာ ကာကွယ်ခဲ့ရပါတယ်။ အာဆင်နယ် ဂိုးသမား လီနိုဟာလည်း ဖရတ်ရဲ့ ကန်သွင်းမှုကို ကာကွယ်နိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ရီးရဲလ်ကနေ အငှားနဲ့ ခေါ်ထားတဲ့ ကစားသမားသစ် အိုဒီဂတ်ကို လူစားလဲ အသုံးပြုခဲ့ပေမယ့် ပွဲအပေါ် အပြောင်းအလဲ ကြီးကြီးမားမား မဖြစ်စေခဲ့တာကြောင့် ဂိုးမရှိ သရေရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။

ဒီရလဒ်ကြောင့် ယူနိုက်တက်အသင်းဟာ မြို့ခံပြိုင်ဘက်မန်စီးတီးအသင်းထက် ၁ ပွဲ ပိုကစား  ပြီးချိန်မှာ အမှတ်ကွာဟချက် ၃ မှတ်အထိ ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီပွဲမှာ အားထားရတဲ့ ကစားသမားတွေဖြစ်တဲ့ ဆာကာ၊ တီယာနေးတို့ကို လက်လွှတ်ခဲ့ရပြီး အသင်းခေါင်းဆောင် အူဘာမီယန်းကလည်း ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စတွေကြောင့် လွဲချော်ခဲ့ပါတယ်။

အဓိကကစားသမားတွေ မပါတဲ့ အာဆင်နယ်ဘက်ကို ဂိုးမသွင်းနိုင်ခဲ့တာဟာ မန်ယူနိုက်တက်အသင်းအတွက် နစ်နာမှုဖြစ်ပေမယ့် အာဆင်နယ်အသင်းကတော့ ဆောက်သမ်တန်အသင်းကို ရှုံးနိမ့်ထားမှုကနေ အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ အမ်းမရိတ်ပွဲအပြီးမှာ ပရီးမီးယားလိဂ် ၁၈ ပွဲဆက်တိုက် အိမ်ကွင်းအဝေးကွင်း ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ စံချိန်သစ်တစ်ခုကို ရရှိခဲ့ပါတယ်။ 

ဒါပေမဲ့ နည်းပြဆိုးလ်ရှားကတော့ စနေနေ့ ရလဒ်အပေါ် ကျေနပ်အားရမှုရှိတဲ့ပုံစံမျိုးမှာတော့ မရှိပါဘူး။ သူဟာ သီတင်းပတ်အလယ်ပိုင်းမှာ ရှက်ဖီးလ်အသင်းကို အံ့သြသင့်ဖွယ် ရှုံးနိမ့်ခဲ့မှုကနေ ရုန်းထွက်ဖို့အတွက် သေချာပြင်ဆင်လာခဲ့တာဖြစ်ပြီး ဒါကို တွမ်မီနေးဒဏ်ရာရရှိခဲ့ပြီးနောက် တိုက်စစ်မှူး မာရှယ်ကို လူစားလဲလိုက်ခြင်းမှာ အထင်းသားမြင်ရပါတယ်။

ဒါပေမဲ့ ဆိုးလ်ရှားရဲ့အသင်းဟာ ဂိုးရရှိဖို့ ရုန်းကန်ခဲ့ရသလို လိုအပ်နေတဲ့ ၃ မှတ်ကို ဆုံးရှုံးခဲ့ကာ ၁ မှတ်သာ ရရှိခဲ့ပါတယ်။

3 months Ago

အာဆင်နယ် လူငယ်ကစားသမားဆာကာကို ဖာဒီနန် ချီးကျူး

အာဆင်နယ်ကစားသမား ဘူကာရိုဆာကာဟာ လူငယ်တစ်ယောက် ဖြစ်ပေမယ့် ခေါင်းဆောင် တစ်ယောက်လို ရင့်ကျက်တည်ငြိမ်မှု ရှိလာပြီလို့ ဖာဒီနန်က ချီးကျူးလိုက်ပါတယ်။ 

အသက် ၁၉ နှစ်ပဲရှိသေးတဲ့ ဆာကာဟာ ဆောက်သမ်တန်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ခြေစွမ်းပြခဲ့ပြီး အနိုင်ဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု တကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။

ဆာကာဟာ အလွန်ကြီးမားတဲ့ သက်ရောက်မှုရှိစေပြီး သူ့ရဲ့ကျွမ်းကျင်မှုနဲ့ ကစားသွားတဲ့ ပုံစံက ရင့်ကျက်တည်ငြိမ်မှုရှိတယ်လို့ BT Sport ရုပ်သံမှ ဖာဒီနန်က ချီးကျူးခဲ့တာပါ။  

လက်ရှိခြေစွမ်းအရဆိုရင် ဆာကာက အသင်းကို ဦးဆောင်နိုင်တဲ့ ကစားသမားတစ်ဦးတောင် ဖြစ်နေပြီး စီနီယာကစားသမားတွေအနေနဲ့ ဆာကာကို ပွဲတိုင်းမှာ ပါဝင်ကစားစေဖို့ မျှော်လင့်ကြလိမ့်မယ်လို့လည်း ဖာဒီနန်က ချီးကျူးခဲ့ပါတယ်။

၂၀၁၉ ခုနှစ်က အသင်းကြီးမှာ စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ ဆာကာဟာ အသင်းအတွက် စုစုပေါင်း ၆၇ ပွဲ ကစားခဲ့ပြီး ၉ ဂိုး သွင်းထားပြီး ဖြစ်ပါတယ်။

3 months Ago

ခြေစွမ်းမပြနိုင်သေးသည့် ဝီလီယံနှင့်ပေပေကို ဆက်အားပေးကြရန် နည်းပြအာတီတာ တိုက်တွန်း

ခြေစွမ်းမပြနိုင်သေးတဲ့ ဝီလီယံနဲ့ နီကိုလပ်စ်ပေပေတို့ကို ဆက်လက်အားပေးကြဖို့ နည်းပြအာတီတာက တိုက်တွန်းလိုက်ပါတယ်။  ဝီလီယံနဲ့ ပေပေတို့ဟာ ဆောက်သမ်တန်ကို ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်မှာ ပွဲထွက်ကစားခဲ့ပြီး အသင်းအတွက် အကျိုးပြုကစားနိုင်ခြင်းမရှိခဲ့တာပါ။ ပြီးခဲ့တဲ့ တတိယအဆင့်ပွဲစဉ်မှာတုန်းကလည်း နယူးကာဆယ်အသင်းကို အနိုင်ရခဲ့ပေမယ့် ပေပေနဲ့ ဝီလီယံတို့ကို လူစားလဲအပြီးမှ အသင်းရဲ့ခြေစွမ်း ကောင်းမွန်လာခဲ့တာဖြစ်ပါတယ်။  နည်းပြချုပ်အာတီတာကတော့ သူတို့ ၂ ဦးစလုံးဟာလည်း အကောင်းဆုံး ကြိုးစားကစားခဲ့ကြသူတွေဖြစ်ပြီး နောက်ဆုံးပေးပို့မှုတွေမှာ လွဲချော်ခဲ့ကြတာလို့ ပြောပါတယ်။  ဘောလုံးလောကမှာ အဆုံးသတ်ပေးပို့မှုတွေ၊ ကန်သွင်းချက်တွေက အခက်ခဲဆုံးဖြစ်ပြီး သူတို့ ၂ ဦးကို တက်နိုင်သမျှ ဆက်လက်အားပေးသွားကြဖို့လိုတယ်လို့ ဆိုပါတယ်။ အိုင်ဗရီကို့စ်တောင်ပံကစားသမား ပေပေဟာ ၂၀၁၉ ခုနှစ်က လိုင်လီကနေ စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၇၂ သန်း နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ ပရီးမီးယားလိဂ် ၄၃ ပွဲမှာ ၇ ဂိုးသွင်း၊ ၆ ကြိမ်သာ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ဝီလီယံကတော့ အခုနှစ် ရာသီကမှ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ချဲလ်ဆီးကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ 
3 months Ago

