
မြန်မာပြည်တွင်း သွင်းကုန်လိုင်စင် ခွင့်ပြုချက်ရရှိထားတဲ့ လုပ်ငန်းတွေအတွက် နိုင်ငံခြားငွေကို ပထမအရစ် ၃၀ ရာခိုင်နှုန်း၊ ဒုတိယအရစ် ၄၀ ရာခိုင်နှုန်းနဲ့ တတိယအရစ် ၃၀ ရာခိုင်နှုန်းဆိုပြီး ၃ ကြိမ်ခွဲ ရောင်းချပေးသွားမယ်လို့ စစ်အာဏာရှင်လက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။
ဗဟိုဘဏ်ရဲ့ နိုဝင်ဘာ ၄ ရက် ထုတ်ပြန်ချက်အရ သွင်းကုန်လိုင်စင် ခွင့်ပြုချက်ရရှိပြီးနောက် ပထမအဆင့်အနေနဲ့ သွင်းကုန်တန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းကို စိစစ်ရောင်းချပေးမှာ ဖြစ်ပါတယ်။
ဒုတိယအဆင့်မှာတော့ ကုန်ပစ္စည်းတွေ သင်္ဘောတင်ပြီး Bill of Lading (B/L) စာရွက်စာတမ်း တင်ပြနိုင်တဲ့အခါ သွင်းကုန်တန်ဖိုးရဲ့ ၄၀ ရာခိုင်နှုန်းကို ထပ်မံရောင်းချပေးမှာ ဖြစ်ပါတယ်။
ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကိုတော့ ကုန်ပစ္စည်းတင်သွင်းမှုအတွက် Import Declaration (ID) တင်ပြနိုင်တဲ့အခါ တတိယအဆင့်အနေနဲ့ စိစစ်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ နိုင်ငံခြားငွေကို သွင်းကုန်လုပ်ငန်းရှင်အားလုံးအတွက် ရောင်းချပေးမှာ မဟုတ်ဘဲ လိုအပ်တဲ့ သွင်းကုန်ပစ္စည်းတွေကိုသာ ဦးစားပေး စီစစ် ရောင်းချပေးမယ်လို့ ဆိုပါတယ်။
ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ကုန်ပစ္စည်းတင်သွင်းတဲ့ Importer တွေအနေနဲ့ လိုအပ်တဲ့ နိုင်ငံခြားငွေကို အချိန်မီရရှိစေဖို့နဲ့ ပြည်ပ Supplier တွေဆီ ငွေပေးချေမှု နောက်ကျတာကို လျှော့ချနိုင်ဖို့ ကုန်ပစ္စည်းတန်ဖိုး ကြိုတင်ငွေပေးချေတဲ့ Advance Payment အစီအစဉ်ကို ခွင့်ပြုထားတယ်လို့လည်း ဖော်ပြထားပါတယ်။
သွင်းကုန်လုပ်ငန်းတွေအတွက် အဓိကအခက်အခဲတခုက ပြည်ပ Supplier တွေဆီ ငွေပေးချေဖို့ လိုအပ်တဲ့ ဒေါ်လာရရှိရေး ဖြစ်ပါတယ်။
ကုန်ပစ္စည်းမှာယူနိုင်ပေမဲ့ နိုင်ငံခြားငွေ လိုအပ်သလောက် မရရှိတာကြောင့် အော်ဒါတင်သွင်းမှုနဲ့ ငွေပေးချေမှုတွေ နှောင့်နှေးတာမျိုး ရှိနိုင်ပါတယ်။
လုပ်ငန်းရှင်တွေကတော့ အခုလို နိုင်ငံခြားငွေကို အဆင့်လိုက် ရောင်းချပေးမဲ့ အစီအစဉ်ဟာ လက်တွေ့အကောင်အထည်ဖော်နိုင်ရင် သွင်းကုန်လုပ်ငန်းတွေအတွက် အထောက်အကူ ဖြစ်နိုင်တယ်လို့ ထောက်ပြကြပါတယ်။
ဒါပေမဲ့ ဒီထုတ်ပြန်ချက်မှာ ဘယ်ကုန်ပစ္စည်းတွေကို ဦးစားပေးမလဲ၊ ဘယ်ငွေလဲနှုန်းနဲ့ ရောင်းပေးမလဲ ဆိုတာကိုတော့ အတိအကျ ဖော်ပြမထားပါဘူး။
ဒီအစီအစဉ်က လက်တွေ့အလုပ်ဖြစ်ရင် ကုန်သွယ်မှုအတွက် အထောက်အကူဖြစ်နိုင်ပေမဲ့ ဒေါ်လာဈေး ချက်ချင်းကျမယ်၊ သွင်းကုန်ဈေးတွေ ချက်ချင်းသက်သာမယ်လို့တော့ တပ်အပ်ပြောလို့ မရသေးကြောင်း၊ အဓိကကတော့ ဒေါ်လာရရှိမှု တကယ်ပဲ အဆင်ပြေလာမလား ဆိုတာနဲ့ သွင်းကုန်လုပ်ငန်းတွေရဲ့ လက်တွေ့ကုန်ကျစရိတ်တွေအပေါ်မှာပဲ အများကြီးမူတည်နေတယ်လို့ စီးပွားရေး အသိုက်အဝန်းက ထောက်ပြထားကြပါတယ်။
ဒါ့အပြင် ဦးစားပေးစာရင်းမှာ မပါဝင်တဲ့ တခြား သာမန် သွင်းကုန်လုပ်ငန်းရှင်တွေကတော့ ပြင်ပဒေါ်လာဈေးကွက်ကိုပဲ ဆက်လက်အားကိုးရဖို့ ရှိနေတာကြောင့် ပြင်ပဒေါ်လာဈေးကတော့ သိသိသာသာ ပြန်ကျသွားဖို့ မလွယ်ကူသေးဘူးလို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။











