
ကမ္ဘာ့ရွှေဈေးဟာ တနှစ်ကျော်အတွင်း အနိမ့်ဆုံးအဖြစ် တအောင်စကို ဒေါ်လာ ၃,၈၀၀ အောက်အထိ ထိုးဆင်းသွားခဲ့ပေမဲ့ ပြည်တွင်းရွှေဈေးကတော့ သိသိသာသာ ကျဆင်းခြင်းမရှိဘဲ ဆက်လက်မာနေဆဲ ဖြစ်ပါတယ်။
အမေရိကန်ဗဟိုဘဏ် (Fed) က အတိုးနှုန်းတွေ ဆက်လက်မြှင့်တင်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေကြောင့် ဒေါ်လာဈေးအားကောင်းလာပြီး ကမ္ဘာ့ရွှေဈေးက တရက်အတွင်း ၂ ရာခိုင်နှုန်းကျော်အထိ ထပ်မံကျဆင်းသွားခဲ့တာပါ။
ဒါပေမဲ့ ပြည်တွင်းဈေးကွက်မှာတော့ ပြင်ပဒေါ်လာငွေလဲနှုန်းက ၅,၀၀၀ ကျပ်ဝန်းကျင်အထိ မြင့်တက်နေတဲ့အတွက် အခေါက်ရွှေတကျပ်သား ရောင်းဈေးဟာ လက်ရှိမှာ ကျပ် ၁၀၃ သိန်း ဝန်းကျင်မှာပဲ ရှိနေပါတယ်။
ကမ္ဘာ့ရွှေဈေး အကျနှုန်းနဲ့ နှိုင်းယှဉ်ရင် ပြည်တွင်းရွှေဈေး အကျနှုန်းက သိသိသာသာ နည်းနေပြီး ပြည်တွင်းမှာ ဒေါ်လာဈေး ၅,၀၀၀ ဝန်းကျင်မှာ မာနေတဲ့အတွက် ကမ္ဘာ့ရွှေဈေးကျသလောက် ပြည်တွင်းရွှေဈေး လိုက်မကျတာဖြစ်တယ်လို့ ဈေးကွက်လေ့လာသူတွေက ဆိုပါတယ်။
ဒါ့အပြင် ပြည်တွင်းရွှေဈေးဟာ ဝယ်လိုအား၊ ရောင်းလိုအား အခြေအနေတွေအပေါ် မူတည်နေတဲ့အပြင် နိုင်ငံရဲ့ ဘတ်ဂျက်လိုငွေပြမှုနဲ့ အစိုးရအသုံးစရိတ် မြင့်တက်မှုတွေကြောင့် ငွေကြေးဖောင်းပွမှုအပေါ် စိုးရိမ်ချက်တွေ ဆက်ရှိနေတာကလည်း ရွှေကို တန်ဖိုးထိန်းသိမ်းတဲ့ ပိုင်ဆိုင်မှုတခုအဖြစ် ဝယ်ယူစုဆောင်းလိုမှုကို အားပေးနေတဲ့အတွက် ကမ္ဘာ့ဈေးအတိုင်း တိုက်ရိုက်အချိုးကျ လိုက်ကျဖို့ မလွယ်ကူဘူးလို့လည်း ဈေးကွက်စောင့်ကြည့်သူတွေက ဆိုကြပါတယ်။











