DVB Logo
Home
ကျန်းမာရေး
နွေဦးပြည်သူတို့အတွက် စားသုံးဆေးဝင် မုန်လာဥဖြူပင်
DVB
·
April 24, 2024
နွေဦးပြည်သူတို့အတွက် စားသုံးဆေးဝင် မုန်လာဥဖြူပင်
Donate to DVB

ဖက်ဆစ် စစ်တပ် အယုတ်တမာတို့ရဲ့ တိုက်စစ်က တဖြည်းဖြည်း လျော့လာနေပေမဲ့ အာဏာမီးညွန့် မကျိုးသေး။ တော်လှန်ရှေ့ဆက် စစ်အာဏာရှင် အမြစ်ပြတ်တဲ့အထိ ခရီးမဆိုင်း တလှိုင်းပြီးတလှိုင်း မဆုတ်မနစ် အတူတကွ တွန်းလှန်ကြရဦးမည်။ ဒါ့ကြောင့်လည်း နွေဦးတော်လှန်ပြည်သူတရပ်လုံး ကျန်းမာစေကြောင်း လက်လှမ်းမီ ဆေးပညာက အဖော်အဖြစ် လိုက်ဂရုစိုက် လက်တွဲချီတက် ရှေ့ဆက်ရင်း အရေးတော်ပုံ အောင်မြင်ပြီးဆုံးတဲ့အထိ ပါဝင်နေမယ်ဆိုတာ သန္နိဋ္ဌာန်ချပါတယ်။

ဒီတပတ်မှာ နွေဦးပြည်သူတို့အတွက် စားသုံးဆေးဝင် မုန်လာဥဖြူပင်အကြောင်း မျှဝေတင်ပြသွားပါမယ်။

မုန်လာဥဖြူပင်ကို သိပ္ပံလို Raphanus sativus, longipinnatus လို့ခေါ်ပြီး အင်္ဂလိပ်လို Daikon, mooli, Japanese radish, Chinese radish, white radish, winter  radish စသဖြင့် ခေါ်ကြပါတယ်။

မုန်လာဥဖြူမှာ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်၊ ကြေးနီ၊ ဗီတာမင်စီနဲ့ ဖောလိတ် folate, glucosinolates, isothiocyanates နဲ့ indoles အပါအဝင် အခြားသော အကျိုးပြု ဓာတ်ပေါင်းများစွာ ပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ကင်ဆာဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှု လျော့ကျခြင်းနဲ့ ပိုးသတ်ဆေးအာနိသင်များအပြင် ကိုယ်အလေးချိန်ကျခြင်း၊ အသည်းလုပ်ဆောင်ချက်ကို ကောင်းမွန်စေခြင်းနဲ့ ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း စတဲ့ အစွမ်းအာနိသင်များ ပါဝင်ပါတယ်။

မုန်လာဥဖြူဟာ ကယ်လိုရီနည်းပြီး အမျှင်ဓာတ်များတဲ့ အစားအစာ ဖြစ်တာကြောင့် အစားအစာတွေမှာ မုန်လာဥထည့်စားခြင်းက အစာကြေခြင်းကို နှေးကွေးစေပြီး ဆာလောင်မှုကို ထိန်းပေးတဲ့အတွက် ကိုယ်အလေးချိန် ထိန်းသိမ်းရာမှာ အထောက်အကူပြုပါတယ်။

မုန်လာဥဖြူရွက်ဟာ အစာအိမ်ကျန်းမာရေးကို ကောင်းမွန်စေပြီး ဝမ်းချုပ်တာကို ကာကွယ်ပေးတဲ့အပြင် အဝလွန်ခြင်းကို လျော့ကျစေနိုင်ပါတယ်။ မုန်လာရွက် စားသုံးခြင်းက သွေးတွင်းအဆီကို လျှော့ချပေးပြီး သွေးဖိအားကိုလည်း ထိန်းညှိပေးပါတယ်။

မုန်လာဥဟာ ဇီဝဖြစ်ပျက်မှုကို မြှင့်တင်ပေးပြီး အစာအိမ်အတွင်းရှိ ဂလူးကို့စ်စုပ်ယူမှုကို လျှော့ချပေးကာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချိုရောဂါရှိသူများ ပုံမှန်စားပေးနိုင်ပါတယ်။

