
စစ်အာဏာရှင်အစိုးရက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်လိုငွေဖြည့်ဖို့ ဗဟိုဘဏ်ဆီက ကျပ်ငွေ ၂,၁၀၀ ဘီလီယံကို လွှတ်တော်ခွင့်ပြုချက်နဲ့ ချေးယူခဲ့ပါတယ်။
ဘာကြောင့် ချေးရတာလဲ၊ ဘယ်လိုပုံစံနဲ့ ချေးတာလဲ၊ ဘယ်နည်းလမ်းနဲ့ ပြန်ဆပ်မှာလဲ၊ အကျိုးဆက်က ဘာတွေဖြစ်နိုင်လဲ။

ဘာကြောင့် ချေးယူတာလဲ
အဓိက ကတော့ ဘတ်ဂျက်လိုငွေ မြင့်တက်နေတာကြောင့် ဖြစ်ပါတယ်။
ပုံမှန်အားဖြင့် ဘတ်ဂျက်လိုငွေကို လျှော့ချဖို့ဆိုရင် စစ်အာဏာရှင်အစိုးရရဲ့ ဝင်ငွေကို တိုးအောင် လုပ်တာ၊ အသုံးစရိတ်တွေကို စိစစ်လျှော့ချတာ စတဲ့နည်းလမ်းတွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အဲဒီလို မဆောင်ရွက်နိုင်ဘူးဆိုရင်တော့ ငွေတိုက်စာချုပ်နဲ့ ငွေတိုက်လက်မှတ်တွေကို ပိုမိုထုတ်ရောင်းပြီး လိုငွေကို ဖြည့်ရပါတယ်။
လက်ရှိမှာ လစဉ်လိုငွေကို ငွေတိုက်စာချုပ်တွေကို ၁ လ ၁ ကြိမ်နဲ့ ငွေတိုက်လက်မှတ်တွေကို ၁ လ ၂ ကြိမ် လေလံတင်ရောင်းချပြီး ဖြည့်ဆည်းနေပါတယ်။ ဒီနည်းလမ်းတွေနဲ့ ဖြည့်ပြီးမှ လိုငွေမပြည့်မီသေးရင် ဗဟိုဘဏ်ချေးငွေနဲ့ နောက်ဆုံးဖြည့်ဆည်းတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ငွေတိုက်စာချုပ်နဲ့ ငွေတိုက်လက်မှတ်တွေကို ဘယ်လောက်ထုတ်ရောင်းနိုင်မလဲဆိုတာ ဈေးကွက်ရဲ့ ဝယ်လိုအားနဲ့ ဝယ်ယူနိုင်စွမ်းပေါ် မူတည်ပါတယ်။ မြန်မာနိုင်ငံလို ငွေတိုက်စာချုပ်ဈေးကွက် ဖွံ့ဖြိုးမှု အားနည်းနေသေးပြီး ဝယ်လိုအားနဲ့ ဝယ်ယူနိုင်စွမ်းလည်း အကန့်အသတ်ရှိနေတဲ့ နိုင်ငံမျိုးမှာ စစ်အာဏာရှင်အစိုးရရဲ့ ဘတ်ဂျက်လိုငွေအားလုံးကို ဒီနည်းလမ်းနဲ့ ဖြည့်ဆည်းနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ အထူးသဖြင့် ဘတ်ဂျက်လိုငွေ ကြီးမားနေတဲ့ အခြေအနေမျိုးမှာ ပိုမိုခက်ခဲနိုင်ပါတယ်။
ဒါကြောင့် ဗဟိုဘဏ်ဆီကနေ တိုက်ရိုက်ချေးယူဖို့ လိုအပ်လာတာဟာ စစ်အာဏာရှင်အစိုးရရဲ့ ဘတ်ဂျက်လိုငွေကို ပုံမှန်ချေးငွေရယူတဲ့ နည်းလမ်းတွေနဲ့ လုံလောက်စွာ မဖြည့်ဆည်းနိုင်တဲ့ အခြေအနေနဲ့ ဆက်စပ်နေနိုင်ပါတယ်။

ဗဟိုဘဏ်က ဘယ်လိုပုံစံနဲ့ ချေးပေးမှာလဲ၊ ငွေရိုက်ထုတ်မှာလား