လီဗာပူး၏ ချန်ပီယံအိမ်မက် ပျောက်ဆုံးဟု ကလော့ပ်ဝန်ခံ

ဘန်လေအသင်းကို ရှုံးနိမ့်ခဲ့ခြင်းက မျက်နှာတည့်တည့်ထိစေခဲ့ထိုးနှက်ချက်ဖြစ်ကာ သူတို့ အနေနဲ့ ချန်ပီယံဖြစ်ဖို့အကြောင်းကို စဉ်းစားဖို့မဖြစ်နိုင်တော့ဘူးလို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။  မနေ့ညက ရှုံးပွဲကြောင့် လက်ရှိ ချန်ပီယံ လီဗာပူးအသင်းရဲ့  ၆၈ ပွဲဆက်တိုက် အိမ်ကွင်း ရှုံးပွဲမရှိ စံချိန်လည်း ကျိုးပျက်သွားခဲ့ရပါပြီ။  အက်ရှ်လေဘန်းစ်ရဲ့ တစ်လုံးတည်းသော ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့ရတာဖြစ်ပြီး ၂၀၀၀ ပြည့်နှစ် မေလ နောက်ပိုင်း လီဗာပူးလ်အသင်းအတွက် ပထမဆုံးအဖြစ် လိဂ်ပွဲ ၄ ပွဲဆက်ဂိုးမသွင်းနိုင်ခဲ့တဲ့စံချိန်ကိုလည်း ရရှိခဲ့ပြီဖြစ်ပါတယ်။  ဒီရှုံးပွဲကြောင့် ထိပ်ဆုံးက မန်ယူနိုက်တက်အသင်းနဲ့ အမှတ်ကွာဟချက်ကလည်း ၆ မှတ်အထိ မြင့်တက်သွားခဲ့ပါပြီ။  လီဗာပူးတို့အနေနဲ့ ခရစ္စတယ်ပဲလေ့စ်ကို ၇ ဂိုးပြတ်နဲ့ နိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကို ဆက်ထိန်းဖို့ အခြေအနေကောင်းတွေရှိခဲ့ပေမဲ့ နောက်ပွဲတွေမှာ ဝက်စ်ဘရွမ်း၊ နယူးကာဆယ်နဲ့ ယူနိုက်တက်တို့ကို သရေကျခဲ့ကာ ဆောက်သမ်တန်ကို ရှုံးနိမ့်ခဲ့တာကြောင့် ထိပ်ဆုံးနေရာကို ဖယ်ပေးခဲ့ရပါတယ်။ ဘန်လေနဲ့ပွဲအပြီးမှာကလော့ပ်က “ကျနော်တို့  ဘောလုံးကိုင်ပြီး အခွင့်အရေး တချို့ကို ဖန်တီးနိုင်ခဲ့ပေမဲ့ အခြေအနေတွေကို အပြတ်မဖြတ်နိုင်ခဲ့ပါဘူး။ ဒါ့ကြောင့်သူတို့ ပင်နယ်တီ ရခဲ့တာဖြစ်ပြီး အလီဆန်ကတော့ သူ မထိခဲ့ဖူးလို့ ပြောပါတယ်။ ကျနော့်ကောင်လေးတွ ဒီညမှာ ကောင်းကောင်း ကြိုးစားခဲ့ပေမဲ့ အရာမထင်ခဲ့ပါဘူး။ အခုချိန်မှာတော့ ချန်ပီယံဆုအတွက် စဉ်းစားနေဖို့မဖြစ်နိုင်တော့ပါဘူး” လို့ ပြောပါတယ်။  ဒီပွဲရဲ့ ပထမပိုင်းပြီးချိန်မှာ နှစ်ဘက် နည်းပြ ၂ ဦးဟာ ဖာဘင်ဟို အဝါကတ်ထိခဲ့တဲ့ ဖြစ်ရပ်အတွက် အချင်း များခဲ့ကြပေမဲ့ ဒါကို သူအရင်စခဲ့တာ မဟုတ်ဘဲ အခုချိန်မှာ အားလုံးပြေလည်သွားခဲ့ပြီလို့လည်း ကလော့ပ်က ပွဲအပြီးမှာ ပြောပါတယ်။ 
4 months Ago

လီဗာပူး-ယူနိုက်တက်ပွဲအပါအဝင် ယခုသီတင်းပတ် ပွဲစဉ်များအပေါ် ဘာဘာတော့ဗ်ရဲ့ ခန့်မှန်းချက်

