DVB Logo
Home
နိုင်ငံရေး
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ ဘာကြောင့် ပြောင်းရွှေ့ချုပ်နှောင်ထားလဲ 
DVB
·
April 24, 2024
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ ဘာကြောင့် ပြောင်းရွှေ့ချုပ်နှောင်ထားလဲ 
Donate to DVB

အာဏာသိမ်းပြီးချိန်ကတည်းက ၃ နှစ်ကျော် စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်မှာပဲ အကျဉ်းထောင်ထဲက ခေါ်ထုတ်သွားခဲ့ပြီး နေအိမ်အကျဉ်းထောင်အနေနဲ့ ပြောင်းရွှေ့လိုက်တယ်လို့ စစ်အုပ်စုဘက်က ကြေညာပါတယ်။

ဒီဖြစ်ရပ်ရဲ့နောက်ကွယ်မှာ ဘာတွေရှိနေသလဲ၊ ဘယ်လိုသက်ရောက်မှုတွေ ရှိနေနိုင်သလဲ၊ တကယ်ရော ဒေါ်အောင်ဆန်းစုကြည် ဘယ်မှာရှိနေပါသလဲ။ 

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှု ဖြစ်နိုင်ခြေ၊ အပြောင်းအရွှေ့ရဲ့ အရေးပါမှုနဲ့ နိုင်ငံ့ခေါင်းဆောင်နှစ်ဦးစလုံးနဲ့ ပတ်သက်တဲ့ နောက်ထပ် ခြေလှမ်းတွေက ဘာတွေဆက်ဖြစ်နိုင်မလဲ။

ဖမ်းဆီးခံ နိုင်ငံ့ခေါင်းဆောင် နှစ်ဦးစလုံးဟာ အသက် ၇၀ တန်း ဝန်းကျင်အရွယ်တွေ ဖြစ်ကြပြီး စစ်ကောင်စီဘက်က ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ခုလို ပြောင်းရွှေ့မှုဟာ သူတို့ရဲ့ အသက်အရွယ်နဲ့ လက်ရှိအခြေအနေမှာ အပူဒဏ် အလွန်အမင်း မြင့်တက်လာတာကြောင့် ဖြစ်တယ်လို့ ပြောထားပါတယ်။

ဒါပေမဲ့ အနည်းဆုံး သတင်းရင်းမြစ်နှစ်ဦးရဲ့ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ အကျဉ်းထောင်အခန်းတွင်းမှာ မရှိတော့ပေမဲ့ အဲဒီအကျဉ်းထောင်တွင်းမှာပဲ ရှိနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

အခု ဘာကြောင့်လဲ။

အဆိုပါကြေညာချက်က မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ ပြုလုပ်နေကျ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အတူ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး အဲဒီနေ့မှာ နိုင်ငံတဝန်း အကျဉ်းထောင်တွေက အကျဉ်းသား ၃,၀၀၀ ကျော်ကို လွှတ်ပေးခဲ့တာပါ။

ဒါ့အပြင် လတ်တလော အခြေအနေမှာ စစ်ကောင်စီအနေနဲ့ အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်သူ့ကာကွယ်ရေးတပ်တွေ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ ပြင်းထန်တဲ့ ခုခံတိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရချိန်လည်း ဖြစ်သလို ထိုင်းနဲ့ တရုတ် နယ်စပ်တလျှောက် ဒေသတွေမှာလည်း နယ်မြေအများအပြားကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ခံနေရတဲ့ အခြေအနေလည်း ဖြစ်နေတာပါ။

NUG အစိုးရကလည်း မကြာသေးခင်က ပြောထားတဲ့အထဲ နေပြည်တော်က မြန်မာစစ်တပ် အခြေစိုက်စခန်းနှစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒါဟာ စစ်အုပ်စုဘက်က အဲဒီမြို့ကို သူတို့ရဲ့ ခံတပ်အဖြစ် ရှုမြင်တာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

