
မြန်မာပြည်တွင်းဈေးကွက်မှာ အမေရိကန်တဒေါ်လာ ရောင်းဈေးက ကျပ် ၄,၉၅၀ နဲ့ ဝယ်ဈေးက ကျပ် ၄,၈၄၀ အထိ မြင့်တက်လာပြီး ကျပ်ငွေတန်ဖိုး ဆက်လက်ကျဆင်းနေတယ်လို့ ဈေးကွက် အတွင်းက သိရပါတယ်။
၂၀၂၄ ခု နှစ်ကုန်ပိုင်းကစပြီး တဒေါ်လာကို ကျပ် ၄,၃၀၀ ကနေ ၄,၄၀၀ ဝန်းကျင်မှာ အချိန် ကြာမြင့်စွာ တည်ငြိမ်နေခဲ့တဲ့ ဒေါ်လာဈေးဟာ ၂၀၂၆ ခုနှစ် အောက်တိုဘာလကစပြီး တဖြည်းဖြည်း မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ အခု နိုဝင်ဘာလအတွင်းမှာတော့ ကျပ် ၄,၉၀၀ အထက်ကို ရောက်ရှိလာတာပါ။
နိုဝင်ဘာ ၁၁ ရက်မှာ တဒေါ်လာရောင်းဈေးက ကျပ် ၄,၈၅၀ နဲ့ ဝယ်ဈေးက ကျပ် ၄,၇၂ ဝန်းကျင်သာ ရှိခဲ့ရာက ရက်ပိုင်းအတွင်း ၄,၉၀၀ အထက်အထိ လျင်မြန်စွာ မြင့်တက်လာခဲ့တာဖြစ်တယ်။
ကမ္ဘာ့ဈေးကွက်မှာလည်း အမေရိကန်ရဲ့ ငွေကြေးဖောင်းပွမှုအခြေအနေနဲ့ ဗဟိုဘဏ် (Fed) ရဲ့ အတိုးနှုန်းဆိုင်ရာ သဘောထားတွေကြောင့် ဒေါ်လာတန်ဖိုး ခိုင်မာနေတယ်လို့ လေ့လာသူတွေရဲ့ သုံးသပ်ချက်အရ သိရပါတယ်။
ပြည်တွင်းမှာတော့ ဒေါ်လာဈေးမြင့်တက်လာမှုဟာ သွင်းကုန်လုပ်ငန်းတွေအတွက် ကုန်ကျစရိတ် တွေကို ပိုမိုမြင့်တက်စေနိုင်ပြီး ပြည်ပကတင်သွင်းရတဲ့ စက်သုံးဆီ၊ ဆေးဝါး၊ စားသုံးဆီနဲ့ တခြားလူသုံးကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းအပေါ်လည်း သက်ရောက်မှုရှိလာနိုင်တယ်။
ဒါ့အပြင် ကုန်ကြမ်းနဲ့ သွင်းကုန်ပစ္စည်းတွေအတွက် နိုင်ငံခြားငွေလိုအပ်ချက်ရှိနေတဲ့ ပြည်တွင်း လုပ်ငန်းတွေမှာလည်း ကုန်ကျစရိတ်ပိုမိုမြင့်တက်လာနိုင်ပြီး လုပ်ငန်းလည်ပတ်မှုအပေါ် ဖိအား ဖြစ်စေနိုင်တယ်လို့ ဈေးကွက်အတွင်း သုံးသပ်မှုတွေရှိနေပါတယ်။
ကျပ်ငွေတန်ဖိုးကျဆင်းမှုနဲ့ ဒေါ်လာဈေးမြင့်တက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေပါက ပြည်တွင်း ကုန်ဈေးနှုန်းတွေအပေါ် သက်ရောက်မှု ပိုမိုကြီးမားလာနိုင်တယ်လို့လည်း လေ့လာသူတွေက သုံးသပ် ပါတယ်။