အခုသီတင်းပတ်ကုန်ပိုင်းမှာ လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦဆောင်နေတဲ့ အသင်း ၂ သင်းဖြစ်တဲ့ လီဗာပူးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားဖို့ရှိနေပါတယ်။  ဒီပွဲအပြင် မန်စီတီးအသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ပွဲလည်း ရှိနေပါတယ်။ ဒီပွဲတွေနဲ့ပတ်သက်ပြီး မန်ယူနိုက်တက် ကစားသမားဟောင်း ဒီမီထရီ ဘာဘာတော့ဗ်က အခုလို ခန့်မှန်းပေးထားပါတယ်။ ဝုဗ် -  ဝက်စ်ဘရွန်း ဝက်စ်ဘရွန်းအသင်းမှာ ဆမ်အလာဒိုက်အတွက် လွယ်ကူစေမယ့် အရာမျိုး မတွေ့ရသေးပါဘူး။ အရင်လိုမျိုး အမြင့်ဘောကစား၊ ဧရိယာထဲမှာ ဘောလုံးပေး၊ ခေါင်းတိုက်ဂိုးသွင်းတဲ့ ပုံစံမျိုးက ခေတ်မမီတော့ပါဘူး။ ဒါ့ကြောင့် ဒီနေ့အချိန်မှာ ဘောလုံးကိုပိုပြီး ပါးပါးနပ်နပ်ကစားဖို့ လိုအပ်ပါတယ်။ ဝက်စ်ဘရွန်းအသင်းဟာ သူတို့ရှိသင့်တဲ့နေရာမှာ ရှိမနေသေးတာကြောင့် ဒီပွဲမှာလည်း သူတို့အတွက် ခက်ခဲမယ်လို့ ထင်ပါတယ်။ ဝုဗ်အသင်းကပဲ ရလဒ်ကောင်းသွားပါလိမ့်မယ်။  (ခန့်မှန်း ၂ - ဝ) ဝက်စ်ဟမ်း - ဘန်လေ ဒီပွဲကတော့ ဝက်စ်ဟမ်းအတွက် အနိုင်ရလဒ်လို့ပဲ ထင်ပါတယ်။ ဘန်လေဟာ ဒီရာသီအတွင်း ခြေစွမ်းကောင်းမွန်မှုတစ်ချိုု့ရှိခဲ့ပြီး ရလဒ်ကောင်းတွေ ရယူထားနိုင်ပေမယ့် ဒီပွဲမှာတော့ ဝက်စ်ဟမ်းကပဲ အနိုင်ယူသွားပါလိမ့်မယ်။ (ခန့်မှန်းချက် ၂ - ၁) လိဒ် - ဘရိုက်တန် လိဒ်အနေနဲ့ ပြီးခဲ့တဲ့ပွဲတွေမှာ ရလဒ်တွေ ဆိုးရွားနေတာကို ပြန်လည်ချေဖြတ်ပြရမယ့်ပွဲပါ။ သူတို့ဟာ ရလဒ်တွေ ဆိုးရွားနေပေမယ့် အမှတ်ပေးဇယားမှာ ကြီးကြီးမားမား ပြောင်းလဲသွားတာမျိုး မရှိတာကြောင့် ဘီယက်ဆာဟာ ဒီပွဲအတွက် သူ့အသင်းကို ဖိအားပေးပြင်ဆင်လာဖိုရှိနေပါတယ်။ လိဒ်ကပဲ အနိုင်ရသွားပါလိမ့်မယ်။ (ခန့်မှန်းချက် ၃ - ၁) ဖူလ်ဟမ် - ချဲလ်ဆီး ချဲလ်ဆီးမှာ ဘာတွေဖြစ်နေတာလဲလို့ အရင်မေးရပါမယ်။ ဒီပွဲသာ ထပ်ပြီးရလဒ်မကောင်းရင် လမ်းပတ်ဟာ ပိုကြီးတဲ့ ဖိအားတွေအောက် ရောက်သွားပါလိမ့်မယ်။ သူတို့ကစားသမားသစ်တွေ အများကြီးခေါ်ထားပေမယ့် အခုချိန်ထိ အားလုံးမျှော်လင့်တဲ့ စွမ်းဆောင်ရည်မှာ မရှိသေးပါဘူး။ ဒါ့အပြင် ရလဒ်တွေပါ ဆိုးရွားနေတာက သူတို့အတွက် ပြဿနာပါ။ ဒါ့ကြောင့် ဒီအခြေအနေကို မဖြစ်မနေ ချိုးဖျက်ပစ်ရပါမယ်။ ဒါဟာ ဖူလ်ဟမ်အသင်းအတွက် အခွင့်အလမ်းလည်း ဖြစ်လာနိုင်ပါတယ်။ ရလဒ်အနေနဲ့ကတော့ ချဲလ်ဆီးက ကပ်ပြီးအနိုင်ရသွားလိမ့်မယ်ထင်ပါတယ်။  (ခန့်မှန်းချက်  ၁ - ဝ) လက်စတာ - ဆောက်သမ်တန် ဒီရာသီခြေစွမ်းပြနေတဲ့ အသင်း ၂ သင်းဖြစ်တာကြောင့် သေချာပေါက်ပွဲကောင်းတစ်ပွဲ ဖြစ်လာပါလိမ့်မယ်။ ၂ သင်းစလုံး အပြိုင်အဆိုင် ဂိုးတွေသွင်းပြီး အမှတ်ခွဲယူကြမယ့် ပုံစံမျိုးပါ။ (ခန့်မှန်းချက် ၂ -၂) ရှက်ဖီးလ် - စပါး ရှက်ဖီးလ်အသင်းရဲ့နိုင်ပွဲကို အားလုံးက မြင်တွေ့ချင်နေလှပါပြီ။ သူတို့ဟာ ဒီရာသီမှာ တော်တော်လေး ရုန်းကန်နေပါတယ်။ ဒါပေမဲ့ ဒီပွဲကိုနိုင်မယ်ဆိုရင် သူတို့ရဲ့ဖိအားတွေ တော်တော်လေးလျော့သွားဖို့ ရှိနေပါတယ်။ ဒါပေမယ့် မော်ရင်ဟိုရဲ့အသင်းကတော့ ရှက်ဖီးလ်ကိုရှုံးမှာ မဟုတ်ပါဘူး။ သူတို့ဟာ ဒီရာသီအတွင်း ပရိသတ်တွေကို အံ့သြသင့်သွားအောင် ထပ်မံပြုလုပ်နိုင်တဲ့ အစွမ်းရှိနေဆဲဖြစ်ပါတယ်။ စပါးအသင်း နိုင်ပါလိမ့်မယ်။ (ခန့်မှန်းချက် ၀ - ၂) လီဗာပူး - မန်ချက်စတာယူနိုက်တက် ယူနိုက်တက်အသင်းအနေနဲ့ ဒီပွဲကိုအနိုင်ယူပြီး ဒီထက်ပိုကောင်းတဲ့ အနေအထားတခုဆီကို သွားစေချင်ပါတယ်။ ဒီပွဲကိုနိုင်ရင် လီဗာပူးကို ၆ မှတ်အထိ ဖြတ်ထားနိုင်မှာပါ။ ဒီပွဲဟာ ၂ သင်းစလုံးအတွက် ခက်ခဲလာနိုင်ပြီး စိတ်လှုပ်ရှားစရာတွေလည်း အများကြီးမြင်ရနိုင်ပါတယ်။ ဒါဟာ နည်းပြ ၂ ယောက်ရဲ့ နည်းစနစ်ပိုင်းပြိုင်ဆိုင်မှု ဖြစ်လာနိုင်ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ ယူနိုက်တက်အသင်း အနိုင်ရတာကိုမြင်ချင်တဲ့အတွက် ယူနိုက်တက်ကပဲ အနိုင်ရသွားလိမ့်မယ်လို့ ခန့်မှန်းပါတယ်။ (ခန့်မှန်းရလဒ် ၁ -၂) မန်စီတီး - ခရစ္စတယ်ပဲလေ့စ် မန်စီတီးအသင်းဟာ ချန်ပီယံဆုအတွက်ပြိုင်ပွဲထဲမှာ ရှိနေဆဲပါ။ သူတို့ကို ဖယ်ထုတ်လို့ မရသေးပါဘူး။ သူတို့မှာ ပွဲကျန် ၂ ပွဲ ရှိနေသေးသလို ခရစ္စတယ်ပဲလေ့စ်အနေနဲ့ကလည်း တခြားအသင်းတွေလို မန်စီတီးကို တုံ့ပြန်သွားဖို့ မလွယ်ပါဘူး။ ဂွါဒီယိုလာက သူတို့ချန်ပီယံဆုပြိုင်ပွဲထဲမှာ ရှိနေသေးကို သိတဲ့အတွက် ဒါကို လက်လျှော့သွားမယ်လို့ မထင်ပါဘူး။ မန်စီတီးဘက်ကပဲ ဂိုးပြတ်နိုင်သွားပါလိမ့်မယ်။ (ခန့်မှန်းချက် ၃ - ဝ) အာဆင်နယ် - နယူးကာဆယ် အာဆင်နယ်အသင်းအနေနဲ့ ရလဒ်ဆိုးတွေကနေ ရုန်းထွက်ပြီး ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ ပိုကောင်းတဲ့အသင်းဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် လိဂ်ဖလားပြိုင်ပွဲ နယူးကာဆယ်နဲ့ တွေ့စဉ်က အချိန်ပိုအထိ ရောက်သွားခဲ့ပေမယ့် ဒီတစ်ခေါက်မှာတော့ မိနစ် ၉၀ အတွင်းမှာ ပိုကောင်းတဲ့ ရလဒ်ကို ရအောင်စွမ်းဆောင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ သူတို့အတွက် အမှားခံလို့ မရတော့တဲ့အနေအထားမှာ ၂ ဂိုးပြတ်လောက်နဲ့ အနိုင်ရရှိမယ်လို့ ထင်ပါတယ်။ (ခန့်မှန်းချက် ၂ - ဝ)
4 months Ago