လတ်တလောမှာတော့ စစ်ကောင်စီအနေနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို ခုခံကာကွယ်ဖို့ ပိုမိုခက်ခဲလာနေသလို တိုက်ပွဲတွေမှာ အရေးမလှတာကြောင့် နိုင်ငံတွင်းက ထွက်ပြေးတာ၊ ဒါမှမဟုတ် လက်နက်ချခဲ့တဲ့ စစ်သားတွေကိုလည်း ဆုံးရှုံးခဲ့တာတွေ ရှိလာနေပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်ကလည်း သူ့ရဲ့မိခင်ဖြစ်သူကို စစ်အုပ်စုဘက်က လူသားဒိုင်းအဖြစ် အသုံးချခံရမှာကို စိုးရိမ်တဲ့အကြောင်း ပြောထားတာတွေလည်း ရှိနေပါတယ်။

ပြောင်းရွှေ့မှုနောက်ကွယ်မှာ ဘာရှိနေသလဲ။

စင်ကာပူနိုင်ငံအခြေစိုက် Yusof Ishak Institute (ISEAS) အဖွဲ့က အကြီးတန်းသုတေသီတဦး ဖြစ်တဲ့ ဒေါ်မိုးသူဇာကတော့ “ဒီအထိ ကျမတို့ သိထားရတာက နိုင်ငံ့ထိပ်တန်း ခေါင်းဆောင်တွေကို အရမ်းပူတဲ့ အပူချိန်ကနေ ဝေဒနာသက်သာရာရစေဖို့ ကရုဏာထားတဲ့ လုပ်ရပ်အနေနဲ့ ဒီလုပ်ရပ်ကို အကွက်ချထားတယ်လို့ ပြောရမယ်” လို့ CNA သတင်းဌာနကို ပြောထားပါတယ်။

ဒါပေမဲ့လည်း သူတို့ကို ဘယ်ကိုရွှေ့ပြောင်းလိုက်တယ်ဆိုတဲ့ နေရပ်အတိအကျကို မသိတာက မေးခွန်းထုတ်စရာတွေ အများကြီး ရှိနေတယ်လို့လည်း သူကပြောပါတယ်။

လေ့လာသုံးသပ်သူတွေကတော့ ဒါဟာ သံတမန်ရေးအရ ကြိုးဆွဲခံရတာမျိုး ဖြစ်နိုင်ကြောင်းလည်း  ထောက်ပြတာတွေ ရှိနေတာပါ။

ခုလို အကျဉ်းထောင်ပြောင်းရွှေ့မှု မတိုင်ခင်က မြန်မာစစ်တပ်နဲ့ နိုင်ငံတကာ အဆင့်မြင့် ဆက်ဆံရေးတွေ အများအပြား ရှိခဲ့သလို အဲဒီထဲမှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဒွန် ပရာမွတ်ဒ်ဝီနိုင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း တရုတ်အထူးကိုယ်စားလှယ် တိန်ရှီကျင်းနဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံမှု အပါအဝင် မြန်မာနဲ့ တရုတ်နိုင်ငံတို့ကြား သံတမန် ဆက်ဆံရေးတွေ ရှိလာခဲ့တာကို တွေ့ရပါတယ်။

ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်က ထွက်လာရာမှာ တရုတ်နိုင်ငံက အခန်းကဏ္ဍတခုကနေ ပါဝင်နိုင်ခဲ့သလားလို့ မေးမြန်းရာမှာ ဟောင်ကောင်တက္ကသိုလ်က လက်ထောက်ပါမောက္ခ ဘရိုင်ယန်ဝေါင်က “ဖြစ်နိုင်ခြေက သေချာသလောက်ရှိပါတယ်” လို့ ပြောပါတယ်။

“မြန်မာ့အကျပ်အတည်းကို အလျင်အမြန် ဖြေရှင်းတာက တရုတ်နိုင်ငံက အကျိုးစီးပွား ထိခိုက်ပျက်စီးနိုင်ချေနဲ့ နယ်စပ်လုံခြုံရေး ယိုယွင်းပျက်စီးလာမှာတွေကြောင့် ကြီးမားတဲ့ အကျိုးစီးပွားတွေ ရှိပါတယ်။ တရုတ်ဟာ စိတ်ရှည်သည်းခံနိုင်မှု ဆုံးရှုံးနေပြီး အတိုင်းအတာ တခုအထိတော့ တပ်မတော်ရဲ့အမိန့်နဲ့ လုံခြုံရေးကို ပေးဆောင်နိုင်တဲ့ စွမ်းရည်ကို ယုံကြည်နေတယ်ဆိုတာ ရှင်းပါတယ်”