ဗဟိုဘဏ်က စစ်အာဏာရှင်အစိုးရငွေတိုက်လက်မှတ်ကို အတိုးနှုန်း ၄ ရာခိုင်နှုန်းနဲ့ ဝယ်ပေးမဲ့ နည်းလမ်းနဲ့ ငွေဖြည့်ပေးမှာ ဖြစ်ပါတယ်။
အခြေခံအားဖြင့်တော့ ဗဟိုဘဏ်က စစ်အာဏာရှင်အစိုးရကို ငွေကြေးအသစ် ဖန်တီးပေးတဲ့ သဘောဖြစ်ပါတယ်။ ငွေစက္ကူတွေကို တကယ်ရိုက်နှိပ်ထုတ်ဝေတာမျိုး မဟုတ်ရင်တောင် ဗဟိုဘဏ်က အစိုးရရဲ့ ငွေစာရင်းထဲကို ငွေကြေးဖြည့်သွင်းပေးနိုင်ပါတယ်။
စစ်အာဏာရှင်အစိုးရက အဲဒီငွေတွေကို အသုံးပြုတဲ့အခါ စီးပွားရေးထဲမှာ လည်ပတ်နေတဲ့ ငွေကြေးပမာဏ (Money Supply) တိုးလာနိုင်ပါတယ်။ ဒါကြောင့် ငွေစက္ကူတွေကို တကယ်ရိုက်နှိပ်ထုတ်ဝေခြင်း မရှိရင်တောင် ဗဟိုဘဏ်ငွေနဲ့ လိုငွေကို ဖြည့်ဆည်းတာကို စီးပွားရေးအရ ငွေကြေးအသစ် ဖန်တီးဖြည့်သွင်းခြင်း (Monetary Financing) လုပ်တာလို့ သတ်မှတ်နိုင်ပါတယ်။
ဒါပေမဲ့ ဒီလို ဗဟိုဘဏ်ချေးငွေကို အလွန်အကျွံ အားကိုးလာမယ်ဆိုရင် ငွေကြေးဖောင်းပွမှုအပေါ် ဖိအားတွေ ပိုမိုဖြစ်ပေါ်လာနိုင်ပါတယ်။

စစ်အာဏာရှင်အစိုးရက ဘယ်လို ပြန်ဆပ်မှာပါလဲ
အခု ဗဟိုဘဏ်က ဝယ်ယူမဲ့ ငွေတိုက်လက်မှတ်ရဲ့ သက်တမ်းက ရက်ပေါင်း ၉၂ ရက် ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဒီလို ကာလတိုချေးငွေတွေကို သက်တမ်းကုန်ဆုံးတဲ့အခါ အားလုံးကို တပြိုင်နက် ပြန်ဆပ်တာမျိုး မဟုတ်ဘဲ ချေးငွေအသစ်နဲ့ အဟောင်းကို အစားထိုးတဲ့ နည်းလမ်း (Rollover) ကို အသုံးပြုလေ့ရှိပါတယ်။
ဥပမာအားဖြင့် ရက်ပေါင်း ၉၂ ရက် ပြည့်တဲ့အခါ ငွေတိုက်လက်မှတ်အသစ် ထပ်မံထုတ်ပြီး ရရှိလာတဲ့ငွေနဲ့ သက်တမ်းကုန်ဆုံးသွားတဲ့ ငွေတိုက်လက်မှတ်ကို ပြန်ဆပ်တာမျိုး ဖြစ်ပါတယ်။
ဒါကြောင့် မူလချေးငွေကို အမှန်တကယ် လျှော့ချသွားတာထက် ချေးငွေကို ဆက်လက် လည်ပတ်နေစေတဲ့ သဘောဖြစ်ပါတယ်။ ဒီလို သက်တမ်းတိုးခြင်းတွေကို ဆက်တိုက် လုပ်ဆောင်နေရမယ်ဆိုရင် အစိုးရရဲ့ ချေးငွေအပေါ် မှီခိုမှုလည်း ဆက်လက်ရှိနေမှာဖြစ်ပါတယ်။

အကျိုးဆက်က ဘာတွေဖြစ်နိုင်လဲ