အသင်းနှင့်အတူ ဆုဖလားများ ထပ်ယူဦးမည်ဟု ပီအက်စ်ဂျီနည်းပြသစ် ပိုချက်တီနို ကြုံးဝါး

ပြင်သစ်စူပါဖလားမှာ ချန်ပီယံဖြစ်ခဲ့ပြီးနောက် ဆုဖလားတွေ ထပ်ယူဦးမယ်လို့ နည်းပြ ပိုချက်တီနိုက ပြောပါတယ်။  အာဂျင်တီးနားနည်းပြ ပိုချက်တီနိုဟာ အက်စ်ပန်ညို၊ ဆောက်သမ်တန်နဲ့  စပါးအသင်း တွေမှာ ၁၁ နှစ်ကြာ နည်းပြဘဝကို ဖြတ်သန်းခဲ့ပေမယ့် ဆုဖလားတစ်လုံးမှ ရယူနိုင်ခြင်းမရှိခဲ့သူ ပါ။  ပီအက်စ်ဂျီအသင်းကို ရောက်ရှိပြီး ၁၁ ရက်အကြာမှာတော့ မာဆေးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံဆုဖလားရယူနိုင်ခဲ့တာပါ။ ဒီဆုဖလားက အစပဲ ရှိသေးပြီး နောက်ထပ် ဆုဖလားတွေ ဆက်လက်ရယူသွားချင်ကြောင်း၊ စူပါဖလားချန်ပီယံဖြစ်ခဲ့တာက ကလပ်အသင်းနဲ့ ပရိသတ်တွေအတွက် ဂုဏ်ယူစရာ ဖြစ်တယ်လို့ နည်းပြပိုချက်တီနိုက ပြောပါတယ်။  အောင်မြင်မှုတွေ ဆက်လက်ရယူဖို့အတွက် အချိန်နဲ့ ကြိုးစားမူလိုအပ်ပြီး အသင်းမှာရှိတဲ့ ကစားသမားတွေရဲ့ အရည်အချင်းနဲ့ ခြေစွမ်း ဆက်လက်တိုး တက်လာဦးမယ်ဆိုတာ သေချာကြောင်း နည်းပြပိုချက်တီနိုက သုံးသပ်ခဲ့ပါတယ်။ 
4 months Ago

ကာဗာနီကို ပြစ်ဒဏ်ချခဲ့သည့် အက်ဖ်အေကို တောင်အမေရိကဘောလုံးအဖွဲ့ချုပ် ကန့်ကွက်

အင်္ဂလန်အက်ဖ်အေရဲ့ ကာဗာနီအပေါ် ပွဲပယ်နဲ့ ဒဏ်ကြေးချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ကလည်း ဝေဖန်ကန့်ကွက်လိုက်ပါတယ်။  ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဥရုဂွေးဘောလုံးအဖွဲ့ချုပ်နဲ့ ကစားသမားများအစည်းအရုံးကနေ ကာဗာနီရဲ့ ပြစ်ဒဏ်ကို ပယ်ဖျက်ပေးဖို့ သတင်းထုတ်ပြန်ချက်ထုတ်ခဲ့ပါသေးတယ်။  ကာဗာနီဟာ ပြီးခဲ့တဲ့လပိုင်းက ဆောက်သမ်တန်အသင်းကို ၃ ဂိုး ၂ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ လူစားဝင် ကစားပြီး ၂ ဂိုးသွင်း ၁ ဂိုး ဖန်တီး နိုင်ခဲ့ပါတယ်။  အဲဒီပွဲအပြီးမှာ ချီးကျူးဂုဏ်ပြုစကားပြောခဲ့တဲ့ မိတ်ဆွေ တစ်ဦးကို ကာဗာနီက ပြန်လည်ကျေးဇူး တင်စကားပြောရာမှာ နီဂရိုးဆိုတဲ့စာသား ပါဝင်ခဲ့တာကြောင့် လူမျိုးရေးခွဲခြား ခဲ့တယ်ဆိုပြီး ၃ ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေ ပေါင် တစ်သိန်း ချမှတ်ခဲ့တာပါ။  တောင်အမေရိကသားတွေကို ခွဲခြားဆက်ဆံတယ်ဆိုပြီး အင်္ဂလန်အက်ဖ်အေကို ဝေဖန် ရှုံချခဲ့ကြတာဖြစ်ပါတယ်။  ကာဗာနီဟာ အဲဒီ ၃ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဗီလာနဲ့မန်စီးတီးပွဲတွေကို လွဲချော်ခဲ့ပါတယ်။
4 months Ago

လမ်းပတ် နေရာအစားထိုးနိုင်ရန် နည်းပြ ၄ ဦးကို ချဲလ်ဆီးအသင်း လျာထား

ချဲလ်ဆီးအသင်းဟာ နည်းပြလမ်းပတ်နေရာမှာ အစားထိုးဖို့ နည်းပြ ၄ ဦးကို လျာထားပြီး ဖြစ်တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၆ပွဲ မှာ တစ်ပွဲသာ အနိုင်ရခဲ့ပြီး ၄ ပွဲ ရှုံး၊ ၁ ပွဲ သရေကျခဲ့တာပါ။ အမှတ်ပေးဇယားအဆင့် ၉ အထိ ကျဆင်းသွားခဲ့တာကြောင့် နည်းပြလမ်းပတ်ရဲ့ ထိုင်ခုံဟာလည်း လှုပ်ခတ်လာခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက အစားထိုးခန့်အပ်ဖို့ လျာထားထားတဲ့ နည်းပြစာရင်းမှာ ပီအက်စ်ဂျီ နည်းပြဟောင်း တူချယ်၊ ဂျူဗင်တပ်စ် နည်းပြဟောင်း အယ်လီဂရီ၊ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာနဲ့ ဆောက်သမ်တန်နည်းပြ ဟာဆန်ဟတ်တယ်လည်း ပါဝင်နေပါတယ်။ အသင်းပိုင်ရှင် ရုရှားသူဌေး အေဗရာမိုဗစ်ဟာလည်း ရလဒ်မကောင်းအောင် စွမ်းဆောင်နိုင်ခြင်းမရှိတဲ့ နည်းပြတွေကို အချိန်ပေးလေ့မရှိဘဲ ထုတ်ပယ်ခဲ့ဖူးတဲ့ အစဉ်အလာတွေ ရှိခဲ့တာပါ။  ဒါပေမဲ့ ဒီအချိန်မှာတော့ အသင်းရဲ့ ဂန္ထဝင်ကစားသမားဖြစ်တဲ့ လမ်းပတ်ကိုတော့ အချိန်တစ်ခု ဆက်လက်ပေးသွားဦးမယ်လို့ သိရပါတယ်။
4 months Ago