ဘာကြောင့် အရေးကြီးလာတာလဲ

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ အကျဉ်းကျခံနေရတဲ့ကာလတွေ အတွင်းမှာ သွားကိုက်ဝေဒနာ ခံစားနေရပြီး မသက်မသာ ဖြစ်နေတယ်လို့ သိရပါတယ်။

ISEAS အဖွဲ့က အကြီးတန်းသုတေသီ ဒေါ်မိုးသူဇာက “အကျဉ်းထောင်ကနေ ရွှေ့လိုက်တာဖြစ်စေ၊ မပြောင်းတာဖြစ်စေ နိုင်ငံတကာ၊ ဒါမှမဟုတ် ဒေသတွင်း အသိုင်းအဝိုင်းက ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့်လေ့လာခဲ့တဲ့အတိုင်း အမှန်တကယ် စိတ်ရင်းမှန်နဲ့ အတည်ပြုထားတဲ့ အပြုအမူတခုအဖြစ် လက်ခံထားဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ထိပ်တန်းခေါင်းဆောင်တွေအတွက်တော့ အကျဉ်းခန်းပြင်ပမှာ ရှိနေတာထက် အကျဉ်းကျနေတာက ပိုကောင်းပါတယ်” လို့ ပြောပါတယ်။

ဒီကနေ့အထိ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် လွတ်မြောက်ရေးအတွက် တောင်းဆိုပန်ကြားမှုတွေအပေါ် နားပိတ် မသိကျိုးကျွံ ပြုနေခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့တပ်မတော်ခေါင်းဆောင်ပိုင်းရဲ့ မကြာသေးမီက လုပ်ဆောင်ချက်တွေနဲ့အတူ အခုနောက်ဆုံး အပြောင်းအရွှေ့ကတော့ “လာတော့မယ့် ကြားဝင်ဖျန်ဖြေရေး” အဖြစ် အရိပ်အမြွက် ပြနေတယ်လို့ နော်ဝေနိုင်ငံအခြေစိုက် Peace Research Institute Oslo (PRIO) အဖွဲ့က သုတေသီတဦးဖြစ်တဲ့ အမရာ သီဟက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရော မြန်မာနိုင်ငံအတွက်ရော ဘာတွေဖြစ်လာမလဲ

အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသူတဦးကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် သီတင်းပတ်တွေအတွင်း တရုတ်နဲ့ ထိုင်းနိုင်ငံတွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံနိုင်ဖွယ် ရှိနေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ရှေ့ဆက်ပြီးတော့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ လာမယ့် ဇူလိုင်လမှာ လာအိုနိုင်ငံမှာ ကျင်းပဖို့ရှိနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ထပ်မံရရှိစေမှာဖြစ်ကာ အသက်အရွယ်ရရှိလာပြီဖြစ်တဲ့ နိုင်ငံ့ခေါင်းဆောင် အမျိုးသမီးကြီးကို ဗန်းပြပြီး ဒီအချိန်ဟာ စစ်အစိုးရအတွက် အခွင့်အရေးတခု ဖြစ်လာစေလိမ့်မယ်လို့ ဆိုပါတယ်။

အဲဒီမှာတော့ သူ့ကို သက်ဆိုင်သူတွေနဲ့ တွေ့ဆုံခွင့်ပေးတာတွေ အပါအဝင် အမျိုးသား ပြန်လည်သင့်မြတ်ရေး အစီအစဥ်မှာ ပါဝင်စေဖို့ ကြိုးပမ်းတာ၊ ဒါမှမဟုတ် နောက်ဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုချက်တွေကို အဆုံးအဖြတ် ပေးနိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။

(စင်ကာပူအခြေစိုက် Channel News Asia သတင်းမှာ ဆောင်းပါးရှင် Leong Wai Kit ရေးသားထားတဲ့ “Why was Aung San Suu Kyi moved out of prison?” ခေါင်းစဉ်နဲ့ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါတယ်။)

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013