DVB Logo
Home
ဆောင်းပါး

နိုင်ငံခြားငွေရရှိရေး စစ်အာဏာရှင်ရဲ့လမ်းစဥ်

DVB
·
November 26, 2026
နိုင်ငံခြားငွေရရှိရေး စစ်အာဏာရှင်ရဲ့လမ်းစဥ်
Donate to DVB

အာဏာသိမ်းစစ်အုပ်စုရဲ့ အခုနောက်ပိုင်းလှုပ်ရှားမှုတွေကိုကြည့်ရင် ငွေတိုးချေးသူတယောက်က ဟောင်ဖွာဟောင်ဖွာနဲ့ အကြွေးပတ်တောင်းနေသလို အနေအထားက ကွက်ကွက်ကွင်းကွင်း ရုပ်လောင်းပေါ်လို့ လာပါတယ်။

ဟုတ်ပါတယ်။ နေ့စဉ်ရက်ဆက် ထုတ်ပြန်၊ ပြောဆိုချက်တွေကို သတိထားမှာ မရိုးနိုင်တဲ့ ပြောစကားတွေနဲ့ အက်ကြောင်းထပ်နေတဲ့ အကြောင်းပြချက်တွေကို မ​ကြားချင်၊ မမြင်ချင်မှအဆုံး စိတ်ပျက်၊ ညည်းညူစရာကောင်းလောက်အောင် ဖြစ်ရပါတယ်။

ဘယ်အကြောင်းချင်းရာကို ရည်ညွန်းတာလဲလို့ မေးလာခဲ့ရင် ပြည်ပရောက် အလုပ်သမားတွေရဲ့ လုပ်အားခကို မျက်စောင်းထိုးပြီး သွားရည်တမြားမြားကျနေတဲ့ အာဏာရှင်စစ်အုပ်စုရဲ့ ရုပ်သဏ္ဌာန်က ပေါ်လွင်ထင်ရှားနေတာပါ။

ပြည်တွင်း၊ ပြည်ပအလုပ်သမားအရေး ကူညီပေးနေသူတယောက်က "အေးဓားပြတိုက်တဲ့အဆင့်ထက်မကဘူး။ မိုက်ကြေးခွဲခွက်ခေါက်တဲ့ အနေအထားဖြစ်လာပြီ” လို့ ပြောပါတယ်။

စစ်အုပ်စုအ​နေနဲ့ နိုင်ငံခြားငွေလိုအပ်ချက် စိန်ခေါ်မှု ကြီးကြီးမားမား ကြုံတွေ့နေရတဲ့အတွက် ရပေါက်ရလမ်းမျိုးစုံသုံးပြီး ရှာကြံနေခဲ့ရချိန်မှာ သူတို့ရဲ့မျက်စိကျစရာ သားကောင်ဖြစ်လာတဲ့ ပြည်ပရောက်လုပ်သားတွေရဲ့ လစာထဲကို မိသားစုဆီ ၂၅ ရာခိုင်နှုန်း တရားဝင်ဘဏ်စနစ်က​နေ လွှဲပို့စေတာကတဆင့် နိုင်ငံခြားငွေရရှိရေး ပြဿနာ အဖြေရှာလာတာ ဖြစ်ပါတယ်။

ဒီနည်းလမ်းကို ၂၀၂၄ နှစ်လယ်ပိုင်းကစလို့ ဖိအား​ပေးလာခဲ့တာဖြစ်ပြီး အစပိုင်းမှာ မက်လုံးပေး၊ ဆွဲဆောင်တဲ့ လုပ်ရပ်နဲ့ ချဉ်းကပ်ခဲ့ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ လုပ်ရပ်နဲ့လေသံတွေပါ ပြောင်းလာခဲ့ပါတယ်။

အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတယောက်က "အခု နောက်ပိုင်းဆို ပိုလို့တောင်ရုပ်ပျက်၊ ဆင်းပျက်ဖြစ်တာ။ အလုပ်သမားဝန်ကြီးဆိုတဲ့သူဆိုရင် တခြားအလုပ်သမားအရေးကိစ္စ မလုပ်တော့ဘဲ ငွေလွှဲဖို့ကိစ္စပဲ ပြောနေတော့တာ” လို့ ပြောပါတယ်။

ဒီလိုလွှဲခိုင်းတာက ကျန်ခဲ့တဲ့ မိသားစုအဆင်ပြေဖို့ဆိုတဲ့ စိတ်စေတနာကြောင့်မဟုတ်ဘဲ သူတို့ အသည်းအသန် လိုအပ်နေလို့ အရပ်စကားအရ ခွက်ခေါက်တာဆိုပေမဲ့ အာဏာရှင် အသွင်စရိုက်ဆန်ဆန် အရေးယူမယ်ဆိုတဲ့ အမိန့်သံတွေ ထွက်လာခဲ့ပါတယ်။