မန်ယူနိုက်တက်၏ ပင်နယ်တီအပေါ် ဝေဖန်သည့် ကလော့ပ်ကို ဆိုးလ်ရှား တုံ့ပြန်

မန်ယူနိုက်တက်အသင်းရဲ့ ပင်နယ်တီရရှိမှုအခြေအနေနဲ့ပတ်သက်တဲ့ ကလော့ပ်ရဲ့ ပြောစကားကို ဆိုးလ်ရှားက ပြန်လည်တုံ့ပြန်လိုက်ပါတယ်။  ဒီလိုမျိုးပြောတဲ့ နည်းပြတွေဟာလည်း ဒိုင်တွေအပေါ် လွှမ်းမိုးချင်လို့ဖြစ်တယ်လို့ ယူနိုက်တက်နည်းပြက ပြောပါတယ်။ လီဗာပူးအသင်းဟာ ဆောက်သမ်တန်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်မှာ ကလော့ပ်က ယူနိုက်တက်အသင်း ပင်နယ်တီရရှိမှုအခြေအနေနဲ့ သူ့လက်ထက် လီဗာပူးအသင်း ပင်နယ်တီရရှိမှုအခြေအနေကြား ကွာဟချက်ကို ထောက်ပြဝေဖန်ခဲ့တာပါ။ ကလော့ပ်က “ယူနိုက်တက်အသင်း ၂ နှစ်အတွင်း ပင်နယ်တီရရှိမှုဟာ ကျနော် ၅ နှစ်ခွဲတာ ကာလအတွင်း ပင်နယ်တီရရှိမှုထက် ပိုများနေတယ်။ ဒါဟာ ကျနော့်အားနည်းချက်လား၊ ဒါမှမဟုတ် ဘာကြောင့် ဒီလိုဖြစ်တာလဲဆိုတာကိုတော့ မသိပါဘူး။ ” လို့ ပြောပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီတရာသီလုံးမှာ ပင်နယ်တီ ၁၁ လုံး ရရှိခဲ့ပါတယ်။ အဲဒီထဲက ၆ လုံးဟာ ပရီးမီးယားလိဂ်မှာ ရခဲ့တာပါ။ တဘက်မှာတော့ ကလော့ပ်ရဲ့ လီဗာပူးက ပရီးမီးယားလိဂ်မှာ ပင်နယ်တီ ၅ လုံးသာ ရခဲ့ပါတယ်။ နှစ်သင်းကြား ကွာဟချက်ဟာ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။  ဒါပေမဲ့ ကလော့ပ်က ယူနိုက်တက်အသင်းကို ဆိုးလ်ရှား နည်းပြအဖြစ် ရောက်လာခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာ နောက်ပိုင်း ရရှိခဲ့တဲ့ ပင်နယ်တီ ၄၂ လုံးကို ရည်ညွှန်းပြောဆိုခဲ့ပုံရပြီး အဲဒီအချိန်အတွင်း လီဗာပူးအသင်းကတော့ ၁၉ လုံးသာ ပင်နယ်တီပြစ်ဒဏ် ရရှိခဲ့ပါတယ်။ ကလော့ပ်ရဲ့ ပြောစကားနဲ့ပတ်သက်လို့ မေးမြန်းခဲ့ရာမှာ ဆိုးလ်ရှားက “သူတို့ ပင်နယ်တီ ဘယ်နှ လုံးရခဲ့လဲ ကျနော် ထိုင်မရေနိုင်ပါဘူး။ ဒါကြောင့် ကျနော်တို့ ပင်နယ်တီ ဘယ်နှလုံးရသလဲ ဆိုတာကို သူတို့မှာ စိုးရိမ်ဖို့အချိန်ရှိပေမယ့် ကျနော့်မှာတော့ ဒီကိစ္စအတွက် အချိန်မဖြုန်းနိုင်ပါဘူး” လို့ ဆိုးလ်ရှားက တုံ့ပြန်ပါတယ်။  ကလော့ပ်ဟာ ယူနိုက်တက်အသင်း ပင်နယ်တီတွေရရှိနေမှုနဲ့ပတ်သက်လို့ ထုတ်ပြောခဲ့တဲ့ ပထမဆုံးနည်းပြတော့ မဟုတ်ပါဘူး။  ချဲလ်ဆီးနည်းပြ လမ်းပတ်ကလည်း ပြီးခဲ့တဲ့ရာသီ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲ မတိုင်ခင် ဒီကိစ္စကို ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ဖူးပါတယ်။ ဆိုးလ်ရှားက “တခြားနည်းပြတွေကိုယ်စား သူတို့ ဘာကြောင့် ဒီလိုပြောသလဲဆိုတာမျိုးကို ကျနော် လိုက်ပြောနေလို့ မရပါဘူး။ ဒါပေမဲ့ မနှစ်က လမ်းပတ် ဒီလိုပြောခဲ့တာကတော့ အဆင်ပြေသွားခဲ့တယ်လို့ ထင်ပါတယ်။ သူ့ပြောစကားကြောင့် ကျနော်တို့ ရသင့်တဲ့ ပင်နယ်တီတစ်လုံး မရခဲ့ဘူးလေ။ ဒါကြောင့် ဒီလိုပြောတာတွေက ဒိုင်လူကြီးတွေအပေါ် လွှမ်းမိုးဖို့ နည်းလမ်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ ‌မသေချာပါဘူး။ ဒါပေမဲ့ စိုးရိမ်စိတ်လည်း မရှိပါဘူး။ သူတို့ ကျနော့် ကစားသမားတွေကို ဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်မယ်ဆိုရင်တော့ ဒါဟာ ပင်နယ်တီပါပဲ” လို့လည်း ထပ်မံပြောပါတယ်။
4 months Ago

