DVB Logo
Home
မြန်မာသတင်း
သောက်သုံးရေပြတ်လပ်နေသည့် ပေါင်မြို့နယ် ကျေးရွာများအတွက် ရေလှူဒါန်း   
DVB
·
April 26, 2024
သောက်သုံးရေပြတ်လပ်နေသည့် ပေါင်မြို့နယ် ကျေးရွာများအတွက် ရေလှူဒါန်း   
Donate to DVB

မွန်ပြည်နယ် ပေါင်မြို့နယ်ထဲက ပင်လယ်ကမ်းစပ်နဲ့နီးတဲ့ ကျေးရွာတွေမှာ အခုနှစ် မတ်လ ဒုတိယ အပတ်ကစပြီး သောက်သုံးရေပြတ်လပ်ခဲ့တာကြောင့် မြို့ပေါ်လူမှုကူညီရေးအသင်းတွေနဲ့ မြို့နယ် မီးသတ်တပ်ဖွဲ့တို့က ရေပေးဝေလှူဒါန်းတာတွေ လုပ်ဆောင်နေကြတာပါ။

အဲ့ဒီလို သောက်သုံးရေပေးဝေလှူဒါန်းရာမှာ စက်သုံးဆီ စျေးမြင့်တက်မှုကြောင့် သုံးရေထက် သောက်ရေကိုသာ အဓိကထား ပေးဝေနေရတယ်လို့ ပေါင်မြို့ "ဘစိုး" ဆွမ်းလောင်းနှင့် နာရေးကူညီမှုအသင်း တာဝန်ရှိသူက ပြောပါတယ်။

"လက်ရှိဆီစျေးကတက်နေတော့ အရင်နှစ်တွေလို အခေါက်များများမလှူနိုင်တော့ဘူးပေါ့။ ခါတိုင်းနှစ်တွေဆိုရင် တစ်နေ့ကို ၇ကြိမ်၈ကြိမ်လောက် သွားလှူနိုင်နိုင်ပေမယ့် ဒီနှစ်ကတော့ တစ်နေ့ကို ၃ကြိမ်လောက်ဘဲလှူနိုင်တော့တယ်။ ဒါတောင်သောက်ရေတစ်မျိုးထဲလှူပေးနိုင်တယ်။ အလှူရှင်တွေကလည်း တတ်အားသရွေ့လှူတာတွေနဲ့ ချင့်ချိန်ပြီး လောက်ငှအောင် စီစဥ်ရတာပေါ့" လို့ ပြောပါတယ်။

ပေါင်မြို့ပေါ်က စက်သုံးဆီရောင်းချဆိုင်တွေရဲ့လက်ရှိဈေးနှုန်းမှာ 92 တစ်လီတာကို ကျပ် ၃၀၀၀ ကျော်အထိရောင်းချနေမှုကြောင့် မြို့နယ်အတွင်းရှိ လမ်းပန်ဆက်သွယ်ရေးခက်ခဲပြီး ခရီးကြမ်းတဲ့ ရွာတွေကို ရေပေးဝေဖို့အတွက် အခက်ခဲတွေရှိနေကြောင်း မြို့နယ်လူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။

ပေါင်မြို့နယ်ထဲက ပင်လယ်ကမ်း​စပ်နဲ့ နီးကပ်တဲ့ အလှပ်၊ ညောင်ကုန်း ၊သပြေကုန်း ၊ထန်းပင်ချောင်၊ ဝဲပတန်၊ ကော့ထော်၊ တပ်မှုးချောင် စတဲ့ ကွင်းရွာ ၁၀ ရွာဝန်းကျင်မှာ ကန်ရေခန်းခြောက်ခဲ့မှုကြောင့် ဒေသခံတွေအနေနဲ့ သောက်သုံးရေပြတ်လပ်တာတွေနဲ့ ကြုံတွေ့ နေရတာပါ။

ပေါင်မြို့နယ်၊ အလှပ်ကျေးရွာမှ ဒေသခံတဦးက " ရွာမှာက တနှစ်ထက်တနှစ် လူဦးရေ များလာပေမယ့် ရေကန်တွေက ထပ်တိုးလာတာမရှိဘူး။ မိုးရွာရင်ရေခံထားပြီးသောက်နေရတာ။ အခုက မိုးလဲမရွာတော့ ကန်ရေလည်းခန်းတာပေါ့။ အရင်နှစ်တွေထက်ပိုပြီး ဒုက္ခရောက်တယ်။ ရေသန့်ဗူးကလည်း အရင်ကဆို ၁ ဗူးကို ၅၀၀ ကနေ အခု ၁၅၀၀ ဖြစ်သွားတော့ ရေလာလှူတဲ့သူတွေကို မျှော်နေရတယ်" လို့ပြောပါတယ်။

ပေါင်မြို့နယ်အတွင်းရှိ သောက်သုံးရေပြတ်လပ်နေတဲ့ ကျေးရွာတွေကို မြို့နယ်မီးသတ်တပ်ဖွဲ့ အပါအဝင် လူမှုကူညီရေးအသင်း ၃ ခုနဲ့ စေတနာရှင်အဖွဲ့တွေက နေ့စဥ်သွားရောက် ကူညီလှူဒါန်း နေကြောင်း သိရပါတယ်။

Photo - စိတ္တသုခ/ဘစိုး(လူမှုကူညီရေးအသင်း)

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013