မုန်လာဥမှာ ပါဝင်တဲ့ Anthocyanin နဲ့ Coenzyme Q10 (CoQ10) ဓာတ်ပေါင်းများနဲ့ ဓာတ်တိုး ဆန့်ကျင်ဂုဏ်သတ္တိများက အသည်းအင်ဇိုင်းများကို ထိန်းညှိပေးပြီး အဆိပ်အတောက်များကို ဖယ်ရှားကာ အသည်းကျန်းမာရေးကို မြှင့်တင်ပေးတဲ့အပြင် အသည်းအဆီဖုံးရောဂါနဲ့ အသည်းရောင်ရမ်းခြင်းများကို ဟန့်တားပေးပါတယ်။

မုန်လာဥမှာပါဝင်တဲ့ ဗီတာမင်စီ၊ polyphenol, ferulic acid နဲ့ quercetin ဓာတ်ပေါင်းများနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပြီး ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ကာ myrosinase, glucosinate, isothiocyanate နဲ့ Glucosinate ဇီဝဓာတ်ပေါင်းများက ဆဲလ်များပျက်စီးခြင်းကို ကာကွယ်ပေးနိုင်တာကြောင့် မုန်လာဥဖြူကို ပုံမှန်စားသုံးပေးခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်နဲ့ အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

မုန်လာဥမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေက သွေးတွင်း မကောင်းတဲ့အဆီကို လျှော့ချပေးကာ သွေးပေါင်ချိန်ကို ထိန်းညှိပေးတာကြောင့် နှလုံးကျန်းမာရေးကို ကောင်းစေတဲ့အပြင် သဘာဝ နိုက်ထရစ်အောက်ဆိုဒ်နဲ့ trigonelline တို့က သွေးကြောတွေကို ကာကွယ်ပေးပြီး နှလုံးကျန်းမာရေးကို မြှင့်တင်ပေးတဲ့အတွက် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

မုန်လာရွက်မှာ သံဓာတ်များစွာ ပါဝင်တဲ့အတွက် သွေးအားနည်းရောဂါနဲ့ ဟေမိုဂလိုဘင် ပမာဏ နည်းနေသူများအတွက် မုန်လာရွက်သတ္တုရည် တခါသောက် ရေနွေးကြမ်း ပန်းကန်တဝက်ကို ပျားရည် ကော်ဖီ ၂ ဇွန်းနဲ့ တနေ့ တကြိမ် နှစ်ကြိမ် သောက်ပေးနိုင်ပါတယ်။

ဆီးနီ၊ ဆီးနည်း၊ ဆီးအောင့် ရောဂါဝေဒနာများမှာ မုန်လာဥဖျော်ရည် ဖန်ခွက် ၁ ခွက်စာကို တနေ့ ၂ ကြိမ်ကနေ ၄ ကြိမ် သောက်ပေးနိုင်ပါတယ်။

သတိပြုရမှာက မုန်လာဥဖြူကို အသင့်အတင့်စားသုံးခြင်းက ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိနိုင်ပြီး အလွန်အကျွံစားမယ်ဆိုရင် ရေဓာတ်ခန်းခြောက်ခြင်း၊ သွေးပေါင်ကျခြင်း၊ သွေးတွင်း သကြားဓာတ်နည်းခြင်းနဲ့ သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ မုန်လာဥဖြူနဲ့ ဓာတ်မတည့်သူများ မုန်လာဥစားသောက်ခြင်းကို ရှောင်ကြဥ်ပါ။

နွေဦးပြည်သူများ မုန်လာဥဖြူပင်ရဲ့ ကျန်းမာရေး အကျိုးအာနိသင်များကို သိရှိပြီး လိုအပ်သလို ရယူသုံးစွဲနိုင်ဖို့ ရေးသားဖော်ပြအပ်ပါတယ်။

ခရီးဆုံးပန်းတိုင်မှာ အတူပြန်ဆုံကြပါစို့။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013