
ဘဏ်တွေမှာ ငွေသားထုတ်ယူတာကို ကန့်သတ်တာနဲ့ ဘဏ်ဝန်ထမ်းတွေကို လစာကြိုထုတ်ပေးနေတယ်ဆိုတဲ့ သတင်းတွေဟာ သတင်းမှားတွေ ဖြစ်နေကြောင်းနဲ့ ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေ ပုံမှန်အတိုင်းဆောင်ရွက်နေတယ်လို့ စစ်ကောင်စီဗဟိုဘဏ်က နိုဝင်ဘာ ၁၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။
လူမှုကွန်ရက်စာမျက်နှာနဲ့ အင်တာနက် ဝက်ဘ်ဆိုက်တွေမှာ ဖြန့်ဝေနေတဲ့ ဘဏ်တွေရဲ့ အပ်ငွေစာရင်းတွေက ငွေသားထုတ်ယူခြင်းကို ကန့်သတ်ကြောင်း ထုတ်ပြန်ချက်က မဟုတ်မမှန် သတင်းမှားသာ ဖြစ်ပြီး တချို့ပုဂ္ဂလိကဘဏ်တွေမှာ ဝန်ထမ်းတွေကို လစာတွေကြိုတင်ထုတ်ပေးကြောင်း သတင်းကလည်း သတင်းမှားတွေသာ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်ကဆိုပါတယ်။
ဘဏ်တွေမှာရှိတဲ့ အပ်ငွေစာရင်းတွေက ငွေသား ကန့်သတ်ချက်မရှိထုတ်ယူနိုင်ပြီး ဘဏ်တွေရဲ့ ဘဏ်ခွဲအသီးသီးမှာ Core Banking System (ဗဟိုထိန်းချုပ်ဘဏ်စနစ်) အရ ပြည်သူတွေ အပ်နှံ ငွေစာရင်းအချက်အလက်တွေကို တနိုင်ငံလုံးက ဘယ်ဘဏ်ခွဲမှာမဆို ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေ ရယူနိုင်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ရန်ကုန်နဲ့ ပဲခူးမြို့ရှိ အစိုးရဘဏ်၊ CB ဘဏ်နဲ့ KBZ ဘဏ်တွေက ဝန်ထမ်းတွေအနေနဲ့ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပေါ်ခဲ့ပါက နေထိုင်စားသောက်မှုတွေ အဆင်ပြေစေဖို့ ဘဏ်မန်နေဂျာတွေက အသိပေးစကားပြောခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်က ဝန်ထမ်းလစာ ကြိုထုတ်ပေးခဲ့တယ်လို့ ဝန်ထမ်းတွေထံက သိရပါတယ်။
မြို့ကြီးတွေမှာ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပွားမှာ စိုးရိမ်တဲ့အတွက် အခုလို လစာကြိုတင်ထုတ်ပေးတာဖြစ်နိုင်တယ်လို့ ဘဏ်ဝန်ထမ်း တစ်ယောက်က ပြောပါတယ်။
ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတစ်ယောက်က "လကုန်ရက်လည်း မဟုတ်ဘဲ ၃ နာရီလောက်က ဘဏ်ပိတ်ပြီး လူစုခိုင်းတာ။ နိုင်ငံရေး အခြေအနေတွေပြောတယ်။ မြို့သိမ်းတိုက်ပွဲမျိုး ဖြစ်လာခဲ့ရင် သူတို့အနေနဲ့ ဘာမှ တာဝန်မယူနိုင်ကြောင်း။ အကျိုးခံစားခွင့်လည်း ပေးမှာမဟုတ်ဘူး။ လိုအပ်တဲ့ အစားအသောက် ဆေးဝါးတွေကို အခုထဲက စုထားကြဖို့ ပြောတယ်။ လက်ရှိအခြေအနေအရ ဘဏ်ကိုလည်း ဘယ်နေ့ဘယ်ရက်တော့မသိဘူး ပိတ်ချင်လည်း ပိတ်ရမှာလို့ ပြောတယ်" လို့ ပြောပါတယ်။
မြစ်ကြီးနားမြို့ရှိ ရိုးမဘဏ်မှာတော့ အင်တာနက်လိုင်း အခက်အခဲကြောင့်ဆိုပြီး နိုဝင်ဘာ ၁၆ ရက်နေ့မှာ ပိတ်ပစ်ခဲ့ပြီး ပြန်ဖွင့်မယ့်နေ့ကို ထပ်မံအကြောင်းကြားမယ်လို့ အဲဒီဘဏ်က သတင်းထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကလည်း မြို့သိမ်းတိုက်ပွဲတွေမှာ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်တွေကို စနစ်တကျ လုပ်ဆောင်နိုင်ဖို့နဲ့ တာဝန်ယူနိုင်ဖို့ လုပ်ငန်းစီမံချက် (SOPs-Standard Operating Procedure) တွေ ထားရှိပြီး လုပ်ဆောင်နေတယ်လို့ ပြောဆိုထားပါတယ်၊
အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က “ကျနော်တို့ အစိုးရဘဏ်ပဲဖြစ်ဖြစ် ပုဂ္ဂလိက ဘဏ်တွေပဲ ဖြစ်ဖြစ် လုပ်ငန်းစီမံချက်တွေ ကျနော်တို့ ထုတ်ပြန်ထားတယ် ထုတ်ပြန်ချက်အတိုင်း မြေပြင်အဖွဲ့တွေနဲ့ အချိန်နဲ့ တပြေးညီ စီမံခန့်ခွဲနိုင်အောင် ဆောင်ရွက်နေပါတယ်” လို့ နိုဝင်ဘာလ ၁၅ ရက်မှာ ပြုလုပ်ခဲ့တဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်၊
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အများပြည်သူရဲ့ အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေတဲ့ သတင်းမှားတွေ ဖြန့်ဝေသူတွေကို ဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်ပြီး ထိရောက်တဲ့ ပြစ်ဒဏ်တွေချမှတ်ဖို့ လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။