DVB Logo
Home
မြန်မာသတင်း
ဘဏ်အပ်ငွေကိစ္စ စစ်ကောင်စီက အာမခံပြောကြားပြီးနောက် အပ်ငွေထုတ်ယူသူ ပိုများပြားလာ
DVB
·
November 20, 2023
ဘဏ်အပ်ငွေကိစ္စ စစ်ကောင်စီက အာမခံပြောကြားပြီးနောက် အပ်ငွေထုတ်ယူသူ ပိုများပြားလာ
1 / 3
Donate to DVB

ဘဏ်တွေမှာ အပ်နှံထားတဲ့ ပြည်သူတွေရဲ့ ဘဏ်အပ်ငွေကို အခိုင်အမာ အာမခံတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက  ပြောဆိုထားပေမယ့် ပြည်သူလူထုတွေက အယုံအကြည်မရှိလို့  ပုဂ္ဂလိကဘဏ်တွေမှာ ငွေထုတ်ယူသူတွေများနေပြီး ATM စက်တွေမှာလည်း ငွေမရှိတော့ဘူးလို့ သိရပါတယ်။

နိုဝင်ဘာ ၂၀ ရက်ဒီနေ့အထိ  ပုဂ္ဂလိကဘဏ်တွေမှာ ငွေထုတ်ယူသူတွေများပြားနေပြီး  ငွေထုတ်တဲ့ ATM စက်တွေမှာလည်း ငွေပြတ်လပ်နေတယ်လို့  KBZ ဘဏ် အသုံးပြုသူတစ်ယောက်က ပြောပါတယ်။

“ငွေထုတ်တဲ့သူတွေက ဘဏ်မှာရော ATM စက်တွေမှာရော ရှိတယ်၊ KBZ က ငွေထုတ်ရင် limit သတ်မှတ်တာတော့မရှိသေးဘူး၊ တရားဝင်စာလည်း မထုတ်ပြန်ရသေးဘူး၊ အခုထိတော့ အပြောင်းအလဲ အကန့်အသတ်မရှိထုတ်လို့ရတယ်ပဲ ကြားတယ်၊ ဒါပေမဲ့ အခု အသိဝန်ထမ်းကိုမေးကြည့်တော့ ပိုက်ဆံက limit နဲ့ ထုတ်ပေးတယ်ဆိုတာ တာဝန်ခံနဲ့ပဲ ဆိုင်တယ်တဲ့ ပုံသေမရှိဘူး။ ပုံမှန် personal အကောင့်ဆို ၂၀ ၊ ကုမ္ပဏီဆို ၂၀၀တဲ့။ ပြီးတော့ ATM စက်တွေထဲ ပိုက်ဆံမထည့်ထားဘူး၊ ဒီနေ့ KBZ မှာ ငွေသွားထုတ်တာ နှစ်ခါရှိပြီ နှစ်ခါစလုံး ငွေမရှိဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်ကတည်းက special အကောင့်နဲ့ အပ်ငွေအကောင့်တွေက ငွေထုတ်ယူမှုတွေ များပြားနေတယ်လို့ ပုဂ္ဂလိကဘဏ်ဝန်ထမ်းတွေဆီက သိရပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဘဏ်သတင်းတွေက ကောလာဟာလတွေသာဖြစ်ပြီး ဘဏ် အပ်ငွေတွေကို နိုင်ငံတော်က ခိုင်မာစွာ အာမခံတယ်လို့ နိုဝင်ဘာလ ၁၈ ရက်က စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေနဲ့ တွေ့ဆုံမှုမှာ ပြောကြားထားတာပါ၊

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဘဏ်တွေကိစ္စနဲ့ ပတ်သက်ပြီးပြောရရင် ကျနော်တို့နိုင်ငံမှာ လတ်တလော ဖြစ်နေတဲ့အခြေအနေအပေါ် အခွင့်ကောင်း ယူပြီးတော့ ပြည်တွင်းပြည်ပ အဖျက်သမားတွေက  နိုင်ငံတော်ရဲ့ စီးပွားရေးနဲ့ လူမှုရေး ကဏ္ဍတွေ ကိုပါ မတည်မငြိမ်ဖြစ်အောင် ပြည်ဖျက်မီဒီယာတွေနဲ့ပေါင်းပြီး ဆောင်ရွက်နေတာကို တွေ့ရတယ်။ ဘဏ်တွေက core banking systemဖြစ်တဲ့အတွက် ပြည်သူလူထုက ဘယ်လိုမှ ဆုံးရှုံးစရာမရှိဘူး။ ဖွဲ့စည်းပုံအခြေခံဉပဒေ အခန်း ၈ အရ နိုင်ငံသားတွေရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေကို နိုင်ငံတော်က အကာအကွယ်ပေးရမယ်လို့ ပါရှိတဲ့အတွက် တစ်ဦးချင်း သို့မဟုတ် အဖွဲ့အစည်းအလိုက်  ဘဏ်အပ်ငွေတွေကို အစိုးရက ခိုင်မာစွာအာမခံတယ်လို့ အာမခံ ပြောကြားလိုပါတယ်”  လို့ ပြောပါတယ်၊

ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘဏ်တွေမှာ ငွေထုတ်ယူဖို့ အခက်အခဲဖြစ်ပေါ်နေတာ ၊ ငွေတွေကို အကန့် အသတ်နဲ့သာထုတ်ပေးနေတာ။  ဘဏ်တွေမှာ ငွေမရှိတော့ဘူးဆိုတာနဲ့ ဘဏ်အပ်ငွေတွေကို ပြည်သူလူထုတွေ အများအပြားထုတ်ယူနေတယ် ဆိုတာ‌တွေက ကောလာဟလတွေ ဖြစ်တယ်လို့ပြောပါတယ်၊

ဘဏ္ဍာရေးဆိုင်ရာလေ့လာသူတစ်ယောက်တော့ “လူတွေက ဘဏ်တွေကို မယုံတော့ရင် အစိုးရက ကျားကန်ပေးရတယ်။ ငွေလာထုတ်လို့ ငွေမရှိတဲ့အခါ ဘဏ်တွေကို ဗဟိုဘဏ်ကနေ အရန်ငွေထဲက ချေးပေးရတယ်။ ဘဏ်တွေကို ယုံကြည်မှု ပျက်မသွားအောင်ပေါ့၊ အခုက အဲဒီလိုလုပ်ပေးဖို့ စကစမှာ ငွေအင်အားရှိပုံမရဘူး။ ယတိပြတ်တော့ပြောလို့မရဘူး နိုင်ငံတော် အရန်ငွေဘယ်လောက်ကျန်လဲ ကြည့်ရမှာ။ ကျနော် ထင်တာတော့ ဘဏ်အားလုံးကို ဝိုင်းထုတ်ကြရင် အခုချိန်မှာ စကစလည်း  မပေးနိုင်လောက်ဘူး။ စစ်ဘောင်ကျယ်လာတာနဲ့ ဘဏ်လို ငွေကြေးအင်စတီကျုးရှင်းတွေက ရပ်သွားမှာပဲ။ အဲဒီလိုအချိန် လက်ထဲ ငွေမရှိမှာကို စိုးရိမ်တာ သဘာဝကျတယ်လေ။ လူထုအနေနဲ့က ဒီလိုပဲတွေးမှာ” လို့ လူထုက ငွေတွေထုတ်ယူနေတာနဲ့ပတ်သက်”လို့ သုံးသပ်ပြောပါတယ်။

ကျပ်သန်း ၁၀၀ ထက် ကျော်လွန်တဲ့ ထုတ်ယူမှု အချက်အလက်အားလုံးကို ဘဏ္ဍာရေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေးအဖွဲ့ကို ပေးပို့ရတာဖြစ်တယ်လို့ စစ်ကောင်စီ ဗဟိုဘဏ် ဒုဥက္ကဋ္ဌက ပြောပါတယ်။ 

အခုလို ငွေထုတ်ယူမှုများနေတဲ့ လူတွေအားလုံးကို ဗဟိုဘဏ်၊ စသုံးလုံး၊ FIU တို့ကနေပြီးတော့ အနီးကပ်ကြီးကြပ် စောင့်ကြည့် နေတာဖြစ်ပြီး စျေးကစားမှုမှာ ပါဝင်ပတ်သက်နေရင် ထိရောက်စွာ အရေးယူသွားမှာဖြစ်တယ်လို့လည်း ဗဟိုဘဏ်က ထုတ်ပြန်ပြောဆိုထားပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးစလပိုင်း အချိန်တွေတုန်းကလည်း ပြည်သူလူထု‌တွေဟာ သူ့တို့အပ်နှံထားတဲ့ ငွေတွေကို  ဘဏ်တွေနဲ့ ATM စက်တွေမှာ ငွေပြန်ထုတ်ယူလို့ မရတဲ့ အခက်အခဲနဲ့ ကြုံတွေ့ခဲ့ရဖူးပါတယ်။ 

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013