လီဗာပူးအသင်း ပင်နယ်တီ ရရှိခဲ့သင့်ဟု ယာဂန်ကလော့ပ် ပြော

ဆာဒီယိုမာနေးဟာ ဒိုင်ဗင်ထိုးတတ်သူ မဟုတ်ကြောင်းနဲ့ လီဗာပူးအသင်းအနေနဲ့ ပင်နယ်တီတွေ ရရှိခဲ့သင့်ကြောင်း နည်းပြယာဂန်ကလော့ပ်က ပြောပါတယ်။  ဆောက်သမ်တန်ကို ရှုံးနိမ့်ခဲ့အပြီးမှာ အခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ လီဗာပူးအသင်းဟာ ဒန်နီယယ်အင့်စ်ရဲ့ အစောပိုင်းသွင်းဂိုးကြောင့် ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလားအတွက် ပြိုင်ဆိုင်မှုမှာ ခြေတစ်လှမ်း နောက်ကျသွားခဲ့ပြီ ဖြစ်ပါတယ်။  ဒီပွဲမှာ လီဗာပူးအသင်းအနေနဲ့ ထိရောက်တဲ့ တိုက်စစ်ဆင်မှုမျိုးမရှိခဲ့ဘဲ ဆောက်သမ်တန်ဂိုးသမား ဖော်စတာဟာ ကာကွယ်မှုတစ်ကြိမ်သာ ပြုလုပ်ခဲ့ရပါတယ်။ ဒါပေမဲ့ ရရှိခဲ့သင့်တဲ့ ပင်နယ်တီ ၂ ကြိမ်လုံးတော့ ငြင်းဆန်ခံခဲ့ရပါတယ်။ ပထမတစ်လုံးဟာ ဝစ်ချ်နယ်ဒမ်ရဲ့ ကန်ချက် ပြိုင်ဘက်ကစားသမားလက်မောင်းကို ထိခဲ့တာဖြစ်ပြီး ဒုတိယတစ်လုံးကတော့ မာနေးကို ဝေါ်ကာ ပီတာ ဧရိယာထဲမှာ အဖျက်ကြမ်းခဲ့တာပဲ ဖြစ်ပါတယ်။ မာနေးရဲ့ ဖြစ်ရပ်မှာ ရှုထောင့်မျိုးစုံက ကြည့်ခဲ့ခြင်းမရှိပေမယ့် ကလော့ပ်ကတော့ ဒါဟာ ပင်နယ်တီဖြစ်ကြောင်းနဲ့ ဆီနီဂေါတိုက်စစ်မှူးဟာ အရမ်းကို ရိုးသားမှုရှိခဲ့ကြောင်း ကာကွယ်ပြောဆိုခဲ့ပါတယ်။  “မာနေး ဘောလုံးရှိနေချိန်တွေက အကောင်းဆုံးအချိန်တွေပါပဲ။ သူ့ကို ဒိုင်ဗင်ထိုးတယ်လို့ ပြောနေတဲ့သူတွေကတော့ ကမ္ဘာ့အရယ်ရဆုံး ဟာသတွေလိုပါပဲ။ သူဟာ သူ့ခြေထောက်ပေါ် ဆက်ရပ်နေဖို့ လှဲမချပစ်ဖို့ ကြိုးစားခဲ့တာပါ။ တခြားအသင်းတွေဆိုရင် ပင်နယ်တီ ရနိုင်မယ့်အခြေအနေမျိုးလည်း ၂ ကြိမ်တောင် ဖြစ်ခဲ့တာပါ။ ပထမက လက်ထိဘောပါ။ ကျနော့်ကစားသမားတွေသာ လွယ်လွယ်လေးနဲ့ လဲကျနေကြမယ်ဆိုရင် ကျနော်တို့ ဒီပွဲရော၊ နယူးကာဆယ်နဲ့ပွဲမှာရော ပင်နယ်တီတွေ ရရှိခဲ့မှာပါ။ ဝေါ်ကာပီတာက သူ့ရဲ့ဘယ်ခြေနဲ့ မာနေးကို လဲကျအောင်လုပ်ခဲ့တာပါ။ အခု ယူနိုက်တက်အသင်း ၂ နှစ်တာကာလအတွင်းရရှိခဲ့တဲ့ ပင်နယ်တီ အရေအတွက်က ကျနော် ၅ နှစ်ခွဲတာကာလအတွင်းရရှိခဲ့တာတွေထက် ပိုများနေတယ်လို့ ပြောနေသံ ကြားရပါတယ်။ ဒါဟာ ကျနော့်လိုအပ်ချက်ကြောင့်လား၊ တခြား တခုခုလား ဆိုတာတော့ မသိပါဘူး။ ဒီလိုဖြစ်ခဲ့ရင်တောင် ကျနော်တို့ စွမ်းဆောင်ရည်က ပိုကောင်းခဲ့မှာမဟုတ်ပါဘူး။ ဒီပွဲမှာ ဆောက်သမ်တန်က အနိုင်ရဖို့ ထိုက်တန်ခဲ့ပေမယ့် ကျနော်တို့ကတော့ ကံမကောင်းခဲ့ပါဘူး” လို့ ကလော့ပ်က ပြောပါတယ်။ ဆောက်သမ်တန်နဲ့ပွဲမှာ လိဂ်ရဲ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်တဲ့ အာနိုးလ်ဟာ ဘောလုံးအပျက်များနေခဲ့ပြီး ပွဲချိန် ၇၇ မိနစ်မှာ လူစားလဲခံခဲ့ရပါတယ်။
4 months Ago

မန်ယူတိုက်စစ်မှူး ကာဗာနီ ၃  ပွဲပယ်နှင့်  ပေါင် ၁ သိန်း ဒဏ်ရိုက်ခံရ

မန်ယူတိုက်စစ်မှူးကာဗာနီဟာ လူမှုကွန်ရက်မှာ  လူမျိုးရေးခွဲခြားမှုဖြစ်စေတဲ့ စာသားရေးသားခဲ့မှုကြောင့်  အက်ဖ်အေ က ၃ ပွဲပယ်  ပြစ်ဒဏ်နဲ့ ပေါင်၁သိန်းဒဏ်ရိုက်ခဲ့ပါတယ်။ အသက် ၃၃ နှစ်ရှိ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီဟာ နိုဝင်ဘာ ၂၉ ရက်က ဆောက်သမ်တန်နဲ့ပွဲ စဉ်မှာ ၂ ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့ပြီးနောက် အင်စတာဂရမ် ကနေ ချီးကျူးမှုတွေလက်ခံရရှိခဲ့ပါတယ်။ အဲဒီလိုချီးကျူးသူတွေထဲကနေ မိတ်ဆွေတစ်ဦးကို  ဂရားဆီးရက်စ်နီဂရီတိုလို့ သုံးနူန်းပြီး အင်စတာဂရမ်မှာ ကျေးဇူးတင်စကားပြောခဲ့တာပါ။ ကာဗာနီအနေနဲ့ မွေးရပ်မြေ တောင်အမေရိကမှာ သုံးနေကျစကားလုံးဖြစ်ပေမယ့် အင်္ဂလန်မှာတော့ လူမျိုးရေးခွဲခြားတဲ့စကားလုံးဖြစ်တဲ့ နီဂရီတို-အနက်ရောင်ဆိုတဲ့  အဓိပ္ပါယ်က လူတွေအပေါ် သက်ရောက်မှုရှိစေ တာကြောင့် အက်ဖ်အေက အရေးယူခဲ့တာပါ။ အက်ဖ်အေရဲ့စည်းမျဉ်း ဥပဒေ E3 အပိုဒ် ၁ မှာ အသားအရောင်၊ လူမျိုးနဲ့ မျိုးစုတစ်ခုခုနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောတာမျိုးမလုပ်ဖို့ သတ်မှတ်ထားတာဖြစ်ပါတယ်။  ဒီပြစ်ဒဏ်ကြောင့် ကာဗာနီအနေနဲ့ အက်စ်တန်ဗီလာ၊ မန်စီးတီးနဲ့ ဝက်ဖို့ဒ်တို့နဲ့ ကစားရမယ့်ပွဲစဉ်တွေကို လွဲချော်မှာဖြစ်ပါတယ်။
4 months Ago

၂၀၂၀ ပြည့်နှစ်က ထူးခြားပြီး မမေ့နိုင်စရာဖြစ်ခဲ့ဟု  လီဗာပူးနည်းပြပြော

၂၀၂၀ ပြည့်နှစ်မှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့လို့ ထူးခြားပြီး စိန်ခေါ်မှုတွေရှိခဲ့တဲ့ နှစ်ဖြစ်တယ်လို့ လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်ကပြောပါတယ်။ လီဗာပူးအသင်းဟာ ၂၀၂၀ ပြည့်နှစ်မှာ နှစ်ပေါင်း ၃၀ ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပြီး မမေ့နိုင်စရာ ခုနှစ် ဖြစ်ခဲ့တာပါ။  ၂၀၂၀ ပြည့်နှစ်က အသင်းသားအားလုံးအတွက် အတွေ့အကြုံသစ်ဖြစ်ခဲ့သလို စိန်ခေါ်မှု အမြောက်အများရှိပြီး ထူးခြားတဲ့ ခုနှစ်ဖြစ်ခဲ့တယ်လို့ နည်းပြ ကလော့ပ်ကပြောပါတယ်။ အရေးပါဆုံးအချက်က ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တာဖြစ်ပြီး စိန်ခေါ်မှု တချို့ရှိခဲ့ပေမယ့်လည်း ပျော်ရွှင်စရာကောင်းတဲ့နှစ်ဖြစ်ခဲ့တယ်လို့ ကလော့ပ်ကသုံးသပ်ခဲ့ပါတယ်။ ချန်ပီယံဖြစ်ခဲ့တဲ့ ခုနှစ်ဖြစ်ခဲ့တာကလွဲပြီး အနာဂတ်မှာတော့ သိပ်ပြီး တွေးဖြစ်မှာ မဟုတ်တော့တဲ့ ခုနှစ်လည်းဖြစ်ကြာင်း နည်းပြကလော့ပ်က ကိုဗစ်-၁၉ ကပ်ရောဂါကာလကို ရည်ညွှန်းပြီး ပြောခဲ့ပါတယ်။ လစ်ဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် သရေကျခဲ့ပြီးနောက် ဇန်နဝါရီ ၅ ရက်မှာ ဆောက်သမ်တန်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ 
4 months Ago

