DVB Logo
Home
Lead Story
“တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ကျုံးထည့်ရမှာပဲ၊ ဒီတခါတော့ သည်းညည်းမခံနိုင်တော့ဘူး” KNU ပြောခွင့်ရ ပဒိုစောတောနီး
DVB
·
April 24, 2024
“တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ကျုံးထည့်ရမှာပဲ၊ ဒီတခါတော့ သည်းညည်းမခံနိုင်တော့ဘူး” KNU ပြောခွင့်ရ ပဒိုစောတောနီး
Donate to DVB

တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်ရင်းအတွင်း စစ်ကောင်စီတပ်က ကရင်အမျိုးသားတပ်မတော် (KNA) ရဲ့ အကူအညီနဲ့  စစ်ကောင်စီက ကရင်အမျိုးသားအလံကို ဖြုတ်ပြီး စစ်ကောင်စီအလံ ပြန်လွှတ်ထူခဲ့မှုအပါအဝင် မြဝတီနောက်ဆုံးရ အခြေအနေတွေကို ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို DVB မှ နော်နိုရင်းက မေးမြန်းထားပါတယ်။

မေး။ အခုလက်ရှိ မြဝတီရဲ့ နောက်ဆုံးအခြေအနေအရ တချို့သတင်းမှာ မြဝတီကို တိုက်ပွဲမရှိတဲ့ ဇုန်အနေနဲ့ ဆွေးနွေးညှိနှိုင်း သဘောတူထားကြတယ်ဆိုပြီးတော့ သတင်းတချို့မှာတွေ့တယ်တယ်။ ဆိုတော့ အဲဒီနောက်ဆုံး အခြေအနေလေးကို ပြောပြပေးပါလား။

ဖြေ။ “အဲဒီသတင်းဖြစ်နေတဲ့ဟာက ကျနော်တို့ ဒီမှာ တာဝန်ရှိတဲ့သူက ဘာမှမသိရဘူး။ ဖြစ်နေတဲ့ သတင်းက လေထဲမှာဖြစ်နေတာ၊ အဲဒါ ဘာမှန်းကို မသိတာ။ အဲဒါကြောင့် မသိဘူးလို့ပဲ ပြောရမှာပေါ့နော်။”

မေး။ အခုနောက်ဆုံး မြဝတီရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ ပြောပြပေးပါလား။

ဖြေ။ “ပြောရမယ်ဆိုရင် မနေညကတည်း မီဒီယာကို ကျနော်ပြန်ပြီး respone လုပ်ထားတာရှိတယ်။ မနေ့က ဖြစ်ခဲ့တဲ့ ကိစ္စပေါ့နော်။ အဲဒီမှာ BGF က စစ်ကောင်စီနဲ့ တွဲသွားပြီးတော့ ကျနော်တို့ သိမ်းထားခဲ့တဲ့ ၂၇၅ တပ်ရင်းနေရာမှာ ကျနော်တို့ ကရင်အမျိုးသားအလံကို ဖြုတ်ချပြီးတော့ စစ်ကောင်စီအလံနဲ့ သွားပြီးတော့ တင်လိုက်တာလေ။ အဲဒါကတော့ BGF နဲ့ စစ်ကောင်စီသွားလုပ်တဲ့ကိစ္စ။ အဲဒါနဲ့တဆက်တည်းမှာပဲ ကျနော်တို့က ယာယီအားဖြင့် မြဝတီကနေ ဆုတ်သွားတာတော့ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က စစ်ကောင်စီက ဖန်တီးတဲ့ အချင်းချင်းရှုပ်ထွေးအောင် လုပ်တဲ့ဟာတွေက ကျနော်တို့ အဲဒီထောင်ချောက်ထဲကနေ ကျနော်တို့ ရုန်းထွက်တယ်လေ။ ကျနော်တို့ ပြောချင်တာကတော့ ယာယီအားဖြင့် ဆုတ်ထားတာရှိတယ်။ ဒါပေမဲ့ အတိအကျတော့ မပြောဘူး။ ဘယ်နေရာကနေ ဆုတ်တယ်ဆိုတာ။ အခုဒီတခါ ရှင်းရှင်းလင်းလင်းပြောပါမယ်။ ကျနော်တိုဆုတ်တယ်။ ခလရ ၂၇၅ ကနေ ဆုတ်တယ်ဆိုပေမဲ့ ကျန်ရှိတဲ့  တပ်စခန်းနေရာတွေဖြစ်တဲ့ ၃၅၅၊ ၃၅၆၊ ၃၅၇၊ ဗျူဟာ နေရာတွေအားလုံးက ကျနော်တို့ KNLA တပ်တွေ လက်ထဲမှာပဲ ရှိတယ်ဆိုတာကို သေချာရှင်းလင်းချင်တာပါ။” 