မိသားစုဆီ ငွေလွှဲပို့မယ်ဆိုရင် EV ကား ဝယ်ယူတင်သွင်းခွင့်ရမယ်ဆိုပြီး စစချင်းပိုင်းမှာ သိမ်းသွင်းခဲ့တဲ့ စစ်အုပ်စုက အခုနောက်ပိုင်းမှာ ငွေလွှဲဖို့ ပျက်ကွက်သူကို အရေးယူမယ်ဆိုတဲ့ ခြိမ်းခြောက်စကားကနေ ငွေလွှဲပို့အောင် အလုပ်သမားရဲ့ မိဘနှစ်ဦးကပါ ခံဝန်ကတိ ရေးထိုးခိုင်းတာမျိုးအထိ အကျပ်ကိုင်ဖိအားပေးလာတာပဲ ဖြစ်ပါတယ်။

ပြည်ပရောက် မြန်မာလုပ်သားတယောက်က“ပြည်သူအပေါ် အနိုင်ကျင့်၊ ယုတ်မာဖို့ နည်းလမ်းတွေကိုပဲ သူတို့လုပ်တတ်တယ်။ လုပ်လည်း လုပ်လာတယ်။ နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေးကို လေးစားတမှုမရှိဘူး” လို့ ပြောပါတယ်။

စစ်အာဏာရှင်အနေနဲ့ ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း မဖော်ပေးနိုင်တဲ့အပြင် နိုင်ငံရပ်ခြားရောက် လုပ်ကိုင်မှာကို မလိုလားဘဲ ဖြစ်နေခဲ့ပြီး ​ရောက်နှင့်ပြီးသားသူတွေဆီက နိုင်ငံခြားငွေကို မျက်စိကျနေခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလို ပြည်ပရောက် မြန်မာလုပ်သားတွေ ငွေလွှဲပို့ဖို့ ညွှန်ကြားအသက်သွင်းခဲ့တာ ၂ နှစ်နီးပါး ရှိလာတယ်ဆိုပေမဲ့ မင်းကင်း မောင်မြင့် စစ်အာဏာရှင်ရဲ့ ၇ ယောက်မြောက် အလုပ်သမားဝန်ကြီး ဖြစ်လာချိန်မှာ ပိုဆိုးတဲ့ နည်းလမ်းတွေ အရှိန်မြှင့်အသုံးချလာခဲ့တာ ဖြစ်ပါတယ်။

"နိုင်ငံအတွက် ငွေလွှဲပို့ဖို့ကို ဒီလောက်မှ မလုပ်ပေးနိုင်ရင် လွှတ်ခွင့်ပေးရတာမတန်ဘူး" လို့ မကြာခင် လပိုင်းလောက်ကမှ အလုပ်သမားဝန်ကြီးဖြစ်လာသူ မင်းကင်းမောင်မြင့်က ပြောပါတယ်။

သူ့ကို အလုပ်သမားဝန်ကြီး တာဝန်စပေးတဲ့နေ့မှာပဲ ပြည်ပရောက် မြန်မာလုပ်သားတွေကို ငွေလွှဲပို့ဖို့ အရင်ဆုံးဖိအားပေးပြောဆိုလာခဲ့သလို ငွေမလွှဲတဲ့ အလုပ်ဘသမားတွေကို နှိမ့်ချ ပြစ်တင်တာတွေ ဆက်တိုက်လုပ်လာပါတယ်။

ဒါက အလုပ်သမားတွေ ချွေးနှဲစာနဲ့ရတဲ့ ပိုက်ဆံကို ကိုယ့်သဘောနဲ့ကိုယ် စီမံသုံးစွဲခွင့်ကို အာဏာရှင်စစ်အုပ်စုက ပိတ်ပင်တားဆီးပြီး သူတို့အကျိုးအတွက် နိုင်ထက်စီးနင်းလုပ်တဲ့ လုပ်ရပ်တွေ ပြောင်ပြောင်တင်းတင်း လုပ်ပြလာတာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်နဲ့ ရွှေ့ပြောင်းအလုပ်သမားရေးရာ မှတ်တမ်းတွေအရ ပြည်ပမှာရောက်ရှိ လုပ်ကိုင်သူ ၃ သန်းထက်မနည်း ရှိပါတယ်။

အဲဒီ သန်းနဲ့ချီတဲ့ ရွှေ့ပြောင်းအလုပ်သမားအများစုက စစ်အုပ်စုကို လက်မခံဘူးဆိုတာ မကြာခင်က လုပ်သွားတဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ကြိုတင်မဲမပေးဘဲ ပြသခဲ့ပေမဲ့ အာဏာရှင်တွေက သူ့တို့အမိန့်ကို နာခံရမယ်ဆိုတဲ့ တလွဲယုံကြည်စိတ်နဲ့ မျက်နှာပြောင်တိုက်တာလို့လည်း ယူဆရ ပါတယ်။