ကိုဗစ်-၁၉  ပျံ့နှံ့မှု များနေသဖြင့် ပရီးမီးယားလိဂ် ၂ ပတ်ခန့်ရပ်နားရန် ဆွေးနွေး

ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့ဖြစ်ပွားမှုများလာတာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို သီတင်း ၂ပတ် လောက် ရပ်နားထားဖို့  ကလပ်အသင်းတွေက ဆွေးနွေးနေပါတယ်။  ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ မန်စီးတီး၊ ရှက်ဖီး၊ ဆောက်သမ်တန်နဲ့ နယူးကာဆယ်အသင်း တွေမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူတွေ များလာခဲ့တာပါ။  အဲဗာတန်နဲ့ မန်စီးတီးပွဲစဉ်ကိုလည်း မန်စီးတီးအသင်းမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့တာကြောင့် ဖျက်သိမ်းခဲ့ရပါတယ်။  လက်ရှိအချိန်မှာတော့ ကလပ်အသင်းဥက္ကဋ္ဌတွေဟာ ပြိုင်ပွဲကို ၂ ပတ်လောက် ရပ်နားထားဖို့ ဆွေးနွေးနေတာ ဖြစ်ပါတယ်။  နောက်ဆုံး စစ်ဆေးမှုတွေအရ ပရီးမီးယားလိဂ်အသင်းတွေက ဝန်ထမ်း ၁၈ ဦးမှာ ကိုဗစ် -၁၉ ပိုးတွေ့ရှိခဲ့ရတယ်လို့ ပရီးမီးယားလိဂ်က သတင်းထုတ်ပြန်ပါတယ်။  ပရီးမီးယားလိဂ်ကလပ်တွေကို ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ  စစ်ဆေးလာတာဟာ ၁၇ ကြိမ်မြောက်ရှိလာခဲ့ပြီး အခုအချိန်မှာ စစ်ဆေးခဲ့တဲ့ ရလဒ်က အများဆုံးပိုးတွေ့ခဲ့တာဖြစ်ပါတယ်။ 
4 months Ago

 လူမျိုးရေးခွဲခြားသည့်စာ  ရေးသားခဲ့မှုဖြင့် ကာဗာနီကို  အက်ဖ်အေက အရေးယူမည်

မန်ယူတိုက်စစ်မှူး ကာဗာနီဟာ လူမျိုးရေးခွဲခြားမှုဖြစ်စေတဲ့ စာသား ရေးသားခဲ့မှုကြောင့် အက်ဖ်အေက ၃ ပွဲပယ် ပြစ်ဒဏ်ချမှတ်ဖို့ ရှိနေပါတယ်။  ကာဗာနီဟာ ဆောက်သမ်တန်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ လူစား ဝင်ကစားခဲ့ပြီး ၂ ဂိုး သွင်းယူနိုင်ခဲ့တာပါ။  ပရိသတ်တစ်ဦးက ကာဗာနီကို ချီးကျူး စကားပြောခဲ့ရာမှာ ကာဗာနီက နီဂရိုး ဆိုတဲ့ စာသား ကို သုံးပြီး ကျေးဇူးတင်ကြောင်း ပြန်လည် ပြောခဲ့တာ ဖြစ်ပါတယ်။  အင်္ဂလန်မှာတော့ ဘောလုံးသမားတွေအနေနဲ့ အငြင်းပွားဖွယ်ရာဖြစ်စေနိုင်တဲ့ စာသားတွေ ကို ဆိုရှယ်မီဒီယာတွေမှာ ရေးသားခွင့် ပိတ်ထားပါတယ်။  အင်စတာဂရမ်ပို့စ်နဲ့ ပတ်သက်ပြီး ကာဗာနီက ပြန်လည်တောင်းပန်ခဲ့ပြီး မန်ယူအသင်း ဘက်ကလည်း ကာကွယ်ပေးခဲ့ပေမဲ့ အက်ဖ်အေက အရေးယူဖို့ဆုံးဖြတ်ခဲ့တာပါ။  လာမယ့် ဇန်နဝါရီ ၄ ရက်နောက်ဆုံးထားပြီး ကာဗာနီအနေနဲ့ ချေပချက်လျှောက်ထားရမှာ ဖြစ်ပါတယ်။  အက်ဖ်အေက ကာဗာနီကို ၃ ပွဲပယ်ပြစ်ဒဏ် အနည်းဆုံး ချမှတ်ဖွယ်ရှိတယ်လို့ သိရပါတယ်။  
5 months Ago

 ဗန်ဒိုက်ကို  ၅ နှစ်သက်တမ်းတိုးရန် လီဗာပူး ကမ်းလှမ်းမည်

လီဗာပူးအသင်းဟာ နောက်ခံလူ ဗန်ဒိုက်ကို ၅ နှစ်စာချုပ်နဲ့ သက်တမ်းတိုးဖို့ ကမ်းလှမ်းတော့ မယ်လို့ သိရပါတယ်။  ဗန်ဒိုက်ဟာ လီဗာပူးနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိ သေးပေမဲ့ အသင်းမှာ နှစ်ရှည်ကစားစေဖို့ နည်းပြ ကလော့ပ်က ဆန္ဒရှိနေတာပါ။  လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာတော့ ဗန်ဒိုက်ကို ၅ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုသွားဖို့ လီဗာပူးအသင်းက ကမ်းလှမ်းမယ်လို့ သိရပါတယ်။  အသက် ၂၉ နှစ်ရှိ ဟော်လန်နောက်ခံလူ ဗန်ဒိုက်ဟာ ၂၀၁၈ ခုနှစ်ဇန်နဝါရီက ဆောက်သမ်တန်ကနေ ပေါင် ၇၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ လစ်ဗာပူးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားအပြင် ဥရောပချန်ပီယံလိဂ် ဆုဖလားကိုလည်း ရယူနိုင်ခဲ့ပါတယ်။ 
5 months Ago