မေး။ ဟုတ်ကဲ့ပါ။ ဒီလို မြဝတီကို ဆုတ်ပေးလိုက်တာနဲ့ပတ်သက်ပြီးတော့ တချို့တော်လှန်ရေးတပ်ဖွဲ့တွေက အမျိုးမျိုးဝေဖန်တာ၊ တချို့ စိတ်ဓာတ်ကျတာ အဲလိုတွေ ရှိတဲ့အပေါ်မှာကော ဘာပြောချင်လဲ။

ဖြေ။ “အဲဒါကတော့ ယာယီအခိုက်အတန့်အားဖြင့် ကျနော်တို့ ကြုံနေရတဲ့ ကိစ္စတခုပေါ့နော်။ အခုဏ ကျနော်ပြောခဲ့ပြီးပါပြီ၊ ဒီဟာတွေအားလုံးက တရားခံက စစ်ကောင်စီက ဖန်တီးတာ။ အဲဒါကို သိသိချည်းနဲ့ ကျနော်တို့ ဝင်တိုးရင် ကျနော်တို့လောက် မိုက်တဲ့သူမရှိပါဘူ။ အဲဒါကြောင့် ဘာပဲဖြစ်ဖြစ် ဒီဟာကို အခိုက်အတန့်အားဖြင့် ကျနော်တို့ ရှောင်ကွင်းတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့တပ်တွေက အခုလက်ရှိ ဒီမှာပဲ ရှိသေးတယ်။ အထူးသဖြင့် သင်္ဃန်းညီနောင် စစ်ဒေသမှာ ကျနော်တို့ ကောင်းကောင်းလေး ထိန်းချုပ်နေတဲ့ အနေအထားမှာ ကျနော်တို့ရှိနေတဲ့ကိစ္စမှာ ဘာမှ ဝမ်းနည်းစရာမရှိဘူးလေ။ အခြားတဖက်မှာ ပြန်ကြည့်မယ်ဆိုရင် သူတို့ မိုးလားကဲလားလားနဲ့ စစ်ကူတွေ ထိုးတက်နေပေမဲ့  ကျနော်တို့ဆီကို ဘယ်လိုမှ တိုးလို့မရဘူး။ ဒီစစ်ကောင်စီရဲ့ အနေအထားနဲ့ သူ့ရဲ့ အရည်အချင်းနဲ့ သူတို့ စိတ်ဓာတ်ရေးရာနဲ့ဆို သူတို့ ဘယ်လိုမှ တိုးလို့မရဘူးဆိုတာ ကျနော်သေချာပြောရဲတယ်။  ဘာလို့လဲဆိုတော့ ကျနော်တို့က စိတ်ပိုင်းဖြတ်ထားပြီးသား၊ ဒီတိုင်းပြည်ကို ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်မယ်ဆိုရင်တော့ စစ်အာဏာရှင်စနစ်ဟာ ဘယ်လိုမှရပ်တည်လို့မရဘူး။ အဲဒါကြောင့်မို့လို့ စစ်အာဏာရှင်စနစ်၊ ဘယ်အာဏာရှင်စနစ်မဆို ကျနော်တို့ အပြီးတိုင် ချုပ်ငြိမ်းအောင် လုပ်သွားဖို့က ကျနော်တို့ စိတ်ပိုင်းဖြတ်ထားပြီးသား။ အဲဒါကြောင့်မို ဒါနဲ့တဆက်တည်းပြောမယ်၊ ကျနော်လည်း ပြောထားပြီးပါပြီ။ တွေ့ရာသင်္ချိုင်း ဓားမဆိုင်း ကျုံးထည့်ရမှာပဲ၊ ဒီတခါတော့ သည်းညည်းမခံနိုင်တော့ဘူး။ အဲဒါကို ပြောချင်တာပဲ ဖြစ်တယ်။ ဒါကြောင့်မို့ ဘာမှ စိတ်ဓာတ်ကျစရာအကြောင်းလည်း မရှိဘူး။ ကျနော်တို့ သွားမယ့်ခရီးဟာ ဝေးတာမှန်တယ်၊ အဝေးကြီး သွားရဦးမှာ မှန်တယ်ဆိုပေမယ့် ကျနော်တို့သွားတဲ့ခရီးဟာ အင်မတန် ရှင်းလင်းတောက်ပြောင်တယ်။”

