Home
နိုင်ငံတကာ
တရုတ်အတွက် သူလျှိုလုပ်မှုဖြင့် ဂျာမန် AfD ပါတီ၏ ဝန်ထမ်း ဖမ်းဆီးခံရ
DVB
·
April 24, 2024

တရုတ်နိုင်ငံအတွက် သူလျှိုလုပ်တဲ့ သံသယနဲ့ ဂျာမနီနိုင်ငံ အရှေ့ပိုင်း ဒရက်စ်ဒန်မှာ ဥရောပ ပါလီမန်က Alternative for Germany (AfD) ပါတီရဲ့ ဝန်ထမ်းတဦးကို ဂျာမန်ရဲတွေက ဖမ်းဆီးလိုက်တယ်လို့ ပြည်ထောင်စု အစိုးရရှေ့နေရုံးက ဧပြီ ၂၃ ရက်မှာ ပြောလိုက်ပါတယ်။

ကျန်းကို့လို့ ဖော်ထုတ်သိရှိထားတဲ့ ဒီဝန်ထမ်းဟာ ဥရောပပါလီမန်ရွေးကောက်ပွဲတွေမှာ AfD ပါတီရဲ့ ထိပ်တန်းကိုယ်စားလှယ်လောင်း မက်ဆီမီလီယန်ခရားရဲ့ လက်ထောက်အဖြစ် အလုပ်လုပ်ခဲ့ပြီး ဘရပ်ဆဲလ်မြို့နဲ့ ဒရက်စ်ဒန်မြို့တွေမှာ နေခဲ့တယ်လို့ ဂျာမန် ရုပ်သံလွှင့်ဌာနတွေက အစီရင်ခံ ပါတယ်။ 

ခရားကတော့ သူ့ဝန်ထမ်း အဖမ်းခံရတာကို မီဒီယာတွေကတဆင့် သိခဲ့ရပြီး စွပ်စွဲချက်တွေမှန်ရင် အဲဒီလူကို ချက်ချင်းထုတ်ပယ်မယ်လို့ လူမှုမီဒီယာ ပလက်ဖောင်း X မှာ ရေးသားခဲ့ပါတယ်။

တရုတ်လုံခြုံရေးဌာနတွေကိုယ်စား အရေးကြီးတဲ့ ရေတပ် သတင်းအချက်အလက်တွေကို စုဆောင်းပြီး စွမ်းအားမြင့်လေဆာကို ရယူခဲ့တယ်လို့ ယူဆရတဲ့ ဂျာမန်နိုင်ငံသား ၃ ဦးကို တနင်္လာနေ့မှာ ဖမ်းဆီးခဲ့တယ်လို့လည်း အစိုးရရှေ့နေတွေက ပြောပါတယ်။

ဂျာမန် ကိုယ်ရေးကိုယ်တာ စည်းမျဉ်းတွေနဲ့အညီ သောမတ်စ်အာရ်လို့ သတ်မှတ်ခံရတဲ့ အမျိုးသား တဦးက တရုတ်အစိုးရလုံခြုံရေး ဝန်ကြီးဌာနအတွက် “သူလျှို”အဖြစ် ဆောင်ရွက်ရင်း ဒွတ်ဇယ်ဒေါ့ဖှ်မြို့မှာ အင်ဂျင်နီယာကုမ္ပဏီတခုကို လည်ပတ်နေတဲ့ ဟာဝစ်ဂ်နဲ့ အီနာလို့ နာမည် သတ်မှတ်ထားတဲ့ အိမ်ထောင်သည်စုံတွဲနှစ်ဦးနဲ့ ချိတ်ဆက်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

"စီးပွားရေး၊ စက်မှုလုပ်ငန်းနဲ့ သိပ္ပံအတွက် တရုတ်သူလျှိုတွေရဲ့ အန္တရာယ်ကို ကျမတို့ သိပါတယ်" လို့ ဂျာမန်ပြည်ထဲရေးဝန်ကြီး နန်စီဖှရေဇာက ပြောပါတယ်။ 

“ဒီအန္တရာယ်တွေနဲ့ ခြိမ်းခြောက်မှုတွေကို ကျမတို့ အနီးကပ် စောင့်ကြည့်နေပြီး နေရာတိုင်းမှာ အကာအကွယ် အစီအမံတွေ တိုးမြင့်လာဖို့အတွက် သတိပေးချက်တွေ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပြီး အသိပညာပေးတာတွေ လုပ်ထားပါတယ်။”

သူလျှိုလုပ်တယ်ဆိုတဲ့ သံသယနဲ့ ဂျာမန်လက်ယာစွန်း နိုင်ငံရေးသမားတဦးရဲ့ လက်ထောက်တဦးကို ဖမ်းဆီးလိုက်တာဟာ တရုတ်နိုင်ငံကို “အပုပ်ချပြီး နှိပ်ကွပ်ဖို့” ရည်ရွယ်ထားတာလို့ တရုတ်ပြည်မကြီး အစိုးရက အင်္ဂါနေ့မှာ တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024