Home
မြန်မာသတင်း
ဘဏ်များတွင် ပြည်သူများ ငွေကိုလိုအပ်သည်ထက် ပိုမိုထုတ်ယူနေဟု ဗဟိုဘဏ်ပြော
DVB
·
November 20, 2023

မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်တွေမှာ ပြည်သူတွေအနေနဲ့ ငွေထုတ်ယူမှုမှာ လိုအပ်တာထက်ပိုမို ငွေထုတ်ယူနေကြတယ်လို့  စစ်ကောင်စီလက်အောက်ခံ  ဗဟိုဘဏ်က ထုတ်ပြန်ပြောဆိုပါတယ်။

နိုဝင်ဘာ ၁၈ ရက်က  စစ်ကောင်စီရဲ့ ဗဟိုဘဏ်က နယ်ဘဏ်ခွဲတချို့မှာ မမျှော်မှန်းထားတဲ့ အခြေအနေတစ်ရပ်ကြောင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှု ရပ်တန့်ခဲ့ရတာကို အခွင့်ကောင်းယူပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ သတင်းတွေကိုဖော်ပြခဲ့တာကြောင့်  ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်ကာ ဘဏ်တွေထဲက ငွေတွေကို လိုအပ်သည်ထက်ပိုပြီး ထုတ်ယူနေတာလို့ ဗဟိုဘဏ်က ဆိုပါတယ်။

စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း "ဘဏ်လုပ်ငန်းမမှန်သတင်းတွေ ဖြန့်ဝေပြီးတော့ တိုက်ခိုက်လာတယ်။ နံပါတ် (၁) ဘဏ်တွေမှာ ငွေထုတ်ဖို့ အခက်အခဲ ဖြစ်ပေါ်နေတယ်ဆိုတဲ့အချက်။ နံပါတ် (၂) အကန့်အသတ်ဖြင့်သာ ငွေထုတ်ပေးနေတယ်ဆိုတဲ့ အချက်။ နံပါတ် (၃) ကတော့  ဘဏ်တွေမှာ ငွေမရှိတော့ဘူးဆိုတဲ့ ကောလာဟလ။ နံပါတ် (၄) ကတော့  ဘဏ်အပ်ငွေ တွေကို ပြည်သူလူထုတွေကို အများအပြားထုတ်ယူနေကြတယ်ဆိုတဲ့ ကောလာဟလ ထုတ်ပြီးတော့ တိုက်ခိုက်တယ်။ ဒီလိုမျိုး မမှန်သတင်းဖြန့်ဝေပြီး ဘဏ်လုပ်ငန်းစနစ်ကို တိုက်ခိုက်မှုတွေက ၂၀၂၁ ခုနှစ်မှာလည်း ကျယ်ပြန့်စွာ ပြုလုပ်ခဲ့တာတွေ့ရတယ်" လို့ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းစနစ်ဟာ ဘဏ်အချင်းချင်းချိတ်ဆက်ဝန်ဆောင်မှုပေးတဲ့ Core Banking စနစ် အသုံးပြုနေတာကြောင့် ဘဏ်ခွဲတစ်ခုခုရဲ့ ဝန်ဆောင်မှု အကြောင်းတစ်စုံတစ်ခုကြောင့် ရပ်တန့်သွားပါကလည်း ပြည်သူများအနေနဲ့ ငွေထုတ်ယူလို့ မရတော့တဲ့ အခြေအနေမျိုးဖြစ်ပေါ်သွားမည်မဟုတ်ဘူးလို့ ဆိုပါတယ်။

နိုင်ငံတစ်ဝန်းရှိ ဘယ်ဘဏ်ခွဲမှာမဆို ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေရယူနိုင်ပြီး မိုဘိုင်းဘဏ်လုပ်ငန်း၊ အင်တာနက်ဘဏ်လုပ်ငန်း၊ ဘဏ်ကတ်ပေးချေတာ၊ စာရင်းပြောင်းနည်းနဲ့ ငွေပေးချေတာတွေ ဆောင်ရွက်နိုင်ကာ ဘဏ်တွေကနေငွေတွေကို  လိုတာထက်ပိုမိုထုတ်ယူ လက်ဝယ်ထားရှိပါက အန္တရာယ်ရှိနိုင်ပြီး မိမိတိုငွေတွေ ဆုံးရှုံးနိုင်တဲ့ အခြေအနေမျိုးဖြစ်ပေါ်နိုင်တယ်လို့ ဗဟိုဘဏ်က ဆိုပါတယ်။

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပုဂ္ဂလိကဘဏ်တွေ။ မြန်မာ့စီးပွားရေးဘဏ်တွေ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊  ခါမ်းပါတ်မြို့၊ ချင်းပြည်နယ်ရှိ ပုဂ္ဂလိကဘဏ်တွေ၊ မြန်မာ့စီးပွားရေးဘဏ်တွေ၊ ရခိုင်ပြည်နယ်က တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသတွင်းရှိ ဘဏ်တွေမှာ လုပ်ငန်းတွေ လည်ပတ်နိုင်ခြင်းမရှိဘဲ ဆက်တိုက် ပိတ်သိမ်းနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024