ဂျိမ်းစ်ဝက်စ်ပရောက်၏ ဖရီးကစ်  ဒေးဗစ်ဘက်ခမ်းထက်ပိုကောင်းဟု ဝဲလ်ကော့ ချီးကျူး

ဆောက်သမ်တန် ကွင်းလယ်လူ ဂျိမ်းစ်ဝက်စ်ပရောက်က ဒေးဗစ်ဘက်ခမ်းထက် ဖရီးကစ် ကန်တာကောင်းတဲ့သူ ဖြစ်တယ်လို့ ဝဲကော့လ်က ချီးကျူးပါတယ်။ အင်္ဂလန် ကွင်းလယ်လူ ဝက်စ်ပရောက်ဟာ အခုနှစ် ပရီးမီးယားလိဂ်မှာ ဖရီးကစ်ကနေ ၃ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဘက်ခမ်းရဲ့ တစ်ရာသီအတွင်း ဖရီးကစ် ဂိုး ၅ ဂိုးမှတ်တမ်းကို ကျော်ဖြတ်ဖို့ ၂ ဂိုး လိုအပ်သေးတာပါ။  ဆောက်သမ်တန် တောင်ပံတိုက်စစ်မှူး ဝဲလ်ကော့ကတော့ အသင်းဖော် ဝက်စ်ပရောက်ဟာ လေ့ကျင့်ရေးအပြီးတိုင်းမှာ ဖရီးကစ်လေ့ကျင့်လေ့ရှိပြီး သူ ကန်သွင်းပုံကို ထိုင်ကြည့်ရင်း တချိန်က ဒေးဗစ်ဘက်ခမ်းကို သတိရမိတယ်လို့ ဝဲလ်ကော့က ပြောပါတယ်။ ဝက်စ်ပရောက်ရဲ့ ကန်သွင်းပုံကို ကြည့်ရတာဟာ နှစ်သက်စရာကောင်းပြီး ဒေးဗစ်ဘက်ခမ်းထက် ပိုကောင်းတယ်လို့ ချီးကျူးခဲ့တယ်လို့ ဝဲလ်ကော့က ပြောပါတယ်။   ဒီနေ့ခေတ်မှာ ဖရီးကစ် ကန်သွင်းခွင့်ရတာက ပင်နယ်တီရရှိသလို ဖြစ်ပြီး အသုံးချလို့ ကောင်းတဲ့ လက်နက်တစ်ခု ဖြစ်တယ်လို့လည်း ဝဲလ်ကော့က သုံးသပ်ပါတယ်။
5 months Ago

ရှာကာ အသင်းခေါင်းဆောင်အဖြစ် ကွင်းထဲဝင်လာတော့ အွန်နရီက ချက်ချင်း တီဗွီ ပိတ်လိုက်တယ် - အီဗရာ

ဂရင်းနစ်ရှာကာကို အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် မြင်တာနဲ့ အွန်နရီက တီဗွီကို ချက်ချင်း ပိတ်ပစ်ခဲ့ဖူးတယ်လို့ ယူနိုက်တက် ကစားသမားဟောင်း ပက်ထရစ်အီဗရာက ပြောပါတယ်။ ဆွစ်ဇာလန် ကွင်းလယ်လူ ရှာကာဟာ တနင်္ဂနွေနေ့မှာ ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ဘန်လေအသင်းတို့ရဲ့ ပွဲစဉ်မှာလည်း အသင်းခေါင်းဆောင်အဖြစ် ထပ်မံတာဝန်ပေးခံခဲ့ရပြီး သတင်းမီဒီယာတွေမှာ ဟိုးလေးတကြော်ကြော် ဖြစ်ခဲ့ရပြန်ပါတယ်။ ဒါပေမဲ့ ခြေစွမ်းပြနိုင်ခဲ့လို့တော့ မဟုတ်ပါဘူး။ အကြမ်းဖက် အပြုအမူကြောင့် အနီကတ်ပြ အထုတ်ခံခဲ့ရလို့ ဖြစ်ပါတယ်။ ဘန်လေနဲ့ပွဲမှာ အာဆင်နယ်အသင်းဟာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပြီး ဘန်လေအသင်းက တစ်လုံးတည်းသော အနိုင်ဂိုးကို ရှာကာ အထုတ်ခံရပြီး ၁၅ မိနစ်အကြာ ပွဲချိန် ၇၃ မိနစ်မှာ ရရှိခဲ့တာ ဖြစ်ပါတယ်။  ဒီဂိုးကို အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်းရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် ပေးခဲ့ရတာ ဖြစ်ပြီး ဒါဟာ အာဆင်နယ်အသင်းအတွက် အမ်းမရိတ်ကွင်းမှာ လိဂ်ပွဲ ၄ ပွဲဆက်တိုက် ရှုံးနိမ့်မှုလည်း ဖြစ်ပါတယ်။ ဒါဟာ အာဆင်နယ်အသင်းအတွက် နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံးရလဒ်ဖြစ်ပြီး နည်းပြ အာတီတာအတွက်လည်း ဖိအားတွေ ထပ်မံမြင့်တက်ခဲ့ရပြီ ဖြစ်ပါတယ်။ ဒီလို ရှုံးနိမ့်မှုဟာ စည်းကမ်းလိုက်နာမှုမရှိတဲ့ ရှာကာကြောင့်လို့ စွပ်စွဲခံနေရတဲ့အချိန်မှာ အီဗရာကလည်း ရှာကာကို ထပ်မံဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။ အီဗရာက “ကျနော် ခင်ဗျားတို့ကို အကြောင်းအရာလေးတစ်ခု ပြောပြချင်ပါတယ်။ တစ်ရက်တော့ သီယာရီဟင်နရီက သူ့အိမ်မှာ အာဆင်နယ်ပွဲကို ကြည့်ဖို့ ကျနော့်ကို ဖိတ်ပါတယ်။ သူ တီဗွီကို ဖွင့်လိုက်တဲ့ ပထမဆုံး မြင်တွေ့ရတာက ရှာကာဟာ အာဆင်နယ်အသင်းကို အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ပြီး ကွင်းထဲဝင်လာတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အွန်နရီက ချက်ချင်းပဲ တီဗွီကို ပိတ်ပစ်လိုက်ပါတယ်။ ကျနော်က ဘာဖြစ်လို့လဲမေးတော‌ေ ရှာကာ ခေါင်းဆောင်တဲ့ ငါ့အသင်းရဲ့ပွဲကို ငါ မကြည့်နိုင်တော့ဘူးလို့ သူက ပြောပါတယ်။ အဲဒါနဲ့ သူက တီဗွီကို ပိတ်ပစ်လိုက်ပြီး ကျနော်တို့ ဒီပွဲကို မကြည့်တော့ပါဘူး” လို့Sky Sports သတင်းကို ပြောပါတယ်။ “ဒါကိုကြည့်ရင် အသင်းရဲ့ဂန္ထဝင် ကစားသမားတစ်ယောက်က ရှာကာကို ဘယ်လိုမြင်လဲ ခင်ဗျားတို့ သိနိုင်ပါတယ်။ အခုပွဲမှာလည်း သူဟာ အသင်းကို ထပ်ပြီးတော့ ဆွဲချလိုက်ပြန်ပါပြီ။ ဒါဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂ နှစ်လောက်က အာဆင်နယ် ကစားသမားတွေဟာ ကလေးတွေနဲ့တူတယ်လို့ ကျနော် ပြောခဲ့ဖူးပါတယ်။ ဒီလိုပြောတော့ ရှာကာက အီဗရာ ဆိုတဲ့လူက အာဆင်နယ်အသင်းအကြောင်းကို ပြောတာ များနေပြီလို့ ပြန်တုံ့ပြန်ပါတယ်။ ဒါတွေအပြီး နောက်တပွဲမှာ သူ့ကို လူစားလဲတော့ ရှာကာဟာ အသင်းအင်္ကျီကို ချွတ်ခဲ့တာကို ကျနော် မှတ်မိနေပါတယ်။ အာဆင်နယ် ပရိသတ်တွေလည်း သူ့ကို စိတ်ပျက်နေကြပြီ ထင်ပါတယ်” လို့ အီဗရာက ပြောပါတယ်။ တနင်္ဂနွေနေ့ ရှုံးပွဲကြောင့် အာဆင်နယ်အသင်းဟာ အဆင့် ၁၅ နေရာကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပြီး လာမယ့်ဗုဒ္ဓဟူးနေ့မှာ ဆောက်သမ်တန်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားကာ စနေနေ့မှာ အဲဗာတန်နဲ့ အဝေးကွင်းပွဲသွားကန်ရဖို့ ရှိနေပါတယ်။
5 months Ago
More News
Up