အခုလို ပြည်တွင်း/ပြည်ပထွက်ကို လွှမ်းမိုးထိန်းချုပ်၊ပြီး ပြည်ပရောက်နှင့်ပြီး နိုင်ထက်စီးနင်းလုပ်လာတဲ့ စစ်အုပ်စုရဲ့လုပ်ရပ်က သမိုင်းကြောင်းတလျှောက်မှာ အဆိုးရွားဆုံး အဖြစ်ပျက် ဖြစ်ပါတယ်။

“စစ်ယူနီဖောင်းချွတ်ထားပေမဲ့ အာဏာရှင်အမူအကျင့်ကိုတော့ မစွန့်လွှတ်နိူင်ဘူး။ ပြည်သူလူထုကို ကောင်းကျိုးပြုဖို့ထက် သူတို့အာဏာ တည်မြဲရေးအတွက်ပဲ ကြည့်တာ" လို့ ပြည်တွင်းမှာဆက်ရှိနေတဲ့ ပြည်သူ့လွှတ်တော်အမတ်ဟောင်းတယောက်က ပြောပါတယ်။

စစ်အာဏာရှင်အုပ်စုက ပြည်ပရောက်အလုပ်သမားတွေကို လစာရဲ့ ၂၅ ရာခိုင်နှုန်း လွှဲခိုင်းရာမှာ တရားဝင်ဘဏ်ငွေလွှဲစနစ်ကို သုံးခိုင်းပြီး ဗဟိုဘဏ်ထိန်းချုပ်မှုအောက်က ပုဂ္ဂလိကဘဏ်တွေရဲ့ နိုင်ငံခြားငွေ လဲနှုန်းသတ်မှတ်ချက် ရှုပ်ထွေး၊ တည်ငြိမ်မှုမရှိတာကြောင့် လိုက်နာဖို့ ပိုစိတ်ပျက်စရာ ဖြစ်ကြရပါတယ်။

လက်ရှိ အမေရိကန် တဒေါ်လာ ပြင်ပပေါက်စျေး ကျပ် ၅,၀၀၀ ကျော်လွန်လာနေချိန်မှာ ဗဟိုဘဏ်က ရည်ညွှန်း တဒေါ်လာကို ကျပ်  ၃,၇၀၀ နီးပါးပဲ သတ်မှတ်​ပေးထားပြီး ပုဂ္ဂလိက ဘဏ်တွေအတွက်ကိုတော့ ငွေလဲဝန်ဆောင်မှုလုပ်ငန်းတွေကို ရောင်း/ဝယ်ဖို့ သတ်မှတ်ထား တာပါ။

အဲဒီကမှ ပြည်ပရောက် လုပ်သားတွေ ငွေလွှဲပို့မယ်ဆိုရင် တဒေါ်လာကို ကျပ် ၄,၆၀၀ နှုန်း ပြင်ဆင်သတ်မှတ်ပေးထားပြီး စစ်အာဏာရှင်အစိုးရက နောက်ထက် ကျပ် ၄၀ ထပ်ဆောင်းဖြည့်ပေးမယ်လို့ ထုတ်ပြန်ပြောဆိုတွေရှိပေမဲ့ လက်တွေ့ရရှိတာ ရှိမရှိ မသိရပါဘူး။

သေချာတဲ့အချက်က ငွေလဲနှုန်းကွာဟချက်ကြောင့် တရားဝင်လွှဲပို့ရင် အပြင်စျေးထက် လျော့နည်းမှာဖြစ်ပြီး ပြည်ပမှာ ရုန်းကန်ရှာ​ဖွေထားတဲ့ ချွေးနည်းစာကို အပြည့်အဝမရနိုင်ဘဲ ဆုံးရှုံးနစ်နာစေမှာ ဖြစ်ပါတယ်။

စစ်အာဏာရှင်တွေအတွက်ကတော့ ပြည်သူတွေ နစ်နာခြင်း၊ မနစ်နာခြင်းက သူတို့နဲ့ မဆိုင်သလို သဘောထားဖြစ်ပြီး လိုချင်တာရဖို့ကပဲ အဓိကလို့ ထင်မြင်လက်ခံထားပုံပါပဲ။

ဒါကလည်း တိုးမြင့်လုပ်ဆောင်လာတဲ့ တင်းကျပ်မူ​တွေ၊ တရစ်ခြင်း ရစ်လာတဲ့ မူဝါဒတွေနဲ့ လေသံပစ်လာတဲ့ စကားလုံးတွေကို အခြေခံပြီး ပြည်ပရောက်လုပ်သားတွေဆီက သူတို့လိုချင်တဲ့ ပိုက်ဆံရဖို့အတွက် နောက်ဆိုရင် အိမ်ပေါ်ထိတက် လုယက်၊ သိမ်းယူလာလေဦးမလားဆိုတဲ့ ခန့်မှန်းတွက်ဆချက်တွေ ပေါ်ပေါက်ရလောက်တဲ့အထိ ရဲတင်းတဲ့လုပ်ရပ်တွေ ပြသနေခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

မင်းမခ

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013