
အိမ်ခြံမြေဈေးကွက်အတွင်း စျေးကွက်ပြိုလဲခြင်းတွေရဲ့ နောက်ဆက်တွဲ သက်ရောက်မှုအဖြစ် ပြည်တွင်း ငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ အပါအဝင် အဓိက နိုင်ငံခြားငွေကြေးတွေရဲ့ လဲလှယ်နှုန်းထားတွေဟာ တဟုန်ထိုး မြင့်တက်လာနေတယ်လို့ ငွေကြေးဈေးကွက်နဲ့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။
“ဒီနေ့ကစပြီး သိသိသာသာ တက်လာတာပေါ့။ တဒေါ်လာကို ကျပ် ၄,၆၀၀ ကျော်သွားပြီ” လို့ ငွေကြေးစျေးကွက်လုပ်ငန်း လုပ်နေသူတယောက်က ပြောပါတယ်။
အရင်ရက်က ၁ ဒေါ်လာကို ငွေကျပ် ၄,၀၀၀ ကျော်စွန်းစွန်းသာ ရှိနေတာကနေ အခုလို မြင့်တက်သွားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လပိုင်းအတွင်း အိမ်ခြံမြေဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှု ပြန်လည်ရုပ်သိမ်းလာခြင်း၊ ရောင်းလိုအား များပြားလာပြီး ဝယ်လိုအား သုညနီးပါး ကျဆင်းသွားခြင်းတို့ကြောင့် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူတွေဟာ မိမိတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ခိုင်မာတဲ့ နိုင်ငံခြားငွေကြေးတွေဘက်ကို အလျင်အမြန် ပြောင်းလဲဝယ်ယူ စုဆောင်းလာကြတာ ရှိတယ်လို့ စျေးကွက်က သုံးသပ်ပါတယ်။
စစ်အုပ်စု ကျောထောက်နောက်ခံ လွှတ်တော်မှာ ဗဟိုဘဏ်က ဘက်ဂျက်လိုငွေတွေ ပြနေမှုနဲ့ အစိုးရက ဗဟိုဘဏ်ကနေ ဘီလီယံ ၂,၀၀၀ ကျော် ထုတ်ချေးမဲ့ အစီအစဥ်ကလည်း ငွေကြေးစျေးကွက်အတွင်း သက်ရောက်မှု ရှိစေခဲ့တယ်လို့ နောက်ထပ်ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူ တယောက်ကလည်း ပြောပါတယ်။
ရန်ကုန်က ငွေကြေးဈေးကွက် လေ့လာသူတယောက်က “ဆောက်လုပ်ရေးလုပ်ငန်းက လဲပြိုသွားတယ်။ ဒီတော့ အိမ်ခြံမြေသမားက ဒီဘက်လှည့်လာတော့တာပါပဲ။ ရွှေစျေးလည်း လှုပ်လာပြီ၊ နောက်ပြီး အိမ်ခြံမြေဘက်မှာ ပိုက်ဆံတွေ အေးခဲနေပြီး လှုပ်ရှားမှုမရှိတော့တဲ့အတွက် ကုန်သည်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေက ဒေါ်လာနဲ့ ရွှေဘက်ကို ပိုင်ဆိုင်မှုတွေ ပြောင်းကြတာ သဘာဝပါပဲ။ အခု အိမ်ခြံမြေ အရောင်းအဝယ် ပါးသွားတာနဲ့အမျှ ဒေါ်လာဝယ်လိုအားက ရုတ်တရက် ခုန်တက်သွားတော့ ဈေးက တားမနိုင်ဆီးမရ ဖြစ်သွားတာ” လို့ သုံးသပ်ပြောပါတယ်။
ဒါ့အပြင် ပြည်တွင်းစီးပွားရေး မရေရာမှုများနဲ့အတူ ဘဏ်စနစ်အပေါ် ယုံကြည်မှု လျော့နည်းလာခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာခြင်းတို့ကလည်း ဒေါ်လာဈေးနဲ့ ရွှေဈေးကို တပြိုင်နက်တည်း ထိုးတက်စေတဲ့ အဓိကအကြောင်းအရင်းတွေလို့ ဆိုပါတယ်။
လက်ရှိမှာ ဒေါ်လာဈေး မြင့်တက်လာမှုကြောင့် ပြည်ပကနေ တင်သွင်းနေရတဲ့ စက်သုံးဆီ၊ စားသောက်ကုန်နဲ့ အခြေခံလူသုံးကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေပါ ထပ်မံမြင့်တက်လာနိုင်ခြေ ရှိနေတဲ့အတွက် ပြည်သူတွေအကြား ကုန်ဈေးနှုန်း ဝန်ထုပ်ဝန်ပိုးအတွက် စိုးရိမ်ပူပန်မှုတွေပါ ဖြစ်ပေါ်နေပါတယ်။