ဗဟိုဘဏ်က ငွေကြေးအသစ် ဖန်တီးပြီး စစ်အာဏာရှင်အစိုးရကို ချေးပေးတဲ့အခါ စီးပွားရေးအတွင်း လည်ပတ်နေတဲ့ ငွေကြေးပမာဏ တိုးလာနိုင်ပြီး ငွေကြေးဖောင်းပွမှုကို ပိုမိုအားပေးတဲ့ အခြေအနေ ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒါပေမဲ့ ငွေကြေးပမာဏ တိုးလာတာနဲ့ ကုန်ဈေးနှုန်းတွေ ချက်ချင်းတက်လာမယ်လို့တော့ မဆိုလိုပါဘူး။ ငွေကြေးမူဝါဒရဲ့ သက်ရောက်မှုတွေဟာ အချိန်တခု ကြာပြီးမှ ပေါ်လာလေ့ ရှိတာကြောင့် ဘယ်အချိန်မှာ ဘယ်လောက်သက်ရောက်မလဲဆိုတာ အတိအကျ ခန့်မှန်းဖို့ ခက်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ငွေကြေးဖောင်းပွမှုဟာ ဗဟိုဘဏ် ချေးငွေတခုတည်းကြောင့်လို့ မဆိုနိုင်ပါဘူး။
ဘတ်ဂျက်လိုငွေကြီးမားမှု၊ ငွေလဲနှုန်း၊ သွင်းကုန်နဲ့ စက်သုံးဆီအခက်အခဲ၊ ကုန်စည်ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးမှုအတားအဆီး၊ ဈေးကွက်အပေါ် ကန့်သတ်ချက်တွေနဲ့ စီးပွားရေးအပေါ် ယုံကြည်မှုတို့ကလည်း သက်ရောက်နေပါတယ်။
ဒါ့အပြင် ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အနာဂတ်ငွေကြေးဖောင်းပွမှုအပေါ် မျှော်မှန်းချက် (Inflation Expectations) တွေကလည်း ကုန်ဈေးနှုန်းအပေါ် အများကြီး သက်ရောက်မှုရှိပါတယ်။
အနာဂတ်မှာ ကုန်ဈေးနှုန်းတွေ ဆက်တက်မယ်လို့ ယူဆလာကြရင် အဲဒီမျှော်မှန်းချက်ကိုယ်တိုင်က လက်ရှိဈေးနှုန်းတွေကို ပိုမိုမြင့်တက်စေနိုင်ပါတယ်။
အချုပ်အားဖြင့်ဆိုရရင် ကုန်ဈေးနှုန်းတွေ မြင့်တက်လာရတဲ့ အဓိကအကြောင်းရင်းတွေထဲမှာ ကန့်သတ်မှုများတဲ့ စီးပွားရေးမူဝါဒတွေကြောင့် ကုန်ထုတ်လုပ်မှုနဲ့ ကုန်သွယ်မှုစရိတ်တွေ မြင့်တက်လာတာ ပါဝင်ပါတယ်။ ဒါပေမဲ့ ဒီမူဝါဒတွေကို ပြုပြင်ရုံနဲ့ မလုံလောက်ပါဘူး။
ဘတ်ဂျက်လိုငွေ ကြီးမားတာနဲ့ အဲဒီလိုငွေကို ဗဟိုဘဏ်က ငွေကြေးအသစ်ဖန်တီးပြီး တိုက်ရိုက်ချေးငွေပေး ဖြည့်ဆည်းနေတာဟာလည်း ငွေကြေးဖောင်းပွမှုကို ဆက်လက် မြင့်တက်စေတဲ့ အဓိကအကြောင်းရင်းတွေ ဖြစ်ပါတယ်။
ဒီအခြေခံပြဿနာတွေကို မဖြေရှင်းနိုင်သရွေ့ မက်ခရိုစီးပွားရေး တည်ငြိမ်မှုနဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ဖို့ ခက်ခဲနေမှာဖြစ်ပြီး အနာဂတ်ငွေကြေးဖောင်းပွမှုအပေါ် ပြည်သူတွေရဲ့ မျှော်မှန်းချက် (Inflation Expectations) ကိုလည်း ထိန်းသိမ်းနိုင်မှာ မဟုတ်ပါဘူး။