 မေး။ နောက်ဆုတ်ပေးလိုက်ရတယ်ဆိုတာ ဘာကြောင့် ဆုတ်လိုက်ရတာလဲရှင်။

ဖြေ။ “အခုဏက ကျနော်ပြောပြီးပြီလေ။ ဒါက အင်မတန်မှ ကျနော်တို့အတွက်၊ ရန်သူအတွက် အားသာချက်တွေဖြစ်စေတယ်။ အတွင်းကျကျတော့ ကျနော်မပြောတော့ဘူး။ ဒါတွေက နောက်ကျရင်တော့ အချိန်ကာလ တခုလေးကျော်သွားပြီဆိုရင်တော့ လူထုတွေ ရှင်းရှင်းလင်းလင်း မြင်လာလိမ့်မယ်။ ဘာဖြစ်လဲဆိုတော့ စစ်ကောင်စီ ဖန်တီးတဲ့အကွက်ထဲကို ကျနော်တို့ လုံးဝ ခုန်မဆင်းဘူး။ ကျနော်တို့ ရှောင်ထွက်လိုက်တယ်။ အဲဒီ ကျနော်တို့ ဆုတ်သွားတဲ့ဟာကလည်း တဒင်္ဂအတွင်းပဲ ဆုတ်ပြီးတော့ သူလုပ်တဲ့ ဇာတ်ကွက်တွေထဲကို အထူးသဖြင့် ဒီထောင်ချောက်ထဲကို ကျနော်တို့လွတ်အောင် ကျနော်တို့ ခုန်ထွက်လိုက်တာပဲလေ။ အဲဒါကို ပြောတာဖြစ်ပါတယ်။ ကျန်တဲ့ဟာကိုတော့ ဘာမှ စိုးရိမ်စရာမရှိပါဘူး။”

မေး။ ဗိုလ်မှူးကြီးစောချစ်သူနဲ့ ပတ်သက်ပြီးတော့လည်း ညှိနှိုင်းမှုတွေရှိလား။ ဝေဖန်မှုတွေကလည်း တော်တော်များများ ရှိနေတဲ့အပေါ်မှာကော ဘာပြောချင်လဲ။

ဖြေ။ “ကျနော်တို့က ရှင်းပြီးသားလေ။ အဲဒါကတော့ ဘာမှ ထူးထူးခြားခြားပြောစရာမရှိပါဘူး။ ကျနော်တို့အတွက် ရှင်းတာကတော့ အထူးသဖြင့် စစ်ကောင်စီ စစ်အာဏာရှင်စနစ်နဲ့ ဖက်တွယ်နေတဲ့ဟာ ကျရင် ကျနော်တို့ ဘယ်လိုမှ သည်းခံလို့မရဘူး။ ဒါက ကျနော်တို့ မူဝါဒအရ ပြောတာပဲဖြစ်တယ်။”

မေး။ တခြား ဘာဖြည့်စွက်ပြောချင်တာ ဘာရှိမလဲ။ အထူးသဖြင့် ပြည်သူတွေကိုကော ဘာ မက်ချ်ဆေ့ပေးချင်လဲ။

ဖြေ။ “ကျနော်ပြောချင်တာက ဒီလိုပါ။ အဲဒါကတော့ ဘာမှ သံသယ မရှိစေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ သွားမယ့်ခရီးလမ်းက အင်မတန်မှ ဖြောင့်ပြီး‌တော့ ရှင်းနေတာပဲလေ။ ဒါပေမဲ့ ကျနော်တို့ ကြုံတွေ့ရမယ့်အခက်အခဲက ဒီစစ်ကောင်စီပဲရှိတယ်။ ဒီစစ်ကောင်စီက စစ်အာဏာရှင်စနစ်ကို ကိုင်ထားတယ်။ ဒီစနစ်ဟာ ကျနော်တို့နဲ့ ဘယ်လိုမှ အတူသွားလို့ မရဘူးဆိုတာ ရှင်းရှင်းလင်းလင်းရှိပြီးသား။ အဲဒါကြောင့်မို့ ကျနော်တို့ သွားစရာရှိတာကို ကျနော်တို့ဆက်သွားမယ်။ ဒီအခိုက်အတန့်အားဖြင့် အဓိက အရေးကြီးတာက ပြောရရင်ဗျာ။ သူတို့ အရှက်တကွဲအကျိုးနည်းဖြစ်သွားရတဲ့ ဒီမြဝတီကိစ္စကို သူတို့က ဒါကို ဖာထေးဖို့ဆိုပြီးတော့ နိုင်ငံအဆင့် စစ်ဆင်ရေးကြီးတွေနဲ့ကို လုံးလားထွေးလားနဲ့ မိုးလားကဲလားနဲ့ ပြောနေတဲ့ဟာကတော့ ကျနော်တို့အတွက် ဘာမှ ရင်ခုန်စရာလည်းမရှိဘူး။ ဒါကို ကောင်းကောင်းကြီး ကျော်လွှားနိုင်တယ်ဆိုတာ ကျနော်တို့ ပြည်သူတွေကိုပဲ သေသေချာချာ ချပြချင်ပါတယ်။”

နော်နိုရင်း

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013